Latest News

Wednesday, March 8, 2017

တောင်ကိုရီးယားနိုင်ငံ ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှုအား တရုတ်ဆန့်ကျင်

တောင်ကိုရီးယားနိုင်ငံ ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှုအား တရုတ်ဆန့်ကျင်
 
တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၇ ရက်နေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုကို ကိုးကားပြီး အစိုးရပိုင် ရုပ်သံမှာ ဖော်ပြခဲ့ပြီး ဒီ THAAD ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားမှာ လာတပ်တာဟာ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်ဖို့ပဲရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီ ဒုံးခွင်းဒုံးစနစ်တပ်ဆင်လို့ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဘာတခုမှ အကျိုးပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ သူတို့ရဲ့လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ခွင့်ရှိပေမယ့် တခြားတနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဆက်ဆံရေးတွေ ထပ်ပြီး မထိခိုက်ရအောင် ဒီ THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်နေတာကို တောင်ကိုရီးယားနိုင်ငံက ရပ်ဆိုင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ဒီ THAAD ဒုံးခွင်းဒုံးစနစ်ကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ၂ နိုင်ငံ သဘောတူညီမှုနဲ့ တပ်ဆင်တာဖြစ်ပေမယ့် တောင်ကိုရီးယားတနိုင်ငံကိုပဲ တရုတ်နိုင်ငံက အဓိကကန့်ကွက် ဝေဖန်နေတာပါ။

နိုင်ငံရေးလေ့လာသူတွေကတော့ တရုတ်အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရသစ်နဲ့ နောက်ထပ်ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားချင်ပုံရတယ်လို့ ပြောဆိုကြပါတယ်။

DVB

No comments:

Post a Comment