Latest News

Thursday, March 23, 2017

ရှားပါးမျိုးစိတ် ကြံ့သူတော်တစ်ကောင် လွှဲပြောင်းပေးအပ်

ရှားပါးမျိုးစိတ် ကြံ့သူတော်တစ်ကောင် လွှဲပြောင်းပေးအပ်


ကော့သောင်း မတ် ၂၂

သဘာဝတောရိုင်းတိရစ္ဆာန် ရှားပါးမျိုးစိတ် ကြံ့သူတော်တစ်ကောင်အား ကော့သောင်းစစ်ဗျူဟာ အဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်တင်နွဲ့ က ကော့သောင်းခရိုင်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းထံသို့ မတ် ၂၂ ရက် နံနက်ပိုင်းက ကော့သောင်းတပ်နယ် စစ်ဗျူဟာအဖွဲ့ အောင်သူရခန်းမ၌ လွှဲပြောင်းပေးအပ်သည်။

လွှဲပြောင်းပေးအပ်သည့် ကြံ့သူတော်အား ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အေးမြသာယာ ကျေးရွာနေ တောင်သူ ဦးစိုးထိုက်က မတ် ၁၃ ရက်က တောင်ယာခုတ်ရန်သွားရောက်စဉ် ကြံ့သူတော်ဟုယူဆရသည့် တိရစ္ဆာန်သားအမိအားတွေ့ရှိရာ မိခင်အကောင်ကြီးမှာ လန့်၍ တောအတွင်းသို့ ထွက်ပြေးသွားခဲ့ပြီး သားပေါက်မှာ ကျန်ခဲ့သဖြင့် ဦးစိုးထိုက်က ဒေသခံနယ်မြေတပ်ရင်း တာဝန်ရှိသူများမှတစ်ဆင့် စစ်ဗျူဟာအဖွဲ့(ကော့သောင်း)သို့ မတ် ၁၈ ရက်တွင် အပ်နှံခဲ့ခြင်းဖြစ်သည်။

အဆိုပါကြံ့သူတော်မှာ အရှည် ၃၂ လက်မ၊ အမြင့် ၁၈ လက်မခန့်၊ လုံးပတ် ၂၃ လက်မခန့်ရှိ အထီးဖြစ်၍ ကိုယ်ခန္ဓာပေါ်ရှိအမွေးများမှာ ကျားတစ်ကောင်ကဲ့သို့ အဖြူ၊ အနက်အစင်းများပါရှိပြီး ရှားပါးမျိုးစိတ်ဝင် သဘာဝတောရိုင်းတိရစ္ဆာန်ဖြစ်ရာ ကော့သောင်းခရိုင် သစ်တောဦးစီးဌာနက ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီး အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ထပ်မံလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)ပြန်/ဆက်

No comments:

Post a Comment