G to G စနစ်ဖြင့် ၀ယ်ယူထားသည့် တရုတ်ကားအသစ်အစီး ၁၀၀၀ မေလတွင် ရောက်မည်
“ဈေးသက်သာပြီး ပစ္စည်းကောင်းသည့် ကားအမျိုးအစားများဖြစ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား …”
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အများပိုင်ဘတ်စ်ကားဝန်ဆောင်မှုစနစ်သစ် (YBS) အတွက် အစိုးရချင်း G to G စနစ်ဖြင့် ၀ယ်ယူထားသော တရုတ်နိုင်ငံထုတ် ကားအသစ်အစီးရေ ၁၀၀၀ မေလအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။
"အစီးရေ ၁၀၀၀ ဧပြီလကုန် မေလထဲမှာ ရောက်မယ်။ တရုတ်နိုင်ငံက ၀ယ်တာပါ။ ဈေးနှုန်းကတော့ တစီးကို အမရိကန်ဒေါ်လာ ၅ သောင်း ၆ ထောင်ဖြစ်ပါတယ်။ အစိုးရချင်း G to G စနစ်နဲ့ဝယ်တာပါ''ဟု YRTA အတွင်းရေးမှူးဒေါက်တာမောင်အောင်က News Watch သို့ပြောသည်။
အဆိုပါကားသစ်များကို G to G စနစ်ဖြင့် ၀ယ်ယူရန်အတွက် တရုတ်နိုင်ငံနှင့် အစိုးရချင်းနားလည်မှုစာချွန်လွှာ ရေးထိုးပြီးနေပြီဖြစ်ကြောင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ၂ လအတွင်း ရောက်ရှိရမည်ဟူသော အချက်များပါဝင်သော်လည်းရောက်ရှိမည့် ရက်အတိအကျကိုမူ အသေးစိတ်မပြောဆိုနိုင်သေးကြောင်း ၎င်းကပြောသည်။
''မေလမှာ ရောက်မှာဖြစ်ပေမဲ့ သူကလုပ်ငန်းလိုင်စင်တို့၊ CNG တို့၊ နံပါတ်ပြားတို့ ကျန်သေးတယ်ဆိုတော့ မှန်းထားတာကတော့ မေလကုန်လောက်မှပဲ လမ်းကြောင်းထဲထည့်နိုင်မယ်''ဟု ၎င်းကပြောသည်။
YBS ကားအသစ်များကို G to G စနစ်ဖြင့် ၀ယ်ယူမည်ဖြစ်ပြီး ဈေးသက်သာပြီး ပစ္စည်းကောင်းသည့် ကားအမျိုးအစားများဖြစ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
''ဈေးလည်း သက်သာရမယ်။ ပစ္စည်းလည်း ကောင်းရမယ်။ အာမခံကိုလည်း ၂နှစ်လောက်ပေးနိုင်ရမယ်။ အကြွေးလည်း ပေးနိုင်ရမယ်။ အဲဒီနည်းနဲ့ဝယ်မှာပါ။ ကျွန်တော်တို့နိုင်ငံအတွက် ၀ယ်မယ့်ပစ္စည်းဖြစ်ပါတယ်''ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
YBS စနစ်ကို ၃ လတကြိမ် အဆင့်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဧပြီလတွင် ကုမ္ပဏီစနစ်သို့ အဆင့်မြှင့်တင်ခြင်း၊ ကားများကို အဆင့်မြှင့်တင်ခြင်း၊ ယာဉ်စီးခကိုလည်း ဘတ်စ်ကားစီးနင်းသူများက အတက်တကြိမ်၊ အဆင်းတကြိမ်ကတ်ဖြတ်ရသောစနစ်ကို ကျင့်သုံးနိုင်ရန် Yangon Payment Service တခုကို တည်ထောင်ခြင်း၊ ကားမှတ်တိုင်များကို အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းအောင်( News Watch )
Sunday, March 26, 2017
G to G စနစ်ဖြင့် ၀ယ်ယူထားသည့် တရုတ်ကားအသစ်အစီး ၁၀၀၀ မေလတွင် ရောက်မည်
G to G စနစ်ဖြင့် ၀ယ်ယူထားသည့် တရုတ်ကားအသစ်အစီး ၁၀၀၀ မေလတွင် ရောက်မည်
Reviewed by Ar Ti
on
10:21 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment