Latest News

Wednesday, March 22, 2017

NLD တနှစ်ပြည့် အမေရိကန် သံအမတ်ဟောင်း၏ အကြံပြု ဝေဖန်ချက် ထွက်ပေါ်


(အောက်တွင် ရေးသားထားချက်များသည် အမေရိကန် သံအမတ်ဟောင်း Derek Mitchell မှ အမျိုးသား ဒီမိုကရေစီ အစိုးရ အတွက် စေတနာကောင်းဖြင့် ပြတ်ပြတ်သားသား သုံးသပ်ဝေဖန် အကြံပြုခဲ့တာ ဖြစ်ပါတယ်)

ယခု လကုန် တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သမိုင်းတွင်ခဲ့သည် နိုင်ငံတော် အာဏာကို လက်ခံရရှိခဲ့တာ တနှစ်ပြည်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့မှုကြောင့် ၀မ်းသာပိတိ ဖြစ်ခဲ့ကြသူများ အဖို့ဒီလို အထွတ်အထိတ် ရောက်အောင် နှစ်ပေါင်း ၂၅ နှစ် ခန့် လူ့အသက်ပေါင်းများစွာ စတေးပြီး ဒီမိုကရေစီ အရေး ငြိမ်းချမ်းရေး၊ တရားမျှတမှု ရရှိရေး အတွက် တိုက်ပွဲဝင်ခဲ့ကြရတဲ့ အဖြစ်ကို ဘယ်တော့မှ မေ့နိုင်ခဲ့ကြမှာလည်း မဟုတ်ပါဖူး၊

သို့သော်ငြားလည်း မနှစ်က နှစ်ဦးပိုင်းမှာ အမေရိကန် သံအမတ်အဖြစ် ကျွန်တော်တာဝန်ပြီးဆုံးလို့ ထွက်ခွာရျိန်မှာ ကျွန်တော့်လိုပဲ အခြား လူ အတော်များများက NLD အဖို့ ရှေ့မှာ လွန်စွာ ကြီးမားလှဖွယ်ရှိတဲ့ အခက်အခဲ တွေ ရင်ဆိုဖို့ ရှိနေတယ်ဆိုတာ ရှု့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတော် အာဏာကို ဆန့်ကျင်ခြင်း နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခြင်း ဆိုသည်တို့သည် လွန်စွာ ကွဲပြားခြားနားလှတဲ့ ကျွမ်းကျင်မှု ဖြစ်နေတာကြောင့် ကျွန်တော်အပါအ၀င် လုပ်ဖေါ်ကိုင်ဖက် အတော်များများက NLD အနေနဲ့ ၀န်ကြီးနေရာများကို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ဖြည့်ဆည်းနိုင်ပြီး တိုင်းပြည်ရဲ့ ကျယ်ပြန့်လှတဲ့ အုပ်ချုပ်ရေး ယန္တယားကြီးကို စီမံခန့်ခွဲနိုင်ပါ့မလား ဆိုတာ တွေးပြီး ပူပန်ခဲ့ကြပါတယ်။ ပူပန်ရတဲ့ အကြောင်းကလည်း ရှိနေပါတယ်၊ ပါတီအနေနှဲ့ လွန်စွာမှ လုပ်ရည်ကိုင်ရည် အပြည့်အ၀ နဲ့ လည်ပါတ်နေတဲ့ အစိုးရ ယန္တယားတခုကို အမွေဆက်ခံခဲ့ရတာ မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ ထိုစဉ်က အစိုးရအနေနဲ့ သိသိသာသာ နိမ့်ကျ အရည်အချင်းမမှီတဲ့ အစိုးရ ယန္တယား မျိုးသာ လည်ပါတ်နေပြီး များသော အားဖြင့်လည်း စစ်တပ်အတွင်းက လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း အကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှု နဲ့ဖေးဖေးမမ ဆောင်ရွက်နေကြတာ များပါတယ်။

နှစ်ပေါင်း ငါးဆယ်ကျော် စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်း၊ ပြည်တွင်းစစ်ပွဲများနဲ့ စစ်တပ်မှ လွဲ၍ နိုင်ငံတွင်းရှိ အဖွဲ့အစည်း အားလုံးလိုလို အောက်တန်း နောက်တန်း ရောက်နေရမှုတွေ အားလုံးကို ရွေးကောက်ပွဲ တခုတည်းနဲ့ ဖယ်ရှားပြစ်နိုင်မှာ မဟုတ်ပါဖူး။ ဒါတင်မကသေးပါဖူး လူမှု ဆက်ဆံရေးမှာ ကွဲပြားခြားနားနေကြခြင်း၊ အချင်းချင်း မယုံမကြည်ဖြစ်နေကြခြင်း နဲ့ အကျင့်ပျက် ခြစားခြင်း ဆိုတဲ့ ဆိုးမွေများကို လည်း အလားတူ ပပျောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဖူး၊ ရွေးကောက်ပွဲဆိုတဲ့ ဒီမိုကရေစီ အခါသာမယ ဖြစ်ပေါ်လာတာလေး တခုတည်း နဲ့တော့ ပူးပေါင်းဆောင်ရွက်ခြင်း နဲ့ ရင်ကြားစေ့ရေးဆိုတဲ့ ဒီမိုကရေစီ ခံယူချက်တွေကို ဖြစ်ပေါ် ဖန်တီးနိုင်မယ်လို့ ယူဆလို့ မရပါဖူး၊ မြန်မာနိုင်ငံလို ကွဲပြားခြားလှတဲ့ နိုင်ငံ အဖို့လည်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး နဲ့ ညီညွတ်ရေး ရရှိဖို့ မရှိမဖြစ် လိုအပ်နေတဲ့ အပြန်အလှန် အပေးအယူနဲ့ လိုက်လျောမှုရရှိဖို့ဆိုတာ လွယ်လွယ်နဲ့ တည်ဆောက်လို့ မရနိုင်ပြန်ပါဖူး။

ဒါပေမယ့် အဓိက မေးခွန်းထုတ်ဖို့ ဖြစ်လာရတာကတော့ တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အရပ်သား အစိုးရအနေနဲ့ စစ်တပ်အပေါ် ထိမ်းချုပ်ခွင့် ပေးမထားတဲ့ အပြင်၊ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ရေးကလည်း စစ်တပ်ရဲ့ ထောက်ခံမှု လိုနေပြန်ပြီး စစ်တပ်ကိုယ်စားလှယ်တွေကို အမတ်ဦးရေ ရဲ့ ၂၅% လွှတ်တော်ထဲမှာ ခွင့်ပြုထားခဲ့ပြန်ပါတယ်။

ဖွဲ့စည်းပုံအရကလည်း ကာကွယ်ရေး၊ နယ်ခြားလုံခြုံရေး နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနများကို စစ်တပ်ရဲ့ သြဇာ သက်ရောက်ခွင့်ပြုထားပြန်ပါသေးတယ်။ လက်တွေ့မှာ တပ်မတော်က ရဲဌာနများအပြင် အရပ်ဖက်အစိုးရ၏ အောက်ခြေ အဆင့်အထိ ထုတ်ပြန်ထားတဲ့ မူဝါဒများနဲ့ ညွှန်ကြားချက်များကို အကောင်အထည်ဖေါ်ပေးရတဲ့ အထွေထွေ အုပ်ချုပ်မှု ဦးစီးဌာနကို ထိမ်းချုပ်ခွင့် ရရှိသွားပါတယ်။ ထို့အတွက် သဘာဝကျလှစွာ မေးခွန်းထုတ်စရာ ဖြစ်လာရတာက NLD အနေနဲ့ ၎င်းတို့ရဲ့ ညွှန်ကြားချက်များကို အဆင့်ဆင့် နာခံပြီး အကောင်အထည်ဖေါ်သွားဖို့ သေချာအောင် လုပ်နိုင်ပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးအပြင် အမျိုးသား လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အခြား ကိစ္စတွေမှာပါ စစ်တပ်ရဲ့ ဆောင်ရွက်မှုတွေကို ထိမ်းကြောင်း ကြပ်မတ်ပေးလို့ ရမရ ဆိုတာလည်း ပါဝင်နေပါတယ်။

ဒီလို ကန့်သတ်ချုပ်ချယ်ထားမှု ရှိနေတာကြောင့် မနှစ်က တနှစ်လုံး NLD ကို ထိထိရောက်ရောက် မလုပ်ကိုင်နိုင်အောင် ဟန့်တားထားသလို ဖြစ်လာစေခဲ့ပါတယ်။ အခုလိုအခြေအနေ တွေ အမွေဆက်ခံရမယ်ဆိုတာ NLD အနေနဲ့ သိရှိပြီး ဖြစ်တယ်လို့ ယူဆရပါတယ်။ အာဏာရပါတီ အနေနဲ့ ခေါင်းဆောင်လုပ်သူများရဲ့ တာဝန်ကတော့ ဒီလို စိမ်ခေါ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် မဟာဗျုဟာတွေ ဖေါ်ဆောင်လာဖို့နဲ့ တွေ့ရှိလာမယ့် အခက်အခဲများကို လိမ္မာပါးနပ်စွာ ပဲ့ကိုင်ထိန်းကျောင်းပြီး မိမိတို့ရဲ့ သက်တမ်းအတွင်း အောင်မြင်မှုများ ရရှိအောင်နဲ့ ပြည်သူတို့က မိမိတို့အပေါ်ထားရှိနေတဲ့ မြင့်မားလှတဲ့ မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့ ပဲ ဖြစ်ပါတယ်။

အခုလို အခက်အခဲ တွေ ရှိနေသော်ငြားလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့NLD အနေနဲ့ ၎င်းတို့ရဲ့ ပထမနှစ်အတွင်း သမိုင်းတွင်ရစ်မဲ့ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှုရဲ့ အရှိန်အဟုန်ကို အပြည့်အ၀ အသုံးချနိုင်ခဲ့ခြင်း ရှိမရှိ ဆိုတဲ့ မေးခွန်းတခုက ကျိုးကြောင်းဆီလျှော်စွာ ပေါ်ပေါက်လာခဲ့ရပါတယ်။ တကယ်တမ်း ပြောရပါက ပထမနှစ် သက်တမ်းဆိုသည်က သြဇာအာဏာ အရှိဆုံး အချိန်လည်း ဖြစ်ပြီး ရွေးကောက်ပွဲကနေ ပေးထားသော လုပ်ပိုင်ခွင့် အာဏာအပြည့်အ၀ကို တွန်းကန် မောင်းနှင့် အသုံးချဖို့ စိတ်ကူးစိတ်သန်း အမြင်တွေ ပုံဖေါ်ဖို့၊ နိုင်ငံရေးအရ မဟာမိတ်ပြု ပူးပေါင်းဖို့၊ ရှေ့လာမယ့် နှစ်များအတွက် အုပ်ချုပ်ရေး လမ်းကြောင်းကို ဖေါ်ဆောင်ဖို့ ပြိုင်ဖက်ကင်းတဲ့ အခွင့်အရေး တွေ ရရှိစေတဲ့ နှစ်လို့လည်း ပြောလို့ရပါတယ်။

ဖေဖေါ်ဝါရီ လအတွင်း က ကျွန်တော်အခု လုပ်ကိုင်နေတဲ့ United State Institute for Peace အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တယောက်အနေနဲ့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိခဲ့တဲ့ အတွက် NLD အနေနဲ့ တနှစ်တာကာလအတွင်း ဘာတွေ စွမ်းဆောင်နိုင်ခဲ့သလည်း ဆိုတာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။ ကျွန်တော်က သြဇာအာဏာရှိတဲ့ သူတွေဖြစ်တဲ့ အီလစ်တွေနဲ့ကော သာမန် နိုင်ငံသားတွေ နဲ့ ကော တွေ့ဆုံပြောဆိုကြရင်းနဲ့ NLD ရဲ့ သက်တမ်းအတွင်း သွားရာလမ်းကြောင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေမှုတွေနဲ့ စိုးရိမ်မကင်း ဖြစ်နေတာတွေကို ကြားသိခဲ့ရပါတယ်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ြခင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေခြင်းတို့နဲ့ ပါတ်သက်ပြီး ပြောစရာ မရှိသလောက် ဖြစ်ခဲ့ပေမယ့် ပါတီရဲ့ အုပ်ချုပ်မှု ပုံစံ နဲ့ လုပ်ငန်းစဉ်များအနေနဲ့ အနာဂါတ်မှာ အောင်မြင်မှုတွေ ဖေါ်ဆောင်နိုင်ပါ့မလားဆိုတဲ့ နေရာမှာ အများစုက မေးခွန်းထုတ်လာခဲ့ကြပါတယ်။

သူတို့ပြောနေတဲ့ စိုးရိမ်မကင်း ဖြစ်နေရမှုများက အဓိကနေရာတွေကို ခန့်အပ်ထားတဲ့ ၀န်ကြီးများမှ ထိထိရောက်ရောက် မလုပ်ကိုင်နိုင်ခြင်း၊ ရှင်းလင်းပြတ်သားတဲ့ စီးပွားရေး မူဝါဒများ မရှိခြင်း၊ စီးပွားရေး ပြဿနာများအပေါ် ဦးစားပေး အစီအစဉ်များ နေရာချထားခြင်း၊ ဆုံးဖြတ်ချက်တွေ အားလုံး ကြီးတာရော ငယ်တာရော ပါမကျန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ ရောက်သွားရအောင် ဖြစ်လာတဲ့ စွမ်းဆောင်ရည်မဲ့တဲ့ အုပ်ချုပ်နေမှုများ၊ မြို့ပြ အဖွဲ့အစည်းများနဲ့ မီဒီယာများအပေါ် အလေးဂရုမပြုခြင်း၊ လွတ်လပ်စွာ ပြောကြားခွင့်ကို ကန့်သတ်ထားတဲ့ ဆက်သွယ်ရေ ပုဒ်မ ၆၆(ဃ) လို အမွေဆက်ခံခဲ့ရတဲ့ ဥပဒေများကို အသုံးချပြီး ဖမ်းဆီး ထောင်ချနေမှုများ၊ မူဝါဒများအပေါ် လူထုရဲ့ ပြန်လှန် အကြံပြုမှုများကို ကြိုဆိုတဲ့ တသမတ်တည်း ရှိသင့်တဲ့ ပြည်သူများနဲ့ ဆက်သွယ်နေမှု မရှိခြင်း၊ လူထု ထောက်ခံမှုရအောင် မတည်ဆောက်နိုင်ခဲ့ခြင်း၊ နိုင်ငံရဲ့ အနာဂါတ်အပေါ် လူထုအား ဆွဲဆောင်ပြီး လက်ခံလာစေမယ့် အမြော်အမြင်များ ချမပြနိုင်ခြင်း တို့ ပါဝင်နေကြပါတယ်။

တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပါဝင်နေကြတဲ့ လူများက လုပ်ငန်းစဉ်များ နှေးကွေးနေမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌က တိုင်းရင်းသား လူမျိုးများနဲ့ ယုံကြည်မှု တည်ဆောက်လာနိုင်အောင် ပုံမှန် လူမသိသူမသိ သူမရဲ့ ပုဂ္ဂိုလ်ရေး အရ သံခင်းတမန်ခင်း ကို အသုံးချပြီး ဆောင်ရွက်ရေးမှာ လုံလုံလောက်လောက် အချိန်ပေးပြီး ရင်းနှီးမြုပ်နှံထားမှု မရှိခဲ့မှု၊ ပြီးပြည့်စုံတဲ့ နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေးနဲ့ အလုပ်ဖြစ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲ အလားအလာများ တိုးပွားလာအောင် အားဖြည့်မပေးနိုင်ခဲ့ခြင်း စသည်တို့ကို တွေ့ရှိခဲ့ရယ်လို့ ပြောဆိုခဲ့ကြပါတယ်။ NLD အနေနဲ့ စစ်တပ်အပေါ် သြဇာ မသက်ရောက်နိုင်မှုကို ၎င်းတို့က အသိအမှတ်ပြုခဲ့ကြသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ မကြာမီ က ဖြစ်ပေါ်ခဲ့တဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သားများအပေါ် အကြမ်းဖက်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမှုများ ကျယ်ပြန့်လာနေမှုအပေါ် သူမအနေနဲ့ မိမိရဲ့ ကိုယ်ပိုင် ခံယူချက် တရပ်အဖြစ် အဘယ်ကြောင့် ကန့်ကွက် မပြောဆို နိုင်ခဲ့ရသလဲ ဟု အတွေးတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။

နိုင်ငံတကာ အသိုက်အ၀န်း အနေနဲ့လည်း နိုင်ငံရေးအရ ချည်ပြီးတုတ်ပြီး အနေအထားမှာ ရောက်နေရတဲ့ အပြင် အရင် အစိုးရရဲ့ ဆိုးဝါးလှတဲ့ အမွေအနှစ်များ ဆက်ခံခဲ့ရတာကို အသိအမှတ် ပြုထားကြပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်လက်ပြီး အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေမှုများကြောင့် အရေးတကြီး ဖြစ်လာနေမှုများကို လက်ခံ ဆောင်ရွက်ရန် NLD အစိုးရရဲ့ အပြောနဲ့ အလုပ်မညီဖြစ်မှုများကို စိုးရိမ်မကင်း ဖြစ်လာရကြောင်း အလားတူ ထုတ်ဖေါ်ပြောဆိုလာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ ပြဿနာများကို အလွန်အရေးပါသော အမြင်တွေနဲ့ ကိုင်တွယ်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး၊ အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရေး၊ ကျေးလက် ဖွံ့ဖြိုးရေးနဲ့ အခြားအရေးပါလှတဲ့ စိမ်ခေါ်မှုများမှာ အောင်မြင်မှုတွေရရှိနေတာကို မသိကျိုးကျွံ လျစ်လျု ရှု့လို့ မဖြစ်ပဲ စိတ်ရှည်ကြဖို့ အကြံပေးကြမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များက အထူးကို ရှုတ်ထွေးပြီး အထိခိုက်မခံနိုင်တဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ဖြေရှင်းလို့ မရပါဖူး၊ အရပ်သား တွေ ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရ အသစ်နဲ့ ရှေးရိုး အမြင်များကို လက်မလွှတ်နိုင်တဲ့ စစ်တပ်အကြား သိမ်မွေ့စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေး စီမံနေရမှုများက လွန်စွာမှပင် ခက်ခဲပြီး အစွမ်းပြရမယ့် အရေး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက်လည်း မရှိမဖြစ် လိုအပ်နေပါတယ်။ အုပ်ချုပ်သူ အစိုးရအဖို့ ခက်ခဲကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင်ကြရာမှာ ဝေဖန်မှုတွေက ထွက်ပေါ်လာရစမြဲ ဖြစ်ပါတယ်။

သို့သော်ငြားလည်း NLD အနေနဲ့ စိတ်ရင်းကောင်းရှိကြတဲ့ မိတ်ဆွေများရဲ့ စိုးရိမ်မကင်း ပြောဆိုလာနေမှုများကို ဂရြုပူ နားထောင်ပြီး အလေးအနက် ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ မည်သူကမှ ပြဿနာများကို ညတွင်းချင်း ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်ခဲ့ကြပါဖူး။ NLD အပေါ် တုတ်နှောင်ထားမှုတွေက လွန်စွာ ပြင်းထန်နေတဲ့ အပြင် စိမ်ခေါ်မှုတွေက ထုနဲ့ထေး ဖြစ်နေမှုများကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြရင် မျှော်လင့်ချက်များကို ဖေးဖေးမမနဲ့ ထားလာကြမှာ ဖြစ်ပါတယ်။

သိုပေမယ့် နိုင်ငံရေးမှာ ပထမဆုံး ၀ိသေသကတော့ မည့်သည့်အခက်အခဲ အတားအဆီးပဲရှိရှိ လိုအပ်မှုတွေကို ဖေါ်ဆောင်ပေးရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက် ဖျက်လိုဖျက်ဆီး သမားတွေက ရှိနေဆဲ ဖြစ်ပြီး ဂျန်န၀ါရီ လကုန်ပိုင်းက NLD ရှေ့နေကြီး ဦးကိုနီအား ပြောင်ပြောင်တင်းတင်း လုပ်ကြံသတ်ဖြတ်မှုက နိုင်ငံရေးလောက ကို တုန်လှုပ်သွားစေပြီး အကြမ်းဖက်မှုများနဲ့ ဥပဒေနဲ့ အရေးယူမခံရဆိုတဲ့ မကောင်းဆိုးဝါး တစ္ဆေကြီးကြီးက မားမားမတ်မတ်ကြီး ရှိနေတဲ့အပြင် ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင်လျက် ရှိနေဆဲ ဆိုတာကို ညွှန်းဆိုပြသနေပါတယ်။ NLD အနေနဲ့ တည်ရှိပြီးသား ၎င်းတို့ရဲ့ ခေါင်းဆောင်မှုကို ပြသနိုင်မဲ့ အခွင့်အရေးများကို အသုံးချပြီး မထိမ်းချုပ်နိုင်ခဲ့ရင် အဆိုပါ လက်မဲ အင်အားစုကြီး အဖို့ အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။

ဥပမာ ဆိုရက NLD အနေနဲ့ တိုင်းရင်းသား လူမျိုးများ အကြားရော၊ သူတို့နဲ့ပါ ယုံကြည်မှုတွေ တည်ဆောက်ဖို့ အခြားသူတွေ မလိုအပ်ပါဖူး၊ ဆုံးဖြတ်ချက် ချရမယ့် လုပ်ငန်းစဉ်များ ထိရောက်မှုရှိရေး၊၊ ၀န်ကြီးများရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ခန့်ထားမှုများကို ပြန်လည် စီစစ်ခြင်း၊ စီးပွားရေး မူဝါဒများကို အသေးစိတ် ချပြခြင်း၊ မိမိတို့ရဲ့ လွှတ်တော်တွင် လူများစု အနေအထားကို အသုံးချပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေများကို အဆုံးသတ်ပြစ်ခြင်း၊ မြို့ပြအဖွဲ့အစည်းများကို အကျိုးတူ ပါတနာများ အဖြစ် လက်ကမ်းပေးခြင်း၊ ရခိုင်ပြည်နယ် အတွင်း နေထိုင်သူ အားလုံးရဲ့ လုံခြုံရေး နဲ့ အခွင့်အရေးများ ညီတူမျှတူ ခံစားနိုင်ရေး အာမခံနိုင်မယ့် စိတ်ကူးစိတ်သန်းများ အသုံးချပြီူ မဟာဗျုဟာတရပ် ထုတ်ဖေါ်ရေး၊ နဲ့ ပေါ်ထွန်းလာမည့် "ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်" သည် မည်သို့သော သဘောတရားများအပေါ် အခြေခံထားသည်ဆိုသည့် လူထူအား လက်ခံလာအောင် အမြင်တရပ် ချပြခြင်းတို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့အာဏာရရှိလာတဲ့ ဖြစ်စဉ်သည် ပြည်တွင်းမှာတွင်မက မည်သည့်အစိုးရ အဖွဲ့မဆို မျှော်လင့်တောင့်တနိုင်ခဲ့သည့် အကောင်းဖက်ကို ဦးတည်စေခဲ့ပါတယ်။ နိုင်ငံတွင်းမှာရော ကမ္ဘာတ၀ှမ်းမှာရှိကြတဲ့ သန်းပေါင်းများစွာ လူများက မြန်မာနိုင်ငံရဲ့ ခက်ခဲလှတဲ့ အသွင်ကူးပြောင်းနေရမှုများကို ကူညီ ကြဖို့ အဆင်သင့် ရှိနေကြပါတယ်။ ထိခိုက်ကွဲရှလွယ်ပြီး ညဏ်များလှတဲ့ ပြည်တွင်း အခြေအနေများရှိသော်လည်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး နဲ့ အသိအမြင် ကြွယ်ဝတဲ့ ခေါင်းဆောင်မှု ရရှိရေး အပူတပြင်း တောင်းဆိုလာနေမှုများမှာ အောင်မြင်မှုရရှိရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် အင်အားစုတရပ် တည်ထောင်ဖို့ NLD ရဲ့ တာဝန် ဖြစ်လာနေပါပြီ၊

အာဏာကို ရရှိခဲ့တဲ့ တနှစ်တာကာလသည် ဒီမိုကရေစနစ်အရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရသစ်အဖို့ မိမိတို့ဆောင်ရွက်ခဲ့မှုများကို သုံးသပ်ပြီး လိုအပ်သလို အမှားပြင်ဆင်ရမယ့် လမ်းဆုံတခု ရောက်ရှိခဲ့တာကလည်း ထုံးစံလို့ ပြောလို့ရပါတယ်။ အခွင့်အရေးဆိုတဲ့ ပြတင်းပေါက်က အလျင်အမြန် ပိတ်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ လုပ်ဖေါ်ကိုင်ဖက်များက ဒုတိယနှစ်ထဲကို ရောက်ရှိလာတာနဲ့အမျှ လက်ရှိ အနေအထားကို ကျေနပ်နေလို့ မရတော့တဲ့ အပြင် မိမိတို့ရရှိထားပြီးသား အားသာမှုများကို ဆက်လက်ထိမ်းသိမ်းသွားနိုင်ရေး အတွက် လိုအပ်တဲ့ ထိမ်းညှိပြုပြင်မှုများကို အရေးတကြီး ဆောင်ရွက်ရတော့မှာ ဖြစ်ပြီး ဒီနေရာမှာ စိတ်ရှည် သည်းခံမှုနဲ့ အစားထိုးပေးဖို့ အချိန်မဟုတ်တော့ပါဖူး၊ ရှေ့လာမယ့် နှစ်များမှာ မိမိတို့အတွက် အပြောင်းအလဲဆိုတဲ့ လေညှင်းဟာ ကျောနောက်မှာ ဆက်လက်ရှိနေဖို့
 သေချာအောင် လုပ်ရတော့မှာလည်း ဖြစ်ပါတော့တယ်။

Ref - Nikkei Asian Review
HSW

No comments:

Post a Comment