Latest News

Wednesday, March 8, 2017

ရခိုင်ကမ်းရိုးတန်းမှ ထွက်သော အုန်းသီးများ ထိုင်းနိုင်ငံရှိ Three Eyes ကုမ္ပဏီက ၀ယ်မည်

ရခိုင်ကမ်းရိုးတန်းမှ ထွက်သော အုန်းသီးများ ထိုင်းနိုင်ငံရှိ Three Eyes ကုမ္ပဏီက ၀ယ်မည်

ကျောက်ဖြူ ၊ ၈-၃-၂၀၁၇
.
မြန်မာနိုင်ငံ၌ အုန်းသီးအများဆုံး ထွက်သည့် ရခိုင်ကမ်းရိုးတန်း ဒေသမှ အုန်းသီးအလုံးရေ ငါးသန်းကို ထိုင်းနိုင်ငံ အုန်းနို့ ထုတ်လုပ်သည့် Three Eyes ကုမ္ပဏီက နှစ်စဉ်ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။
.
Three Eyes ကုမ္ပဏီသည် အုန်းနို့အပြင် အိမ်မိုးသွပ်ပြားနှင့် တခြားလူ့ အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်ကာ လိုအပ်သော အုန်းသီးများ အလုံအလောက် ရရှိရေးအတွက် အုန်းသီး အများအပြား ထွက်သည့် မြန်မာနိုင်ငံသို့ လာရောက် ဝယ်ယူရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့ပြင် ရခိုင်ပြည်နယ်မှ အုန်းသီးများ လိုသလောက်ရရှိနိုင် မည်ဆိုပါက အုန်းနို့ စည်သွတ်ဘူး စက်ရုံကို ရခိုင်ပြည်နယ်၌ ဖွင့်လှစ်နိုင်ရန် အထိ စီစဉ်လျက်ရှိပြီး အိမ်မိုးသွပ်ပြား စက်ရုံကိုလည်း ဖွင့်လှစ်နိုင်ရန် Three Eyes ကုမ္ပဏီက ရခိုင်ပြည်နယ် အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ထားသည်။
.
''ရခိုင်ပြည်နယ်ကနေ တစ်နှစ်ကို အုန်းသီးအလုံးရေ ငါးသန်းအထိ ဝယ်ယူဖို့ မျှော်မှန်းထားပါတယ်။ အုန်းသီးရဲ့ အရည်အသွေးကို နမူနာယူသွားပြီးတော့ အုန်းနို့ပါဝင်မှုအပေါ် မူတည်ပြီး ဝယ်ယူမှာပါ။ ဈေးနှုန်းကို ပေါက်ဈေးအတိုင်း ပေးပြီး ဝယ်မှာပါ။ အခွံနွှာပြီးသား အုန်းသီးတစ်လုံးက အနည်းဆုံး ၁ ကီလိုဝန်းကျင် ရှိရပါမယ်'' ဟု Three Eyes ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်တို့နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ တချို့ရှိ မြို့နယ်များ၌ အုန်းသီးအများအပြား ထွက်ရှိသော်လည်း အုန်းဆီ ထုတ်လုပ်ခြင်းနှင့် စားသုံးကုန် အဖြစ်သာ အသုံးပြုကြပြီး တခြားဝင်ငွေ ရရှိသည့် ကုန်ကြမ်းများအဖြစ် အသုံးပြုလေ့ မရှိကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)
.
Themyawadydaily

No comments:

Post a Comment