Latest News

Sunday, March 12, 2017

ရတနာများနှင့် ဆက်သွယ်ခြင်း

ရတနာများနှင့် ဆက်သွယ်ခြင်း

စိတ်ဝင်စားစိတ်ကို ဖွင့်ဟခြင်း

အောက်က အချက်တွေက ကလေးငယ်တို့ရဲ့ စိတ်ဝင်စားမှု၊ ဝါသနာသော့အိမ်ကို အချိန်မလင့်ခင် ဖွင့်ပေးနိုင်ပါလိမ့်မယ်။

(၁) အချိန်တိုင်း ဂရုပြုပေးပါ

တကယ်လို့ သင်ဂရုပြုခဲ့ရင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေထဲမှာ ဘယ်အရာတွေက ကလေးတွေကို စိတ်ဝင်စားမှု ရှိစေသလဲဆိုတာကို အလွယ်တကူ သင်တွေ့ပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် ဥယျာဉ်ခြံထဲမှာ လှပတဲ့ပင့်ကူအိမ်တစ်ခုကို တွေ့တယ်ဆိုပါစို့။ ကလေးငယ်တွေရဲ့ "ဟာ.. လှလိုက်တဲ့ ပင့်ကူအိမ်လေး"ဆိုတဲ့ စကားရဲ့နောက်မှာ မေးခွန်းပေါင်းမျိုးစုံ ကပ်ပါလာတတ်ပါတယ်။

"ဒါဟာ ဘာပင့်ကူပါလိမ့်"

"ဘာဖြစ်လို့ ဒီနေရာမှာ အိမ်ဖွဲ့တာပါလိမ့်"

"မိုးတွေလေတွေ ဒီလောက်ပြင်းတာတောင် ပင့်ကူအိမ်လေး ဘာကြောင့် မပျက်စီးသွားပါလိမ့်"

"တခြားနေရာမှာလည်း ရှိမရှိ ရှာကြည့်ရအောင်"

ဒါဟာ သူတို့ရဲ့စူးစမ်းလိုစိတ်ပါ။
စူးစမ်းစိတ် မပြင်းထန်တဲ့အခါ မေးကြည့်ရုံလောက်နဲ့ပဲ သူတို့ပြီးသွားပါလိမ့်မယ်။ တကယ့်သိလိုစိတ် ပြင်းပြလာတဲ့အခါ လေးလေးနက်နက် သူတို့မေးပြီး အဖြေရှာပါလိမ့်မယ်။ ကြာလာရင် ဒါဟာသူတို့ရဲ့ ထူးခြားတဲ့အရည်အချင်းဖြစ်သွားနိုင်ပါတယ်။

(၂) အားပေးခြင်းမှာ မတွန့်တိုပါနဲ့

စိတ်ဝင်စားတာကနေ ထူးခြားတဲ့အရည်အချင်းအဖြစ် ပြောင်းသွားတာဟာ အားပေးခြင်းတွေကြောင့်လည်း ပါပါတယ်။

လက်တွေ့အားပေးခြင်း--- ဥပမာ- ပင့်ကူကို အသေအချာကြည့်ဖို့ သူ့ကို မှန်ဘီလူးတစ်စုံဝယ်ပေးမယ်။

စကားနဲ့အားပေးခြင်း --- ဥပမာ- ဉာဏ်ကောင်းကြောင်း၊ တော်ကြောင်းချီးကျူးမယ်။

အပြုအမူနဲ့အားပေးခြင်း --- ဥပမာ- ခေါင်းကိုပွတ်သပ်ပေးမယ်၊ ပွေ့ဖက်မယ်။

တကယ်လို့ သင်ဟာ ကျွန်တော့်လို ကလေးနဲ့အတူ အစားမေ့၊ အအိပ်မေ့ လေ့လာမှုတွေပြုမယ်ဆိုရင် ကလေးရဲ့စိတ်ဝင်စားမှုကို ပိုနှိုးဆွနိုင်ပါလိမ့်မယ်။

(၃) ခါးကို ကုန်းညွှတ်ပါ

လူကြီးတွေရဲ့လောက,က သိပ်မြင့်လွန်းတော့ ကလေးတွေရဲ့မြင်ကွင်းကို ကြည်ကြည်လင်လင် မမြင်နိုင်ဘူး။ သင့်ခါးကိုညွှတ်ချပြီး ကလေးတွေရဲ့အမြင်မှာ ဘာထူးခြားဆန်းသစ်မှုရှိသလဲဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော့်သားက ခရုလေးတွေကို နှစ်သက်တယ်။ ခရုတွားနေတာကို တစ်နာရီလောက် သူစိုက်ကြည့်နိုင်တယ်။ တစ်ခါတလေ သူမေးလိုက်တဲ့မေးခွန်းတွေက ပညာသားပါတယ်။

"ခရုငယ်လေး ဒီနေရာကနေ ဟိုနေရာကိုရောက်ဖို့ အချိန်ဘယ်လောက်ယူရသလဲ"

"သားခြေတစ်လမ်းလှမ်းရင် ခရုဘယ်နှလမ်း လှမ်းရမလဲ"

"ခရုလေးတွေ ဘာစားသလဲ"

"ဘယ်လို စားလဲ"

သားက သူ့အစ်မနဲ့အတူ စားပွဲခုံအောက်မှာ ပိုးဟပ်လေးတွေကို လိုက်ရှာရတာနှစ်သက်တယ်။ ပြီးတော့ စားပွဲခုံအောက်မှာ သူတို့တွတ်ထိုးနေတတ်တယ်။ တစ်နေ့မှာ ကျွန်တော်ဒူးထောက်ကြည့်တော့ စားပွဲခုံအောက်မှာ ထူးခြားတဲ့သီးခြားကမ္ဘာလေးရှိတာကို တွေ့လိုက်ရတယ်။

(၄) ကလေးစကားနားထောင်ပါ

ဒဿနိကပညာရှင်တစ်ဦးက ပြောတယ် "ကိုယ့်ကို နားအလည်နိုင်ဆုံးလူက ကိုယ်ကိုယ်တိုင်ပါ"တဲ့။ ဒီစကားရဲ့အဓိပ္ပာယ်က ကလေးစကားကို နားထောင်ကြည့်ပါလို့ ကျွန်တော်နားလည်လိုက်တယ်။

ဆေးရုံမှာ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်က ဆေးကျောင်းပြီးစ စိတ္တဇလူနာတစ်ဦးနဲ့ဆုံခဲ့တယ်။ အဖြစ်အပျက်အလှည့်အပြောင်းကို ကျွန်တော်သိချင်လို့ အဲဒီလူနာနား ကျွန်တော်နေ့တိုင်းကပ်ခဲ့တယ်။ စစချင်းမှာ သူက ကျွန်တော့်ကို အနားကပ်မခံဘူး။ နောက်တော့ ရှေးဟောင်းဂီတတွေ သူနှစ်သက်တတ်မှန်းသိတော့ ရှေးဟောင်းသီချင်းတွေကို ကျွန်တော်လေ့လာပြီး သူနဲ့အတူ ဂီတအကြောင်းတွေပြောတယ်။ နောက်ဆုံးမှာ သူ့စိတ်ထဲ ကျွန်တော်တကယ်ဝင်နိုင်ခဲ့ပါတယ်။

အဲဒီမှာ ထိတ်လန့်စရာကောင်းတဲ့ သူ့နောက်ကြောင်းတွေကို သေသေချာချာ သိခဲ့ရတယ်။ သူဟာ မူလတန်းကနေ အထက်တန်းပြီးတဲ့အထိ အတန်းထဲမှာ အဆင့်နှစ်လုံးဝမရခဲ့ဖူးသူပါ။ အဆင့်တစ်နဲ့ ဆေးကျောင်းထဲ သူချောချောမောမော ဝင်ရောက်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကြီးမှာ စိတ်ဖိအားတွေနဲ့ သူရင်ဆိုင်ခဲ့ရတယ်။ နောက်တော့ သည်းမခံနိုင်တဲ့အဆုံး ဒီအဆင့်ကို သူရောက်ခဲ့တာပါပဲ။ တကယ်လို့ အစကတည်းက သူရွေးခဲ့တဲ့ကျောင်းဟာ ဂီတကျောင်းဖြစ်မယ်ဆိုရင် သူဒီလိုဖြစ်သွားနိုင်မှာ မဟုတ်ပါဘူးတဲ့။ သူ့မိဘထင်တာက ဆေးပညာလမ်းဟာ လမ်းဖြောင့်လမ်းကောင်းတစ်ခုပေါ့။ ဒါပေမဲ့ ကောင်းတယ်ဆိုတိုင်း လမ်းမှန်မဟုတ်ခဲ့တော့ သူ့အတွက် လမ်းတိုဖြစ်သွားခဲ့ရတယ်။ သူ့အတွက် လမ်းမှန်ကဂီတလမ်းတဲ့.. ဒါပေမဲ့ အသိနောက်ကျခဲ့ပါတယ်။

ကလေးတွေမှာ ပြောစရာစကားရှိလာတဲ့အခါ သူတို့စိတ်ထဲကစကားကို လူကြီးတွေ ဆိတ်ဆိတ်နားထောင်ပေးခဲ့ဖူးပါသလား.....

(၅) တင့်သင့်တဲ့ ချီးမြှောက်မှုလုပ်ပါ

ကလေးတွေက သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာနိုင်သူတွေပါ။ သစ်ပင်ကြီးတစ်ပင်ဖြစ်လာဖို့ သင်ဘယ်လိုပြုစုပျိုးထောင်သလဲ၊ ဘယ်လိုမြေသြဇာပေးသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

ထမင်းဟင်းချက်တာ ဝါသနာပါတဲ့ သမီးကို ကျွန်တော်က ဒီလိုချီးမွမ်းတတ်ပါတယ်။

"ဟင်းက မွှေးကြိုင်နေတာပဲ.. နတ်သမီးချက်တဲ့ နတ်သုဒ္ဓါဆိုတာ ဒီလိုဟင်းမျိုးလား"

သူစန္ဒားယားတီးသင်တော့ စန္ဒားယားကျင့်ဖို့ ကျွန်တော်မတိုက်တွန်းတတ်ဘူး။ ဒါပေမဲ့ မျှော်လင့်ချက်ပါတဲ့စကားမျိုးကို ကျွန်တော်ပြောတတ်တယ်။

"ဒီနေ့ သမီးရဲ့နားဝင်ချိုချိုလက်သံကို ခံစားခွင့်ရနိုင်မလား"

တစ်ခါတလေ သူက "ဒီနေ့ ကံမကောင်းပါဘူး"လို့ ပြောတတ်သလို "ဒီနေ့ ဖေဖေကို ခံစားခွင့်ရစေမယ်" လို့ ပြောတတ်တယ်။ စန္ဒားယားပညာရှင်တစ်ယောက် သူ မဖြစ်နိုင်ပေမယ့် စန္ဒားယားကို သူအရမ်းနှစ်သက်တယ်လို့ ကျွန်တော်ပြောရဲတယ်။ အနည်းဆုံးတော့ သူ့ကိုယ်သူ ဖြေဖျော်နိုင်တာပေါ့။

သားက ကျွန်တော်လိုဥယျာဉ်ထဲ အချိန်ကုန်ရတာကို နှစ်သက်သူဖြစ်တယ်။

"ဒီဥယျာဉ်တော့ သားမရှိလို့မဖြစ်ဘူး။ ကြည့်စမ်း... လိပ်ပြာလေးတွေကလည်း သားကိုချစ်တယ်၊ ပုစဉ်းလေးတွေကလည်း သားကိုနှစ်သက်တယ်၊ ငှက်ကလေးတွေတောင် သားအတွက် သီချင်းတွေဆိုလို့.."

သမီးဆွဲတဲ့ ပုံတွေက အရမ်းကောင်းတယ်။ သားရဲ့လက်ရာကတော့ သမီးလက်ရာနဲ့ လုံးဝဆန့်ကျင်ဖက်ပေါ့။ တစ်နေ့မှာ သားကို ကျွန်တော်က "ဖေဖေ လေ့လာကြည့်ရှုမိသလောက်တော့ သားလက်ရာကလည်း မဆိုးဘူးပဲ။ ဖေဖေရဲ့အထင်ကို သားသက်သေပြနိုင်မလား" လို့ပြောလိုက်တယ်။ အဲဒီနောက် သားရဲ့လက်ရာတွေ တိုးတက်ကောင်းမွန်လာခဲ့တယ်။

တင့်သင့်တဲ့ချီးမြှောက်မှုတွေက သားသမီးတွေကို ပညာရှင်ဖြစ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကိစ္စရပ်ကို ပိုစိတ်ဝင်စားအောင်၊ ပိုစိတ်အားထက်သန်အောင်၊ ကိုယ့်ကိုယ်ကို ပျော်ရွှင်တတ်အောင် လုပ်လိုက်တာပါပဲ။

လူတစ်ဦးဟာ ပင်စင်ယူပြီးနောက် အားလပ်ချိန်တွေမှာ မီးခြစ်ဆံချောင်းလေးတွေနဲ့ ကျောင်းဆောင်တစ်ခုဆောက်ခဲ့တယ်။ သတင်းထောက်က သူ့ကို ဘယ်လို ဆောက်နိုင်ခဲ့သလဲလို့မေးတော့.. စိတ်ဝင်စားမှုကြောင့်ပါတဲ့။

ဒါကြောင့် အက်ဒီဆင်ကပြောခဲ့ဖူးတယ်။
"ကျွန်တော့်မှာ ဘာထူးခြားတဲ့ပါရမီမှ မရှိခဲ့ပါဘူး။ ပြင်းပြတဲ့ သိလိုစိတ်ကြောင့်ပါ" လို့ဆိုတယ်။ ဒီနေရာမှာ စိတ်ဝင်စားမှုကို ဆိုလိုတာဖြစ်တယ်။

စိတ်ဝင်စားမှုက ဒီလောက်ပဲ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ လူတိုင်းလည်း မရှိတဲ့အဖြစ်ကနေ ရှိတဲ့အဖြစ်ဖြစ်အောင်၊ လှပတဲ့လူ့ဘဝကို ဖန်တီးနိုင်အောင် စိတ်ဝင်စားမှုက လုပ်ဆောင်နိုင်ပါလိမ့်မယ်။
.
မူရင်း -- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=270113&mid=0&page=21

နိုင်းနိုင်းစနေ (Saturday, December 03, 2011)

No comments:

Post a Comment