Latest News

Tuesday, March 14, 2017

မတ် ၁၄ ရက် ညပိုင်းက စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် မြောင်းမြလမ်းထောင့်၌ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား လူသုံးဦးက ရန်ပြုမှု ဖြစ်ပွား

မတ် ၁၄ ရက် ညပိုင်းက စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် မြောင်းမြလမ်းထောင့်၌ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား လူသုံးဦးက ရန်ပြုမှု ဖြစ်ပွား



ဖြစ်စဉ်မှာ မတ် ၁၄ ရက် ည ၉ နာရီခန့်တွင် ကိုဆွေဝင်းသည် ဗဟိုလမ်းနှင့် မြောင်းမြလမ်းထိပ်ရှိ ဆိုက်ကားဂိတ်အနီးတွင် လူတစ်ဦးနှင့် စကားပြောနေစဉ် လူသုံးဦးက ဆွေဝင်းက မင်းလားဟုပြောကာ ထိုးမည့်ပုံစံများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ည ၉ နာရီလောက်မှာ အိမ်ပြန်လာတော့ ဗဟိုလမ်းနဲ့ မြောင်းမြလမ်းထိပ်မှာရှိတဲ့ ဆိုက်ကားဂိတ်ရောက်တော့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ဆိုက်ကားဂိတ်နားမှာရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတယ်။ အဲဒီအချိန်မှာ လူသုံးယောက် ရောက်လာပြီးတော့ မင်းဆွေဝင်းလားကွ ဆိုပြီး ထိုးမယ့်ပုံစံ လုပ်ကြတယ်။ လုပ်တဲ့အချိန်မှာ ကျွန်တော်က ရှောင်နေလိုက်တယ်။ သူတို့ထဲမှာ ပါလာတဲ့ တစ်ယောက်က မင်း ဆွေဝင်းမဟုတ်ဘူးဆိုရင် သွားလိုက်၊ ဆွေဝင်းဆိုရင် ထိုးမယ့်ပုံစံ လုပ်ကြတယ်။ ကျွန်တော်က အဲဒီနေရာမှာပဲ ရန်ကုန်တိုင်း ရဲမှူးချုပ်ကို ဖုန်းလှမ်းဆက်လိုက်တယ်” ဟု ကိုဆွေဝင်းက ပြောကြားသည်။

ထိုသို့ ရန်ပြုခံရမှုနှင့် ပတ်သက်ပြီး ကိုဆွေဝင်းက စမ်းချောင်းမြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း၊ ကိုဆွေဝင်း အနေဖြင့်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

“ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မကျေနပ်တဲ့သူတွေ ရှိတယ်။ အဲဒီ မကျေနပ်တဲ့သူတွေက ကျွန်တော့်ကို ရန်ရှာတာဖြစ်တယ်။ ပုဂ္ဂိုလ်ရေး အသေးအဖွဲကိစ္စ ဆိုရင်တော့ ကျွန်တော် ရဲစခန်းကို တိုင်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော် ဒီတိုင်းပြည်မှာ နေသမျှ ကာလပတ်လုံး ဘယ်ပဲသွားသွား ကျွန်တော့်ကို ၁၀ ယောက်မှာ ငါးယောက်က ဖြစ်ဖြစ်၊ နှစ်ယောက်က ဖြစ်ဖြစ် မကျေနပ်တာတွေ ရှိနိုင်တယ်။ အဲဒါကြောင့် ရဲစခန်းကို တစ်ခါတည်း အမှုလာဖွင့်တာ ဖြစ်တယ်။ ကျွန်တော်ပြောလည်းပြောရော ရဲ ၁၅ ယောက်လောက် ဆင်းလာပြီး အမှုကို စုံစမ်းမေးမြန်းပါတယ်။ ကျူးလွန်တဲ့သူကိုလည်း ရဲက ရှာဖွေနေတယ်။ ကျွန်တော် မလုံခြုံသလို ခံစားရတယ်။ ကျွန်တော် လုံခြုံတယ် ဆိုရင်တောင်မှ ကျွန်တော့်မိသားစုကို ဘယ်သူ ကာကွယ်ပေးမလဲ။ ကျွန်တော့်မိန်းမနဲ့ ကလေးကို ဘယ်သူ ကာကွယ်ပေးမလဲ။ အဲဒါကို စဉ်းစားမိတယ်” ဟု ကိုဆွေဝင်းက ပြောကြားသည်။



Eleven Media Group

No comments:

Post a Comment