Latest News

Tuesday, March 14, 2017

မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ လက်နက်ကိုင်များ ၀င်ရောက် ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့

မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ လက်နက်ကိုင်များ ၀င်ရောက် ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့



ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြား နမ့်ဖတ်ကာ ကျေးရွာအတွင်းသို့ မတ် ၁၄ ရက် နံနက်က လက်နက်ကိုင်အဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် နမ့်ဖတ်ကာ ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်များပေါ်သို့ လက်နက်ကျည်ဆန်များ ကျရောက်ကာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“နမ့်ဖတ်ကာရွာ (၂) ရပ်ကွက်မှာရှိတဲ့ ပရိဘောဂဆိုင်ထဲကို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကျတယ်။ ဒါနဲ့ သက်ဆိုင်ရာကို အကြောင်းကြားထားတယ်။ နမ့်ဖတ်ကာ ရဲစခန်းနဲ့ အိမ်အချို့ သေနတ်ကျည်ဆန် ထိမှန်ခံခဲ့ရတယ်လို့ သိရတယ်။ ဘေးနားမှာရပ်ထားတဲ့ လိုက်ထရပ်ကားလည်း ကျည်ဆန်မှန်ပြီး ဘီးပေါက်သွားတယ်။ နောက်ပြီး နမ့်ဖတ်ကာ ရွာထဲမှာရှိတဲ့ ဒေသခံအချို့လည်း ကျည်ဆန်ထိမှန်မှုတွေရှိလို့ မူဆယ်ဆေးရုံကို ဆေးကုသဖို့ ခေါ်သွားတယ်လို့ သိရတယ်” ဟု လားရှိုးမြို့မှ ပရဟိတ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုနေမျိုးက ပြောကြားသည်။

“ထိခိုက်တာ လောလောဆယ်တော့ မကြားသေးပါဘူး။ လက်နက်ကျည်ဆန်တွေ တပ်ဘက်ထဲကိုကျတယ်။ ဖြစ်တာက မနက်ပိုင်းလောက်က ဖြစ်တာပါ။ ထိခိုက်ဒဏ်ရာ ရမှုတွေတော့ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ ဘာမှမသိရသေးပါဘူး။ အခုတော့ ကားတွေ ပုံမှန်အတိုင်း ပြန်သွားနေပြီလို့ သိရပါတယ်” ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

နမ့်ဖတ်ကာကျေးရွာတွင် လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်မှုများကြောင့် မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များက နယ်မြေအခြေအနေ တည်ငြိမ်မည့်အချိန်အား ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့များတွင် ရပ်တန့်စောင့်ဆိုင်းပြီးမှ ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

“ကျွန်တော်တို့ မူဆယ်ကနေပြန်လာတော့ နမ့်ဖတ်ကာမှာ တိုက်ပွဲတွေဖြစ်ပြီး အခြေအနေက ငြိမ်နေတယ်။ နမ့်ကွတ်လည်း ကျော်လာပြီး မကြာဘူး လက်နက်ကိုင်အဖွဲ့တွေက ကားတွေတားတယ်လို့ပြောတယ်။ ကျွန်တော်တို့တော့ ကပ်ပြီးလွတ်သွားတယ်” ဟု မူဆယ်- လားရှိုး ခရီးသည်တင် ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်မျိုးက ပြောကြားသည်။

နမ့်ဖတ်ကာနှင့် ကွတ်ခိုင်အကြားတွင် ဖြစ်ပွားနေသော ပစ်ခတ်မှုဖြစ်စဉ်များကြောင့် မူဆယ်သို့သွားရောက်မည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် အများအပြားမှာ မတ် ၁၄ ရက် ညနေပိုင်းအထိ ကွတ်ခိုင်မြို့အနီး တိုးဂိတ်တွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။


ထွန်းနေလှိုင် (နောင်ပိန်)

Eleven Media Group

No comments:

Post a Comment