Latest News

Wednesday, March 8, 2017

စနစ်သစ်ကြောင့် ကုန်သွယ်မှု အခွန်ငွေ ၁၂၀ ရာခိုင်နှုန်း ပိုမိုရရှိ

စနစ်သစ်ကြောင့် ကုန်သွယ်မှု အခွန်ငွေ ၁၂၀ ရာခိုင်နှုန်း ပိုမိုရရှိ

ရန်ကုန်၊ မတ် ၇

ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ် (MACCS) ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယင်းစနစ်ကြောင့် ကုန်သွယ်မှုကဏ္ဍမှ အခွန်ဘဏ္ဍာငွေ ရရှိမှုမှာ ၁၂၀ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

MACCS စနစ်သုံးစွဲမှုမှာ သုံးလကျော် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မတ်လ ၇ ရက်နေ့က MACCS စနစ် အသုံးပြု ဆောင်ရွက်နေမှု အခြေအနေ များနှင့် Private User များ ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်း ဆောင်ရွက်ပေးမည့် “Seminar on MACCS Review & Resolution for Private Users”ကို အကောက်ခွန် ဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“ဒီစနစ်ကို သုံးလိုက်တဲ့အတွက် ကျဆင်းသွားတာ တစ်ခုမှ မရှိပါဘူး။ အကောက်ခွန် ကြေညာလွှာ တင်သွင်းတာရော၊ အခွန်ဘဏ္ဍာရရှိမှု အပိုင်းရော၊ Trade Volume ရော တက်လာတယ်။ User ပိုင်းက ကျွမ်းကျင်မှု အားနည်းပြီး ကြေညာလွှာ တင်သွင်းတဲ့အခါ အခက်အခဲလေးတွေတော့ ရှိတယ်”ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

MACCS စနစ် အသုံးပြုသူများ၏ ကျွမ်းကျင်မှု အားနည်းချက်ကြောင့် အမှားအယွင်းများ ဖြစ်ပေါ်ကာ တင်သွင်းသည့် ကုန်ပစ္စည်းများ ထုတ်ယူရာတွင် တစ်ရက်မှ နှစ်ရက်အထိ ကြာမြင့်မှုများ ရှိကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် သုံးစွဲသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် နားလည်မှု လွဲမှားမှုများကို ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

MACCS စနစ်ကို ဂျပန်နိုင်ငံ၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု ဂျပန်ယန်း ငွေသန်း ၃၉၉၀ ဖြင့် ရန်ကုန်မြို့အတွင်းရှိ လေဆိပ်၊ ဆိပ်ကမ်းနှင့် သီလဝါ အထူး စီးပွားရေးဇုန်တို့တွင် စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် မြဝတီနယ်စပ်ဂိတ်၌ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် ယခုလမှစတင်ကာ စစ်တမ်းများ ကောက်ယူနေပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

J-11

The Voice

No comments:

Post a Comment