Latest News

Monday, March 6, 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦး စကားဝိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦး စကားဝိုင်း

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ခဲ့ပြီး စီးပွားရေးဘက်မှာ အမျိုး သမီးတွေ အစကတည်းက ပါဝင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် Kempinski Hotel မှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက် သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ် ပါတယ်။

တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူအခွင့်အရေးရဖို့ ဘယ်လိုဥပဒေတွေ ပြဌာန်းထားပါစေ လူ့အသိုင်းအ၀ိုင်းမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးတောင်းဆိုနေတာနဲ့အမျှ တာဝန်ယူမှုရှိတတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးမရှိရင် စီးပွားရေးရေရှည်ဖံွ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးကို ဗဟိုပြုပြီး ဆွေးနွေးကြဖို့ လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေကို အစိုးရဘက်က တတ်နိုင်သရွှေ့ ပံ့ပိုးမှာဖြစ်ကြောင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က နိုင်ငံတည်ငြိမ်ရေး၊ တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြန်လည်ဆောင် ရွက်ပေးဖို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ဆောင်ကြဖို့ ပြောခဲ့ပြီး အစိုးရက ရရှိတဲ့အခွန်တွေကို ပညာရေး နဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ အသုံးပြု ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦးရဲ့ စကားဝိုင်းမှာ လုပ်ငန်းရှင်တွေက စီးပွားရေးကဏ္ဍဖံွ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့၊ လုပ်ငန်းခွင်ဝင်နေတဲ့ မိခင်အမျိုးသမီးတွေအတွက် စိတ်ချလက်ချနဲ့ အလုပ်လုပ်ကိုင်နိုင်အောင် နေ့ကလေး ထိန်းကျောင်းတွေ ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးဖို့၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖံွ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့၊ ကျေးလက်အမျိုးသမီးတွေ လုပ်ငန်းခွင်ဝင်နိုင်ရေး အထောက်အပံ့ပေးနိုင်ဖို့၊ စစ်ဘေးဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေနဲ့ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေ အရေး ဆောင်ရွက်ပေးဖို့တို့ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ် ၁၈ ဦး စကားဝိုင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါတတိယအကြိမ်မြောက်ကျင်းပတဲ့ စကားဝိုင်းဖြစ်ပါတယ်။

Photo: Myanmar State Counsellor Office/ Facebook

( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၆ ရက်နေ့က  နေပြည်တော် Kempinski Hotelမှာ ကျင်းပတဲ့  မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ တွေ့ရစဉ် )
R F A

No comments:

Post a Comment