Latest News

Monday, March 6, 2017

ပုဂံတွင် ငလျင်ဒဏ်သင့် စေတီပုထိုးများအနက် ဦးစားပေးအဆူ ၅၀ ကို သင်္ကြန်ကာလပြီးလျှင် စတင်ပြင်ဆင် ဆောင်ရွက်မည်

ပုဂံတွင် ငလျင်ဒဏ်သင့် စေတီပုထိုးများအနက် ဦးစားပေးအဆူ ၅၀ ကို သင်္ကြန်ကာလပြီးလျှင် စတင်ပြင်ဆင် ဆောင်ရွက်မည်



ပုဂံတွင် ငလျင်ဒဏ်သင့် စေတီပုထိုးများအနက် ဦးစားပေးအဆူ ၅၀ အား သင်္ကြန်ကာလပြီးလျှင် စတင်ပြင်ဆင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။      

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စေတီပုထိုး  ရှေးဟောင်း အဆောက်အအုံပေါင်း ၄၀၀ ၀န်းကျင် ထိခိုက်ပျက်စီးခဲ့ရာ အဆိုပါ ဘုရားများအနက် အသေးစား ပြင်ဆင်ရမည့် ၂၂၄ ဆူအား ယခုနှစ် သင်္ကြန်ကာလမတိုင်မီ အပြီးသတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သင်္ကြန်ကာလပြီးပါက ဦးစားပေး ဆောင်ရွက်ရမည့် ၁၆၅ ဆူအနက်မှ အဆူ ၅၀ အား စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သတင်းရရှိသည်။

“၂၂၄ ဆူကပြီးတော့မှာ။ အဲဒီတော့ ဒီနှစ်ထဲမှာလုပ်ရမယ့် ပထမဦးစားပေး ဒုတိယဦးစားပေး တတိယဦးစားပေးထဲက အဲဒီထဲက ၅၀ ကိုလျာထားတယ်။ အဲဒါကို သင်္ကြန်ပြီးရင် စတင်ပြင်ဆင် ဆောင်ရွက်သွားမယ်။ သင်္ကြန်မတိုင်ခင်မှာတော့ ၂၂၄ ဆူကို  အပြီးဖြတ်မယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး အရေးပေါ် ထိန်းသိမ်းရေးလုပ်တာတို့ ဆောင်ရွက်နေတယ်။  အဲဒါတွေ လုပ်ရင်းနဲ့လည်း တချို့ဟာတွေက ပြီးသလောက်နီးပါး ဖြစ်နေတာလည်း ၁၉ ဆူရှိတယ်။ ဥပမာ မြင်းပြဂူပေါ့။ မြင်းပြဂူက ထိပ်ပိုင်းလေးကျိုးသွားလို့ အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်း လုပ်လိုက်တယ်။ ပညာရှင်တွေနဲ့ စစ်လိုက်တဲ့ အခါမှာလည်း နောက်ထပ်လုပ်စရာ မလိုတော့တာမျိုး ပြီးသွားပြီ ဆိုတာမျိုး အဲဒါမျိုးက ၁၉ ဆူလောက်ရှိတယ်” ဟု ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“နှစ်အလိုက် လျာထားတာလေးတွေရှိတယ်။ ပထမနှစ်ကို ဘယ်နှဆူ၊ ဒုတိယနှစ်ကို ဘယ်နှဆူ၊ တတိယနှစ်ကို ဘယ်နှဆူဆိုပြီး ၂၀၂၀ ခုနှစ်အထိ လေးနှစ်စီမံချက်နဲ့လုပ်မယ်။ တချို့လည်း တစ်နှစ်တည်းနဲ့ပြီးမယ်။ လေးနှစ်လုံး ဆက်တိုက်လုပ်ရမယ့် ဘုရားလည်း ရှိတာပေါ့။ ဥပမာ သဗ္ဗညုလိုမျိုး၊ စူဠာမဏိလိုမျိုးပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆက်လက် ပြောကြားသည်။                        


ကိုနော် (ပုဂံ)

Eleven Media Group

No comments:

Post a Comment