Latest News

Tuesday, March 7, 2017

ဝင်းနှင့်ဇော် အယူခံရှုံးနိမ့်ခြင်းနောက်ကွယ်...

ဝင်းနှင့်ဇော် အယူခံရှုံးနိမ့်ခြင်းနောက်ကွယ်...



သေဒဏ် သေဒဏ်နှင့် နှစ်ကြီးသမားများသာထားသော ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် တစ်နှစ်ကျော်ကြာနေထိုင်ခဲ့သော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ပထမဆုံးအကြိမ် ထောင်အပြင်သို့ ထွက်ခွင့်ရခဲ့သည်။

၎င်းတို့နှစ်ဦးတည်းသာ မဟုတ်ဘဲ အခြားအကျဉ်းသားအချို့လည်းပါဝင်ပြီး ထောင်၏အချုပ်ကားဖြင့် နွန်ထဘူရီခရိုင်ရှိ တရားရုံးသို့ ခေါ်ဆောင်သွားခြင်း ဖြစ်၏။ တရားရုံးရောက်သည်နှင့် ၎င်းတို့နှစ်ဦး၏ အမည်ကိုခေါ်ကာ တရားသူကြီးက ထိုင်းဘာသာဖြင့် မိနစ်သုံးဆယ်ကြာ ဖတ်ကြားသည်။ ထိုင်းဘာသာဖြင့် ဖတ်ကြားသောကြောင့် နားမလည်၍ ဘေးနားရှိ အခြားအကျဉ်းသားကို မေးမြန်းရာ အောက်ရုံး၏ အမိန့်အတိုင်း အယူခံတရားရုံးက သေဒဏ်အမိန့်ချကြောင်းသိရသဖြင့် အသက် (၂၄)နှစ်အရွယ်များဖြစ်သော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ ကြောက်လန့်သွားခဲ့သည်။

အယူခံအမိန့်ချအပြီး နှစ်ရက်အကြာ မတ်လ ၃ ရက်က ဘန်ခွမ်အကျဉ်းထောင်သို့ ထောင်ဝင်စာသွားရောက်တွေ့ဆုံသော မဇာကို ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ပြောပြသည့် မြင်ကွင်းများဖြစ်သည်။

‘‘အဲဒီနေ့က တော်တော်လေး အားငယ်စိတ်ဓာတ်ကျခဲ့ရတယ်လို့ ပြောတယ်။ ဘယ်သူမှလည်း မလာကြတော့လေ။ ကျွန်မကရှေ့နေတွေ ဘာမှမသိကြောင်း သေချာရှင်းပြမှ သူတို့လည်း သဘောပေါက်သွားတာ’’ဟု ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထောင်ဝင်စာ မကြာခဏ သွားရောက်တွေ့ဆုံနေသော မဇာကပြောသည်။

တရားရုံး၌ ခါတိုင်းရုံးချိန်းများလို ၎င်းတို့ကို ကူညီပေးနေသော မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာစကားပြန်များ၊ ထိုင်းရှေ့နေများနှင့် မြန်မာအဖွဲ့အစည်းများ ရှိမနေသောကြောင့် ၀င်းနှင့်ဇော်တို့ ပို၍စိတ်အားငယ်ခဲ့ရသည်ဟုဆိုသည်။

ထိုင်းနိုင်ငံ အယူခံအောက်တရားရုံး၏ ဆုံးဖြတ်ချက်အမိန့်ကို မြန်မာလုပ်သားနှစ်ဦးအား ဖေဖော်ဝါရီ ၂၃ ရက်က နွန်ထဘူရီ တရားရုံး၌ ခေါ်ယူပြောကြားပြီးနောက် မတ်လ ၁ ရက်တွင် အယူခံတရားရုံးက အမိန့်ချမှတ်ခြင်း ဖြစ်သည်။

ဗြိတိန်စုံတွဲကို အဓမ္မပြုကျင့်သတ်ဖြတ်သည်ဟု စွပ်စွဲကာ သေဒဏ်အပြစ်ပေးခံထားရသော မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရန် စာမျက်နှာ ၁၉၈ မျက်နှာဖြင့် အယူခံတင်ခဲ့သော်လည်း အယူခံအောက်တရားရုံးက ပယ်ချကာ အောက်ရုံးက ချမှတ်ထားသည့်အတိုင်း သေဒဏ်ကိုပင် ချမှတ်ခဲ့သည်။ ထိုင်းအယူခံတရားရုံးသည် မြန်မာလုပ်သားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေများကို အကြောင်းကြားအသိပေးခြင်းမရှိဘဲ မျက်ကွယ်၌ အမိန့်ချမှတ်ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးအပေါ် ထိုင်းအယူခံတရားရုံးက ပယ်ချပြီး အဆောတလျင် အမိန့်ချခြင်းသည် နိုင်ငံရေးပါဝင်ပြီး အချက်သုံးချက်ရှိကြောင်း လိပ်ကျွန်းအရေး ကူညီဆောင်ရွက်ပေးနေသော ထိုင်းရောက်မြန်မာများက သုံးသပ်ပြောကြားသည်။

မြန်မာလုပ်သားနှစ်ဦးအပေါ် မြန်မာအစိုးရ၏ ကူညီဆောင်ရွက်ပေးမှု အားနည်းနေခြင်း၊ ထိုင်းရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုမှန်ကန်ကြောင်း ပြသလိုခြင်းနှင့် ဓမ္မကာယဘုန်းတော်ကြီးကျောင်းကိစ္စကို မြန်မာဘက်က ဆန္ဒပြကန့်ကွက်မှု များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း လိပ်ကျွန်းအရေးဆောင်ရွက်နေသူများက ပြောကြား သည်။

ကော့စမွီတရားရုံးသို့ အမှုရင်ဆိုင်စဉ်က တရားရုံးတွင် လာရောက်ထွက်ဆိုပေးရန် နှစ်ဖက် သက်သေများတင်သွင်းစဉ် မြန်မာလုပ်သားနှစ်ဦး အပြစ်ရှိကြောင်း ထွက်ဆိုပေးရန် ထိုင်းအစိုးရက တရားလိုပြသက်သေ ၅၄ ဦးရှာဖွေပြီး တင်သွင်းသော်လည်း မြန်မာအစိုးရဘက်ကမူ နောက်ဆုံးအမိန့်ချသည်ထိ မြန်မာလုပ်သားနှစ်ဦး အပြစ်မရှိကြောင်း ထွက်ဆိုပေးရန် အဓိကတရားခံပြသက်သေအဖြစ် တစ်ဦးမျှ ရှာဖွေတင်သွင်းပေးနိုင်ခြင်း မရှိပေ။

ထိုကာလများတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဖြင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်များတွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ မြန်မာအစိုးရကစိတ်ဝင်တစား စောင့်ကြည့်နေကြောင်း၊ အမှုမှန်အတိုင်း ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်းသာ ရေးသားထုတ်ပြန်ခဲ့သည်။

‘‘ကျွန်တော်တို့မှာ အဓိက သက်သေထွက်ဆိုပေးနိုင်တဲ့သူတွေအများကြီး။ ဒီအမှုကို ကောင်းကောင်းသိတဲ့သူတွေရှိတယ်။ အဲဒီလူတွေက အမှုစဖြစ်ဖြစ်ခြင်းမှာ ကျွန်းပေါ်ကနေ မြန်မာပြည်ဘက် ထွက်ပြေးကြတယ်။ ရခိုင်ဘက်မှာ နှစ်ယောက်၊ ကော့သောင်းဘက်မှ တစ်ယောက်။ အဲဒီလူတွေကို အစိုးရကနေခေါ်ပြီး ထွက်ဆိုခိုင်းပေးဖို့ပြောတယ်။ ဒါပေမဲ့ ဖြစ်မလာဘူး’’ဟု လိပ်ကျွန်းအရေးဆောင်ရွက်နေသူ မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

‘‘အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လိပ်ကျွန်းအရေးကို စိတ်ဝင်စားတယ်ဆိုပြီး ပါးစပ်ကပဲပြောနေတာ။ တကယ်ထဲထဲဝင်ဝင် ကူညီပေးတာမရှိဘူး။ တရားရုံးမှာ သက်သေထွက်ပေးမယ့်သူ ရှာမပေးဘူးလေ။ နောက်ဆုံး သံရုံးကနှစ်ယောက်နဲ့ တက္ကသိုလ်က ဆရာမတစ်ယောက်လာ ထွက်ဆိုတယ်။ အဲဒီသုံးယောက်ကလည်း အမှုကို အထောက်အကူမပြုနိုင်တဲ့သူတွေပဲ။ လိပ်ကျွန်းအရေးကို မြန်မာအစိုးရက အဲဒီလောက်ထိမပါဘဲ ထိုင်းမှာရှိတဲ့ မြန်မာအဖွဲ့အစည်းတွေကပဲ လိုက်လုပ်ပေးနေတယ်ဆိုတာ ထိုင်းအစိုးရက သိနေတယ်လေ’’ ဟု ၀င်းနှင့်ဇော်အရေးကို တောက်လျှောက်ကူညီဆောင်ရွက်ပေးနေ သော မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်(MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးကပြောသည်။

‘‘လိပ်ကျွန်းအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွပါဝင်တာ တွေ့ခဲ့ရပေမယ့် တချို့အရေးကြီးတဲ့ သက်သေအထောက်အထားတွေ ပံ့ပိုးပေးနိုင်ခဲ့မှု အားနည်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ကိုင်နေရတဲ့ ကျွန်တော်တို့လို အဖွဲ့အစည်းတွေအနေနဲ့ အရမ်းကို ကန့်သတ်ချက်တွေ များခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်နိုင်သလောက် (လုပ်ချင်သလောက်) မလုပ်နိုင်ခဲ့ပါဘူး’’ မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူး ချစ်ကပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားသည့် ထိုင်း နိုင်ငံအရေးကိစ္စဖြစ်သော ဓမ္မကာယကျောင်းတိုက် ဆရာတော်ကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးရှာဖွေမှုနှင့်ပတ်သက်၍ မြန်မာဘက်မှ အမျိုးသားရေးလှုပ်ရှားသူ များက ကန့်ကွက်ကြောင်း ဆန္ဒပြ ပြုလုပ်မှုများကိုလည်း ထိုင်းအစိုးရက ကျေနပ်ခြင်းမရှိကြောင်းထိုင်းရောက် မြန်မာလုပ်သားများက သုံးသပ်ပြောသည်။

‘‘ဓမ္မကာယဘုန်းတော်ကြီးကျောင်းကို မြန်မာနိုင်ငံသားတွေ ဆန္ဒပြတာ မှားယွင်းနေတယ်။ ဘာလို့ဆိုတော့ ဒီဖြစ်စဉ်က ယခင်ကတည်းက တိုးတိုးကျိတ်ကျိတ် ဖြစ်နေတဲ့ဖြစ်စဉ်။ ပြောရမယ်ဆို သူတို့အိမ်တွင်းရေးပြဿနာ။ ဒါကို မြန်မာနိုင်ငံထဲက ဘာမသိ၊ ညာမသိ လူတစ်စုက သူတစ်ပါး အိမ်တွင်းရေးကို သွားစွက်ဖက်သလို ဖြစ်နေတာ။ အင်မတန်မှားယွင်းနေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအရေးကို အခုလိုအလားတူလုပ်ရင် ကျွန်တော်တို့ မကြိုက်သလို သူတို့လည်း မနှစ်မြို့ဘူး။ ဒါကိုသိရမယ်။ အခုအယူခံပယ်ချတဲ့ အမိန့်ချမှတ်တဲ့နေ့မှာ မြန် မာဘက်က တာဝန်ရှိသူတွေကို မခေါ်ဘဲ ထိုင်းဘက်ကပဲ တစ် ဖက်သတ် အမိန့်ချမှတ်လိုက်တာ ဒါတွေကြောင့်လည်း ပါနေတယ်’’ ဟု ထိုင်းရောက် မြန်မာလုပ်သား များအရေး တက်ကြွလှုပ်ရှားသူ ကိုစိုးလင်းအောင်ကပြောသည်။

 မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကလည်း ‘‘ထိုင်း-မြန်မာရေရှည်ဆက်ဆံရေးတွေအတွက် လိပ်ကျွန်းလူသတ်မှုကို အခွင့်ကောင်းယူနေတဲ့ အမျိုးသားရေး အစွန်းရောက်တွေကိုလည်း စနစ်တကျကိုင်တွယ်ဖြေ ရှင်းသင့်ပါတယ်’’ ဟု လိပ်ကျွန်းလူသတ်မှုဖြင့်ပတ်သက်၍ ဆန္ဒပြကန့်ကွက်မှု အပေါ် အကြံပြုသည်။

ထို့ကြောင့် ထိုင်းတရားရုံးများက သေဒဏ်အမိန့်ကို ခိုင်မာစွာချထားမည်ဖြစ်၍ မြန်မာလုပ်သားနှစ်ဦးကို မြန်မာအစိုးရအနေဖြင့် အမှန်တကယ် လွတ်မြောက်စေလိုပါက သံတမန်ချစ်ကြည်ရေးနည်းလမ်းကိုသာ အသုံးပြုသင့် ကြောင်း လိပ်ကျွန်းအရေးဆောင် ရွက်နေသူများက တညီတညွတ် တည်း အကြံပြုသည်။

သို့သော် ယခုအခါ မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေး အယူခံတင်ပြရန် အခွင့်အရေးအနည်းငယ်သာ ကျန်တော့သည့် ထိုင်းနိုင်ငံရှိ အဆင့်မြင့်အယူခံတရားရုံး (High Court)တွင် အယူခံတင်သွင်းရန်ဖြစ်သည်။ အဆင့်မြင့်တရားရုံးတွင် အယူခံပြီးပါက အယူခံဝင်စရာ မရှိတော့ပေ။

ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် သံတမန်နည်းလမ်းကိုအသုံးချရန် အချိန်အခါကောင်းဖြစ်ကြောင်း လိပ်ကျွန်းအရေးဆောင်ရွက်နေသူများက ပြောသည်။

‘‘တရားဥပဒေအတိုင်း ဆက်သွားရင် ရှုံးဦးမယ်ထင်တယ်။ ထိုင်းတွေက သူတို့အရှက်ကွဲရမယ့်ဟာ ဘယ်လုပ်မလဲ။ အခုချိန်က သံတမန်နည်းလမ်းနဲ့ ၀င်သင့်နေပြီ’’ဟု လိပ်ကျွန်းအရေးကို ဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ကိုမင်းဦးက ပြောသည်။

‘‘အစိုးရက သူ့ရဲ့ သံတမန်လမ်းကြောင်းကိုသုံးပြီး အသုံးချရမယ့် အချိန်ရောက်နေပြီ။ တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်လို့ မရပေမယ့် သံတမန်လမ်းကြောင်းနဲ့က ပြောဆိုလို့ရပါ တယ်’’ဟု ဦးစိန်ဌေးကတိုက်တွန်းသည်။

အဆင့်မြင့်တရားရုံးတွင် အယူခံရှုံးနိမ့်ပါက နောက်ဆုံးလက်ကျန်အဖြစ် ထိုင်းနိုင်ငံဘုရင့်ထံ အသနားခံစာ တင်ပြ၍သာရတော့မည်ဖြစ်သည်။

‘‘ကျွန်တော်သံရုံးမှာ တာဝန်ယူခဲ့တဲ့ ကိုးနှစ်အတွင်းမှာ အဲဒီလိုအသနားခံစာနဲ့ လွှတ်ပေးတာတွေတော့ မတွေ့ဘူး။ ဒါပေမဲ့ နေ့ထူးနေ့မြတ်တွေမှာပေါ့။ မွေးနေ့ပွဲတို့၊ နေ့ထူးနေ့မြတ်တွေမှာ လွှတ်ပေးတဲ့ ဓလေ့တော့ရှိတယ်။ အသနားခံစာနဲ့ လွှတ်ပေးတယ်ဆိုတာ ဘုရင်နဲ့ စိတ်သဘောထားနဲ့လည်း ဆိုင်တယ်လေ’’ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် သံအမတ်ကြီးအဖြစ် လေးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းမောင်က သူ၏အတွေ့အကြုံကိုပြောသည်။

လက်ရှိ အစိုးရအဖွဲ့က ၀င်း နှင့်ဇော် အမှုအပေါ်မည်မျှ အာရုံစိုက်သည်ကို မသိရသေးပေ။ မြန်မာလုပ်သားနှစ်ဦး၏ အယူခံတင်သွင်းမှုကို အယူခံအောက်တရားရုံးက ပယ်ချပြီး သေဒဏ်ပင်ထားရှိခြင်းအပေါ် နိုင်ငံ၏ ခေါင်းဆောင်နှစ်ဦးက စိတ်မကောင်းဖြစ်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆင့်မြင့်အယူခံတရား ရုံးတွင် ဆက်၍အယူခံတင်သွင်းရန် ညွှန်ကြားထားသည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောသည်။

‘‘အခုကိစ္စမှာတော့ သမ္မတရုံးကရော အန်ကယ်ဦးဝင်းထိန်ကပါ ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ သူတို့လည်း အယူခံဘာကြောင့် ပယ်ချခံရတယ်ဆိုတဲ့အကြောင်းရင်း သိချင်နေကြပါတယ်။ နောက်ပြီး ရှေ့ဆက်လုပ် ဖို့ရာလည်း ပြောဆိုပါတယ်။ ဒီလိုမျိုး လူကြီးတွေက စိတ်ဝင်စားပြီး ကူညီပေးမယ်ဆိုရင် ကလေးတွေက သက်သာမှာပါ’’ဟု မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။

အယူခံအောက်တရားရုံးက အယူခံပယ်ချခဲ့ခြင်းအကြောင်းများ ရေးသားထားသော စာမျက်နှာ ၁၀၂ မျက်နှာပါ စာရွက်စာတမ်းများကို ထိုင်းနိုင်ငံရှေ့နေများကောင်စီထံ ပေးပို့ထားသည်။ ရှေ့နေများကောင်စီကလည်း မတ်လ ၈ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ မိခင်နှစ်ဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မတ်လ ၃ ရက်က အသနားခံစာပေးပို့ထားသည်။

‘‘ကျွန်မရဲ့သားမှာ အပြစ်မရှိဘူး။ တကယ်အပြစ်ရှိတဲ့သူတွေ မဖမ်းဘူး။ အပြစ်မရှိတဲ့ ကျွန်မသားလေးကျ သေဒဏ်ပေးထားတယ်။ အဲဒါကိုကူညီပေးကြပါ။ တကယ်အပြစ်ရှိတယ်ဆိုရင် ကျွန်မခံနိုင်ပါတယ်။ အခုလည်း အယူခံတင်တာ ရှုံးတယ်။ ကျွန်မသားလေးက သေရတော့မယ်။ အဲဒါကြောင့် အမြန်ဆုံးကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ၀င်းဇော်ထွန်း၏မိခင် ဒေါ်မေသိန်းက ပြောသည်။



7Day News Journal

No comments:

Post a Comment