Latest News

Friday, March 31, 2017

Myanmar Idol လောက်ပင် စိတ်ဝင်စားခြင်း မခံရသည့် ကြားဖြတ်ရွေးကောက်ပွဲ - လက်စောင်းထက်


လာမည့် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်နံတစ်လျား၌ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားတော့မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရွေးကောက်ပွဲ၌ တက်တက်ကြွကြွ ပါဝင်ခဲ့သော နိုင်ငံသားများသည် ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လုံးဝ စိတ်မ၀င်စားတော့ခြင်းဖြစ်သည်။ ထူးခြားသည်မှာ ခေတ်ပြောင်း စနစ်ပြောင်းအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကို အမျိုးသားရေးအသွင် အားပေးလှုံ့ဆော်ခဲ့ကြသော မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကပင် ကြားဖြတ်ရွေးကောက်ပွဲကို မသိကျိုးကျွံပြုနေခဲ့သည်။ ထိုဖြစ်ရပ်သည် ဒီမိုကရေစီ သက်တမ်းနုနယ်သေးသော မြန်မာနိုင်ငံအတွက် နစ်နာမှုတစ်ရပ်အဖြစ် ရှုမြင်၍ရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်နေရာများ၊ ပြည်သူ့လွှတ်တော်နေရာနှင့် အမျိုးသားလွှတ်တော်နေရာ စုစုပေါင်း ၁၉ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၇ နေရာများတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကြဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲ တာဝန်ရှိသူတစ်ဦး ပြောဆိုခဲ့သည့်အတိုင်း ပြည်သူလူထုအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲအား မကြာခင်က ကျင်းပပြီးစီးခဲ့သည့် Myanmar Idol အဆိုပြိုင်ပွဲလောက်ပင် စိတ်ဝင်စားမှု မရှိသောကြောင့်ဖြစ်သည်။

လက်ရှိ အမည်စာရင်းတင်သွင်းမှုအရ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလအမတ်များ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦးရှိနေသည်။ ယင်း ၉၅ ဦးအနက် တစ်သီးပုဂ္ဂလမှ ၇ ဦးသာ ပါဝင်ပြီး ပါတီကိုယ်စားပြု ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများမှာ ၈၈ ဦး ရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၉ ဦးဖြင့် အများဆုံး ပါဝင်ယှဉ်ပြိုင်ပြီး လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၁၈ ဦးဖြင့် ဒုတိယအများဆုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အရေအတွက် နည်းသွားရခြင်းမှာ ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ်အမှတ်(၁)တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် နောက်ကျသွားခဲ့သောကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အားနည်းချက်များ ရှိနေကြောင်း ပေါ်လွင်ထင်ရှားခဲ့သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ပါတီကြီးနှစ်ခုနောက် တတိယ ကိုယ်စားလှယ် အများဆုံးအဖြစ် ယှဉ်ပြိုင်သောပါတီမှာ ရှမ်းပြည်နယ်အခြေစိုက် ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။ ယင်းပါတီနှစ်ခုလုံးသည် ကိုယ်စားလှယ် ၇ ဦးစီ အမည်စာရင်း တင်သွင်းထားသည်။ စတုတ္ထကိုယ်စားလှယ်လောင်း အများဆုံးတင်သွင်းသောပါတီမှာ ဒေါက်တာနေဇင်လတ် ဦးဆောင်သော အမျိုးသားတိုးတက်ရေးပါတီဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြားရရှိခဲ့ဖူးသော ဦးခင်မောင်ဆွေ ဦးဆောင်သည့် National Democratic Force (NDF) ပါတီမှ ကိုယ်စားလှယ်လောင်း ၅ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆဋ္ဌမ ကိုယ်စားလှယ်အများဆုံးပါတီမှာ ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဖြစ်ပြီး ၄ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခင်ရွေးကောက်ပွဲများ၌ ကိုယ်စားလှယ် အများအပြား ယှဉ်ပြိုင်လေ့ရှိသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည)မှ ၃ ဦး၊ ဦးကျော်စွာစိုး ဦးဆောင်သည့်  မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီမှ ၁ နေရာသာ ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးထားသည်။ တိုင်းရင်းသား နယ်မြေများတွင် ဒေသခံပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ၂ ဦး၊ လားဟူ အမျိုးသားတိုးတက်ရေးပါတီမှ ၂ ဦး၊ မွန်အမျိုးသားပါတီမှ ၁ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၁ ဦး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ဖလုံ-စဝေါဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ  ၁ ဦး၊ ၀လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ၁ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မဲဆန္ဒနယ် နယ်မြေ (၁၉) နေရာအနက် ပြည်နယ်ရွေးကောက်ပွဲများတွင် ဒေသခံတိုင်းရင်းသားပါတီများကသာ အနိုင်ရဖွယ်ရှိနေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်တွင် ပါတီ ၃ ခုနှင့် တစ်သီးပုဂ္ဂလ ၁ ဦးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင် ဒေါက်တာအေးမောင်သာ အနိုင်ရဖွယ်ရှိသည်။ အမ်းမဲဆန္ဒနယ်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မယှဉ်ပြိုင်သော ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ်(၁)တွင် ပါတီ ၃ ခုသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ဦးသဲရယ်ကသာ အနိုင်ရဖွယ်ရှိသည်။ ရှမ်းပြည်နယ်တွင် ကျင်းပမည့် မဲဆန္ဒနယ် ၆ နေရာအတွက် ညောင်ရွှေမှလွဲ၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အများစုက အောင်ပွဲခံရန် အခြေအနေကောင်းနေသည်။ ညောင်ရွှေမဲ ဆန္ဒနယ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးနှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၃ ခုသာ ယှဉ်ပြိုင်ပြီး အင်းလူမျိုး ဦးသော်တာ အနိုင်ရဖွယ်ရှိသည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) အတွက် ကြံ့ခိုင်ရေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ ၃ ဖွဲ့သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဒေါ်ဇာတလဲမ် အနိုင်ရရှိရန် ရေပန်းစားလျက်ရှိသည်။ နောက်ဆုံး ပြည်နယ်တစ်ခုဖြစ်သည့် မွန်ပြည်နယ်သည် ချောင်းဆုံတံတားအား အောင်ဆန်းတံတားဟု အမည်ပေးသည့် ကိစ္စနှင့်ပတ်သက်သည့် မကြာမီရက်ပိုင်းအတွင်းက အမျိုးသားရေးအသွင်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော ပြည်နယ်ဖြစ်သည်။ ယင်းပြည်နယ်တွင် ချောင်းဆုံ မဲဆန္ဒနယ်တစ်နယ်သာ ကျင်းပရန်ရှိပြီး လက်ရှိ အာဏာရပါတီနှင့် ဒေသခံတိုင်းရင်းသားပါတီကြား နိုင်ငံရေးအားပြိုင်မှု အနိုင်အရှုံးအဖြေကို မှတ်ကျောက်တင်ခံရတော့မည် ဖြစ်သည်။ ချောင်းဆုံမဲဆန္ဒနယ်တွင် တစည၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီကြီး သုံးခုအပြင် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ANDP) တို့ အား ပြိုင်ကြမည်ဖြစ်သည်။ အကယ်၍ မွန်ပါတီနှစ်ခုသာ ရွေးကောက်ပွဲတွင် ညီညွတ်ရေးအတွက် ပေါင်းစည်းလိုက်ပါက ကျန်ပါတီကြီး သုံးခုအနေဖြင့် မွန်ပြည်နယ်တွင် အနိုင်ရရှိရန် မလွယ်ကူပေ။ ကျန်ဒေသများတွင် ပဲခူးတိုင်းဒေသကြီး၌ တစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးမှ ငါးနေရာ၊ စစ်ကိုင်းတိုင်းတွင် တစ်နေရာ ယှဉ်ပြိုင်ရန်ရှိပြီး ယင်းနေရာ အများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ အနိုင်ရရှိရန် ရာခိုင်နှုန်းများနေသည်။ ပြည်မရှိရွေး ကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အများစုသည် တစ်ဦးချင်း ကိုယ်ရေးရာဇ၀င်အားဖြင့် လူသိထင်ရှားကျော်ကြားသူ အများစု မပါဝင်ပေ။ ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများအနက် နိုင်ငံရေးနယ်ပယ်တွင် လူသိများသည့် လူ့ဘောင်သစ်ပါတီမှ ကျောင်းသားခေါင်းဆောင် ဦးဇော် (ခ) ဦးညိုထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ယှဉ်ပြိုင်သူများ အနက် NDF ပါတီမှ ဦးခင်မောင်ရည်(ခ) ဦးခိုင်မောင်ရည်သာ ပါဝင်သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သည့်ပါတီက ကိုယ်စားလှယ်အများစုဖြင့် အောင်ပွဲခံသည်ဖြစ်စေ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ မမြင်ပေ။ ၂၀၁၅ ခု  အထွေထွေရွေးကောက်ပွဲတွင် Land Slide အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမျှော်လင့်ချက်များသည် အစိုးရသစ်သက်တမ်း တစ်နှစ်ကြာပြီးနောက် သိသာထင်ရှားသည့် တိုးတက်မှုများ ဖြစ်ပေါ်မလာခြင်းအတွက် ကြားဖြတ်ရွေး ကောက်ပွဲအပေါ် နိုင်ငံသားများ စိတ်ဝင်စားမှု လျော့ကျခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ နိုင်ငံသားများသည် စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးပမ်းနေရမှုများကို ခေတ္တမေ့ပျောက်ပြီး Myanmar Idol မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုတော်များအကြောင်း၊ အနုပညာ ဖမ်းစားမှုများအကြောင်း၊ တစ်နိုင်ငံလုံးမှ မဲဆန္ဒပေးသည့် အကြောင်းများကိုသာ ရေပက်မ၀င်ပြောရင်း နိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲကို တမင်တကာပင် မေ့ဖျောက်ထားလိုက်ကြဟန်တူသည်။
လက်စောင်းထက်
http://www.tomorrow.com.mm/?q=articles/3401

No comments:

Post a Comment