Latest News

Monday, March 6, 2017

တိုက်ကြီးမြို့နယ် အရှေ့တောင်ဘက် လှိုင်ရိုးမတောင်ပေါ်တွင် ဒဏ်ရာဟောင်းမှ ပြည်တည်ဒဏ်ရာဖြင့် သေဆုံးနေသော တောဆင်ထီး တစ်ကောင်တွေ့ရှိ

တိုက်ကြီးမြို့နယ် အရှေ့တောင်ဘက် လှိုင်ရိုးမတောင်ပေါ်တွင် ဒဏ်ရာဟောင်းမှ ပြည်တည်ဒဏ်ရာဖြင့် သေဆုံးနေသော တောဆင်ထီး တစ်ကောင်တွေ့ရှိ



ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ လှိုင်ရိုးမတောင်ပေါ်တွင် မတ် ၆ ရက် နံနက်ပိုင်းက ပြင်ပ (လတ်တလော ထိခိုက်ထားသော) ဒဏ်ရာမတွေ့ရှိရဘဲ ဒဏ်ရာဟောင်းမှ ပြည်တည်ဒဏ်ရာဖြင့် သေဆုံးနေသော တောဆင်ထီးတစ်ကောင် ‘ဟန်’ ဆင်မျိုးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆင်သေတာတော့မှန်တယ်။ လောလောဆယ်တော့ အဲဒီမှာ ဆင်ဆရာဝန်တွေရဲ့ စစ်ဆေးချက် မရသေးဘူးခင်ဗျ၊၊ ဆင်ဆရာဝန်တွေ စစ်ချက်ရပြီးမှ ကျွန်တော်တို့က သေသေချာချာ ပြောလို့ရမှာ၊ ဒီကတာဝန်မှူးကတော့ အခင်းဖြစ်တဲ့နေရာကို သွားနေပါတယ်” ဟု တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဆင်ထီးအား တိုက်ကြီးမြို့နယ်မှ အရှေ့တောင် ရှစ်မိုင်ခန့်အကွာ၊ တိုက်ကြီး-ဖောင်ကြီးလမ်း မိုင်တိုင်အမှတ် ၆/၀ အနီး၊ လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်း၊ အကွက်အမှတ် ၅ အတွင်း၊ နံနက် ၈ နာရီခန့်တွင် တွေ့ရှိရခြင်း ဖြစ်သည်။ တောဆင်ထီး သေဆုံးရာသို့ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆင်ဆရာဝန်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးဆင်မှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ၊ ဒဏ်ရာဟောင်းဟု ယူဆရသည့် ကိုယ်လုံးညာဘက်အောက်နားမှ နှစ်လက်မခန့်ရှိ ဒဏ်ရာတွေ့ရှိရပြီး ပြည်တည်လှိုက်စား၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သတင်းရတာတော့ ဒီနေ့ နံနက် ၈ နာရီ မိနစ်၂၀ လောက်မှာ ရတာပေါ့၊ သတင်းရလို့ လာကြည့်တော့ ဒီဆင်က သေဆုံးနေပြီပေါ့၊ ဘယ်လိုဖြစ်ပြီးတော့ သေဆုံးနေလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်လသုံးလ အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာအဟောင်းကနေပြီးတော့ ပြည်တည်ပြီးတော့ ၀မ်းဗိုက်ပေါက်သွားတာ၊ ဘာဒဏ်ရာလဲတော့ မသိဘူး။ သူကဒဏ်ရာရဲ့ အကျယ်အ၀န်းက နှစ်လက်မပတ်လည် လောက်ရှိတယ်။ အခေါင်းကြီး ဖြစ်နေတာပေါ့။ ပြည်တွေပိတ်နေတာ၊ အဲဒါကိုခွဲပြီးတော့ ဆင်ဆရာဝန်တွေက စစ်လိုက်တော့ အထဲကို လှိုက်ပြီးတော့ စားနေပြီ၊ အဲဒီတော့ ပြည်ကလှိုက်စားပြီးတော့ ဗိုက်မှာပေါက်နေတာ၊ တခြားဒဏ်ရာ အစိမ်းလတ်လတ်ဆတ်ဆတ် ဘာမှမတွေ့ဘဲနဲ့ အဲဒီဒဏ်ရာ အဟောင်းကြောင့်၊ ပြောရမယ်ဆိုရင် ရောဂါနဲ့ သေဆုံးတာ ဖြစ်တဲ့နေရာက ညာဘက်ခြမ်း ချက်ခုံ၊ ၀မ်းဘက်လို့ခေါ်တာပေါ့။ အဲဒီနေရာမှာ ဖြစ်တာ” ဟု တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမင်းသွင်က ဆိုသည်။

လှိုင်ရိုးမတောင်ပေါ်တွင် သေဆုံးလျက် တွေ့ရှိရသည့် ဆင်ထီးမှာအမြင့် ၁၀ ပေ၊ လုံး ပတ် ၁၅ ပေခန့်၊ အစွယ် နှစ်လက်မခန့်နှင့် ခန့်မှန်းအသက် ၃၅ နှစ်မှ ၄၀ အတွင်းရှိကြောင်း၊ ဆင်မျိုးများအနက် ‘ဟန်’ ဟု ခေါ်သော ဆင်အမျိုးအစားဖြစ်ပြီး အစွယ်တိုသော ရှာပါးဆင်မျိုးဖြစ်ကြောင်း၊ သေဆုံးနေသော တောဆင်ထီးအား အထက်တာဝန်ရှိသူများ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆင်ဆရာဝန်နဲ့ခေါ်ပြီးတော့မှ ဘာကြောင့် သေလဲဆိုတာ စစ်ဆေးပြီးသွားပြီ။ အဲဒါကို ကျွန်တော်တို့လည်း အထက်အမိန့် စောင့်နေတာလော လောဆယ်တော့ ဒီအတိုင်းပဲ၊ ဒီဆင်ကို သူများတွေလာပြီးတော့ မဖျက်ဆီးအောင်လို့ စောင့်ရှောက်နေပါတယ်” ဟု ဦးမင်းသွင်က မတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြောကြားသည်။    

ဇော်ဝင်းချစ် (တောင်ငူ)

Eleven Media Group

No comments:

Post a Comment