Latest News

Tuesday, March 14, 2017

မြောက်ကိုရီးယားသံအမတ်ကို မလေးရှား နှင်ထုတ်

မြောက်ကိုရီးယားသံအမတ်ကို မလေးရှား နှင်ထုတ်

မလေးရှားအစိုးရက ဗီဇာသက်တမ်းကျော်လွန်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၅၀ ကို နိုင်ငံမှနှင်ထုတ်သွားမယ်လို့ ပြောကြားပါတယ်။ ကင်မ်ဂျုံနမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေ နိုင်ငံမှ ထွက်ခွာခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားပေမဲ့ ဗီဇာကျော်လွန်နေသူတွေကို နှင်ထုတ်သွားမယ်လို့ မလေးရှားအစိုးရက ဆိုပါတယ်။

မလေးရှားက နှင်ထုတ်သွားမယ့် မြောက်ကိုရီးယားတွေဟာ ဘော်နီယိုကျွန်းရှိ ဆရာဝပ်ခ်မှာ အလုပ်လုပ်နေသူတွေလို့ အာဏာပိုင်တွေက ပြောပါတယ်။ တားမြစ်ပိတ်ပင်ထားပေမဲ့ ယခု မြောက်ကိုရီးယားနိုင်ငံသား ၅၀ ကို မည်သည့်အတွက်ကြောင့် နိုင်ငံမှနှင်ထုတ်ကြောင်းကို မလေးရှားအာဏာပိုင်တွေက ပြောကြားခဲ့ခြင်း မရှိပါဘူး။


ပြီးခဲ့တဲ့လအတွင်းက ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ အဖေတူအမေကွဲ အကိုဖြစ်သူ ကင်မ်ဂျုံနမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး မလေးရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ပေါ်ပေါက်ကာ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ကင်မ်ဂျုံနမ်ဟာ ဖေဖေါ်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ VX nerve agent ခေါ် အာရုံကြောပျက်စီးစေတဲ့ အဆိပ်ဖြင့် လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ကြောင်း မလေးရှားက သတင်းထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားက နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ပြောပါတယ်။

ကင်မ်ဂျုံနမ်ရဲ့ အလောင်းကို ပြန်လည် လွှဲပြောင်းပေးရေးကိစ္စမှာ နှစ်နိုင်ငံ အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရာ မလေးရှားက မြောက်ကိုရီးယားသံအမတ်ကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားက နိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသား ၉ ဦးကို ထွက်ခွာခြင်းမပြုရန် ပိတ်ပင်ထားခဲ့ပါတယ်။

ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုကို မြောက်ကိုရီးယားက စီစဉ်ခဲ့ဖွယ်ရှိကြောင်း သံသယများလည်း ကျယ်ပြန့်စွာ ရှိနေပါတယ်။ ကင်မ်ဂျုံနမ်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံသားအချို့ကို မလေးရှားရဲတပ်ဖွဲ့က အလိုရှိနေပြီး ၎င်းတို့အနက် ၃ ဦးဟာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးအတွင်း ပုန်းအောင်းနေတယ်လို့ ယူဆထားပါတယ်။
မလေးရှားအာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ မလေးရှားနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံသား ၁,၀၀၀ ခန့် ရှိနေကြောင်း သိရပါတယ်။ မလေးရှားနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ဟာ ၁၉၇၀ ပြည့်လွန်နှစ်များမှစပြီး သံတမန်ရေး ဆက်ဆံမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံကြား စားအုန်းဆီနဲ့ သံမဏိကဲ့သို့ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးကို ကွာလာလမ်ပူမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Source & Photo: BBC: Duwun

No comments:

Post a Comment