Latest News

Tuesday, March 7, 2017

မဲတစ်ပြားစီအတွက် အရေးပါသော ကြားဖြတ်အားစမ်းပွဲ

မဲတစ်ပြားစီအတွက် အရေးပါသော ကြားဖြတ်အားစမ်းပွဲ



နှစ်ပေါင်း ၃၀ ခန့်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲငါးခုအနက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများစိတ်ဝင်စားမှုအနည်း ဆုံးရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်ရန် အလားအလာများသည်။

ဆယ်စုနှစ် သုံးခုခန့်မျှ ဒီမိုကရေစီကို အစဉ်တစိုက် တောင်းဆိုခဲ့သော လူ့အဖွဲ့အစည်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲပေးပြီးနောက် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်သော ကျင်းပရန် ၂၃ ရက်သာလိုတော့ သည့် ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေခြင်း ဖြစ်သည်။

‘‘မြန်မာအိုင်ဒေါလောက်တောင် ကြားဖြတ်ကို စိတ်မဝင်စားကြဘူး’’ဟု လှိုင်မြို့နယ်တွင် မတ် လ ၄ ရက်က ပြုလုပ်သော ဒီချုပ် မဲဆွယ်စည်းရုံးဟောပြောပွဲသို့တက်ရောက်လာသည့် ကိုတင် ထွန်းက ပြောသည်။

မဲဆန္ဒရှင် သိန်းဂဏန်းခန့်မျှ ရှိပြီး ဒီချုပ်၏အောင်မြေမဲဆန္ဒနယ် များဖြစ်သည့် ကော့မှူး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ လှိုင်နှင့် လှိုင်သာယာ တို့တွင် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒီချုပ်နာယက ဦးတင်ဦးတို့ကိုယ်တိုင် ဟောပြောခဲ့သည့် လူထုဟောပြောပွဲများသို့ လာရောက်သည့် ပရိသတ်မှာ ထောင်ဂဏန်းပင် မပြည့်ပေ။

‘‘မဲဆွယ်ပွဲကို လူလာတာ နည်းပေမယ့် ကျွန်တော်တို့နိုင်မယ် လို့ ယုံကြည်တယ်’’ဟု ဒီချုပ်ဗဟို အလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းမြင့်က ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

ပြီးခဲ့သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလများတစ်လျှောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲများနှင့် ကွာချင်တိုင်းကွာလှသည် မှာ မဖုံးကွယ်နိုင်သည့် အမှန်တရားတစ်ခုပင်ဖြစ်သည်။

ယင်းအချက်သည်ပင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လူစိတ်ဝင်စားမှုနည်းပါးသည့်ခိုင်လုံသော အကြောင်းပြချက်ဖြစ်နေသည်။

ပြည်​ခိုင်​ဖြိုးပါတီကမူ၂၀၁၅အရှုးံကို ကုစားရန်​ကြားဖြတ်​ကိုအာရုံစိုက်​သည်​။ ရန်​ကုန်​၊ လှိုင်​မြို့နယ်​တွင်​ တစ်​အိမ်​တက်​ဆင်းမဲဆွယ်​ခြင်းများပြုလုပ်​နေသည်​။ ထို့ပြင်​မုံရွာတွင်​လည်း  အမျိုးသားလွှတ်​​တော်​ကိုယ်စားလှယ်​​ဟောင်းဦးလှ​ဆွေက ပြည်​ခိုင်​ဖြိုးအတွက်​မဲဆွယ်​​ပေးခဲ့သည်​။

ကြားဖြတ်ရွေးကောက်ပွဲများသည် အစိုးရဖွဲ့နိုင်လောက်သော အထွေထွေရွေးကောက်ပွဲများလောက် လူစိတ်ဝင်စားမှုနည်းခြင်းမှာ အစဉ်အလာပင် ဖြစ်သည်။ ယင်းအစဉ်အလာကို ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်သော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက ရိုက်ချိုးခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အယုံအကြည်နည်း ခဲ့သော ပြည်သူများသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နှစ် ၂၀ ကျော်မှ ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံအောပေးခဲ့သည်။ သို့ဖြစ်ရာ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ်အမတ်များ လွှတ်တော်ထဲရောက်ခဲ့ပြီး မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ အသက်ဝင်ခဲ့သည်။

‘‘အရင်တုန်းကတော့ အစိုးရကို ပြည်သူက မကျေနပ်တော့ အတိုက်အခံကို ပုံအောမဲပေးခဲ့တာပေါ့။ အခုကတော့ သူတို့တင်ချင်တဲ့ အစိုးရကို တင်ပြီးတဲ့ အခါကျတော့ ကျေနပ်သွားကြပုံပဲ’’ဟု ၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၅ ရွေးကောက်ပွဲအထိ တောက်လျှောက် ဖြတ်သန်းခဲ့သည့် မဲဆန္ဒရှင်ပြည်သူ ဦးသိန်းထွန်းက ပြောကြားသည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲကို လူစိတ်ဝင်စားမှုနည်းရခြင်းမှာ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအနိုင်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့သည့်အချိန်က စတင်မြစ်ဖျားခံခဲ့သည်။

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီး နေရာကို ယူလိုက်ပြီးနောက် ပါတီမဲဆွယ်စည်းရုံးရေးကို ဝင်ရောက်မဆောင်ရွက်တော့ပေ။

ထို့ပြင် အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်အဖြစ် ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ၁၀ ဦးသာ ခန့်အပ်ခဲ့ရာ လစ်လပ်မဲဆန္ဒနယ်များ နည်းပါးခဲ့သည်။ ကွယ်လွန်သူအချို့နှင့် ၂၀၁၅ ရွေးကောက်ပွဲက မကျင်းပဖြစ်သော မဲဆန္ဒနယ်အချို့ပါ ထပ်ပေါင်းမှ စုစုပေါင်းလစ်လပ်မဲဆန္ဒနယ် ၁၉ ခုသာရှိသည်။

ယင်း ၁၉ နေရာမှာ ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာဖြစ်သည်။

ဒီချုပ်မဟုတ်သော ပါတီတစ်ခုတည်းက ၁၉ နေရာစလုံးကို နိုင်ခဲ့လျှင်ပင် လက်ရှိ နိုင်ငံရေးနှင့် အစိုးရအဖွဲ့ အခင်းအကျင်းကို မထိခိုက်နိုင်ခြင်းကလည်း ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါး ရခြင်း၏အကြောင်းရင်းတစ်ခုဖြစ် သည်။

‘‘ဒါပေမဲ့လည်း မဲတစ်မဲဖြစ်စေ၊ လူတစ်ယောက်ကို ရွေးကောက်တင်မြှောက်လိုက်တာဖြစ်စေ ဒါဟာ အရေးကြီးတယ်။ ဒါလေးတွေ ပေါင်းပြီး အင်အားဖြစ်လာနိုင်တယ်ဆိုတဲ့ အသိဖြစ်အောင် လက်တွေ့ပြထားနိုင်တယ်ဆိုရင် လူတွေက စိတ်ဝင်စားကြမှာပေါ့’’ဟု နိုင်ငံရေးဆောင်းပါးရှင် စည်သူအောင်မြင့်က ပြောသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို သိရှိသူဦးရေသည် မြို့ပြတွင် ၇၃ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ၌ ၅၅ ရာခိုင်နှုန်းရှိကြောင်း ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE)စစ်တမ်းတွင် ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ၈၀ ကို ကျပန်းရွေးချယ်ကာ အသက်(၁၈)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ဦးရေ ၈၀၀ အား မေးမြန်း၍ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ဖြေဆိုသူ ၈၀၀ အနက် ၅၇ ရာခိုင်နှုန်းသည် မဲပေးရန် အစီအစဉ်ရှိသည်ဟု ဖြေကြားပြီး ၄၁ ရာခိုင်နှုန်းသည် မဲပေးရန် အစီအစဉ်မရှိဟု ဖြေကြားထားသည်ကို တွေ့ရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များ၌ မဲစာရင်းကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ၁၄ ရက်ကြာကပ်ထားပေးသော်လည်း လာရောက်ကြည့်ရှုသူ ၁၂ ဒသမ ၂၄ ရာခိုင်နှုန်းသာရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် သည်။

မဲဆန္ဒရှင် နှစ်သန်းကျော်ရှိသော်လည်း ကြားဖြတ်ရွေး ကောက်ပွဲကို စိတ်ဝင်စားမှုနည်း ပါး၍ တစ်အိမ်တစ်ယောက် မဲ စာရင်းလာကြည့်ရန် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က နှစ် ကြိမ်တိုင် မေတ္တာရပ်ခံတိုက်တွန်းခဲ့ရသည်။ပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦးအပါအဝင် ကိုယ်စားလှယ် ၉၅ ဦးဝင်ရောက်ယှဉ်ပြိုင် သော်လည်း ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆွယ်ပွဲများ သည် ခြောက်ကပ်လွန်းလှသည်။

သို့သော် မဲဆွယ်စည်းရုံးရေး မှာ တစ်လခန့်ကျန်သေးရာ ယင်းကာလကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

‘‘ဒီရွေးကောက်ပွဲက လစ်လပ်နေတဲ့ မဲဆန္ဒနယ်က ပြည်သူတွေအတွက် သိပ်အရေးကြီးတယ်ဆိုတာ မမေ့သင့်ပါဘူး’’ဟု PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးစိုင်း ရဲကျော်စွာမြင့်ကပြောကြားသည်။

ပြင်ဆင်လိုက်သော ရွေး ကောက်ပွဲဥပဒေများအရ ကြားဖြတ်ရွေးကောက်ပွဲသည် တစ်ကြိမ်သာ လုပ်ရမည်ဖြစ်ရာ အစိုးရဖွဲ့ခွင့်ရမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အစမ်းစာမေးပွဲတစ်ခုဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ်မရှိသော ပြည်သူများက စိတ်ဝင်စားမှုနည်းပါးလင့်ကစား မဲဆန္ဒနယ်လစ်လပ်နေသော ပြည်သူများအတွက် ကြားဖြတ်ရွေးကောက်ပွဲသည် အဓိပ္ပာယ်ရှိသည်။

ထို့ပြင် ဒီမိုကရေစီရေးအတွက်၊ နိုင်ငံသားအခွင့်အရေးအတွက်မူ ပိုမိုအဓိပ္ပာယ်ရှိသည်။

‘‘တကယ်တော့ မဲပေးပိုင်ခွင့် ဆိုတာ နိုင်ငံသားအခွင့်အရေးပဲ။ ကြားဖြတ်မှာ မဲဆန္ဒနယ်တစ်ခုပဲ ရှိပါစေ။ သူတို့ရဲ့ဆန္ဒမဲတစ်မဲဟာ အရေးကြီးတာပါပဲ’’ဟု ဦးစိုင်းရဲ ကျော်စွာမြင့်က ပြောသည်။

ဓာတ်ပုံ-စိုင်းဇော်



7Day News Journal

No comments:

Post a Comment