Latest News

Thursday, March 16, 2017

ရေဓာတ်ခန်းခြောက်တာကို ဘယ်လိုပြန်အားဖြည့်မလဲ

ရေဓာတ်ခန်းခြောက်တာကို ဘယ်လိုပြန်အားဖြည့်မလဲ

ရာသီဥတုပူလာတာနဲ့အမျှ နေ့စဉ်လုပ်ရှားသွားလာနေသူတွေမှာ ရေဓာတ်ခန်းခြောက်မှုကို အနည်းနဲ့အများ ခံစားကြရပါတယ်။ တစ်နေ့ ရေရှစ်ခွက်အနည်းဆုံးသောက်ရမယ်ဆိုပေမယ့် အပူချိန်၊ လှုပ်ရှားတဲ့ပေါ်မူတည်ပြီး ရေဓာတ်ပိုလိုအပ်တာတွေရှိပါတယ်။ ရေဓာတ်ခန်းခြောက်လာရင် အမြန်ဆုံးပြန်လည်ဖြည့်နိုင်မယ့် နည်းလမ်းတွေကို ညွှန်းဆိုပေးချင်ပါတယ်။

ရေဓာတ်ခန်းခြောက်တာကို အကောင်းဆုံးပြန်အားဖြည့်နိုင်မယ့်နည်းလမ်းက ရိုးရိုးသောက်ရေသန့်၊ ဓာတ်ဆား ဒါမှမဟုတ် သစ်သီးဖျော်ရည်ကို တတ်နိုင်သလောက် များများပြန်သောက်ပေးပါ။ ကလေးငယ်လေးတွေ၊ ရင်ခွင်ပိုက်ကလေးတွေ ရေဓာတ်ခန်းခြောက်ရင် မိခင်နို့ရည် ဒါမှမဟုတ် တိုက်နေကျနို့မှုန့်ကို တစ်နာရီခြားတစ်ခါ တိုက်ပေးပါ။ မလုံလောက်ရင် ရေပါရောတိုက်နိုင်ပေမယ့် သစ်သီးဖျော်ရည်တို့၊ တခြားအရည်တွေ မတိုက်ပါနဲ့။ မသက်သာရင် ဆရာဝန်အမြန်ဆုံးသွားပြပါ။

ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် ကွာခြားပါတယ်။ ပုံမှန်ဆိုရင်တော့ အာခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရေခဏခဏဆာခြင်း၊ ဆီးသွားနည်းခြင်း၊ ၀မ်းချုပ်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အသားရေခြောက်သွေ့ခြင်းနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်းတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဆီးလုံးဝ မသွားတော့ဘူး၊ သွေးပေါင်ကျလာမယ်၊ နှလုံးခုန်မြန်လာမယ်၊ ကယောင်ကတမ်းဖြစ်လာတာက ပိုဆိုးသွားတဲ့လက္ခဏာတွေပါ။

လူ့ခန္ဓာကိုယ်ဟာ ရေဓာတ်နဲ့အများဆုံးဖွဲ့စည်းထားတာမို့ တစ်နေ့တာလိုအပ်တဲ့ရေပမာဏသောက်နိုင်အောင် ဂရုစိုက်ပါ။ ရာသီဥတုအခြေအနေကြောင့် ရေဓာတ်ခန်းခြောက်လာရင် ပြန်အားဖြည့်ပေးနိုင်မယ့် ရေဓာတ်များတဲ့ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သင်္ဘောသီးတို့လို အသီးအနှံတွေ စားပေးပါ။ အားဖြည့်အချို ရည်တွေလို ရေဓာတ်ပြန်ဖြည့်ပေးနိုင်တာက အုန်းရည်ပါ။ ရေဓာတ်ခန်းခြောက်တဲ့အခါ အုန်းရည်တစ်ခွက် မကြာခဏသောက်ပေးရင် အမြန်ဆုံးပြန်အားပြည့်ပါတယ်။ ဆဲလ်တွေက အုန်းရည်ကို အမြန်ဆုံးစုပ်ယူနိုင်တာမို့ အထိရောက်ဆုံး အားဖြည့်ရည်ပါပဲ။

ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ်အများဆုံးပါတာမို့ ဆုံးရှုံးသွားတဲ့သတ္တုဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်လို့ ကြွက်သွားနာကျင်တာတွေကို တစ်နေ့ငှက်ပျောသီး ၂ လုံး ဒါမှမဟုတ် ငှက်ပျောသီးဖျော်ရည်သောက်ပေးရင် သက်သာစေပါတယ်။ ဒိန်ချဉ်ကလည်း ၀မ်းလျှော (သို့) အန်လို့ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်နေတဲ့အခါ ဒိန်ချဉ်ရိုးရိုးကို ချိစ်နဲ့ဖြစ်ဖြစ်၊ ဆန်ပြုတ်ထဲထည့်စားတာဖြစ်ဖြစ်စားပေးရင် သက်သာပါတယ်။

ပြောခဲ့တဲ့နည်းလမ်းအတိုင်းလုပ်ပေမယ့် ရေဓာတ်ခန်းခြောက်မှုလက္ခဏာ ပျောက်မသွားဘူးဆိုရင် ဆရာဝန်ဆီသွားပြီး ကုသဖို့ တိုက်တွန်းချင်ပါတယ်။

Ref: NHS

Photography by:
Svetikd (istock), Livestrong

No comments:

Post a Comment