Latest News

Thursday, March 16, 2017

“အိမ်ထောင်ရေးသာယာဖို့ခင်ပွန်းသည်ရဲ့ ကိုယ်ရည်ကိုယ်သွေးက အရေးပါသလား“

“အိမ်ထောင်ရေးသာယာဖို့ခင်ပွန်းသည်ရဲ့ ကိုယ်ရည်ကိုယ်သွေးက အရေးပါသလား“


“တကယ်တော့သာယာအေးချမ်းတဲ့မိသားစု ဘ၀ကို တည်ဆောက်တဲ့ နေရာမှာ အမျိုးသားရော အမျိုးသမီးတွေပါ အရေးကြီးကြပါတယ်။

ဒါပေမဲ့ ကျွန်မတို့မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ အမျိုးသားတွေရဲ့ကိုယ်ရည်ကိုယ်သွေးကောင်းရင် ကောင်းသလောက် မိသားစု ဘ၀ဟာ သာယာ  ချမ်းမြေ့ကြပါတယ်လို့မြင်မိပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်က သာယာတဲ့အိမ်ထောင်ရေးတွေကို လေ့လာကြည့်တဲ့အခါမှာ စိတ်ပညာရှင် တာမင်ရဲ့ အဆိုလိုပဲ  ခင်ပွန်းဖြစ်သူရဲ့ကိုယ်ရေးကိုယ်သွေးဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာလည်း တွေ့ရပါတယ်။

စိတ်သဘောထား မှန်ကန်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားကောင်းတဲ့ တရားမျှတမှုရှိတဲ့အမျိုးသား၊ စာနာ နားလည်ပေးတတ်တဲ့အမျိုးသား၊ အဲလိုအမျိုးသားအများစုက သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြတာလည်း တွေ့ရပါတယ်။

ကိုယ်ကျင့်တရားကောင်းတဲ့အတွက် အိမ်ထောင်ဘက်ဇနီးသည်အပြင် အခြားမိန်းမတစ်ယောက် မရှိဘူး၊ အဲဒီလို ထိမ်းသိမ်းနိုင်တဲ့အတွက် ဇနီးသည်နဲ့သားသမီးတွေကလည်း စိတ်ချမ်းသာကြရသလို၊ ခင်ပွန်းဖြစ်သူအပေါ် ဇနီးသည်ကလည်း အလိုက်သိစွာနဲ့ နားလည်ပေးတာ၊သူ့အပေါ် ပြန်စောင့်ထိန်းကောင်းမွန်တာတွေရှိပါတယ်။

သားသမီးတွေအနေနဲ့လည်း အဖေကို ချစ်တဲ့ စိတ်အပြင်၊ ကြည်ညိုစိတ်နဲ့ အဖေ့ရဲ့ ကိုယ်ကျင့်တရားအတွက် ဂုဏ်ယူတာတွေရှိပါတယ်။ အပြန်အလှန် ချစ်ခင်ခြင်းအပြင်နားလည်ခြင်းနဲ့လေးစားခြင်းတို့ပါ ရောယှက်နေတဲ့ မိသားစု ဘ၀ကို တွေ့မြင်ရပါတယ်။

အဆင်မပြေတဲ့အိမ်ထောင်ရေးကို လေ့လာကြည့်တဲ့အခါမှာ  ခင်ပွန်းဖြစ်သူက အပြစ်တင်တတ်တာ၊ ရိုက်နှက် ညင်းဆဲတတ်တာ၊ အမြဲတမ်း အနိုင်ယူပြီး တကိုယ်ကောင်းဆန်တာ စတဲ့လက္ခဏာတွေကို တွေ့ရပါတယ်။

ကျွန်မအနေနဲ့ဖြည့်စွက်ချင်တာလည်း ရှိပါတယ်။ ဒါကတော့အိမ်ထောင်ရေးသာယာဖို့အတွက် မိသားစုဘ၀ ပျော်ရွှင်ရေး၊ကျေနပ်ရေးကိုလည်း ဖန်တီးနိုင်ဖို့ လိုမယ်လို့ နားလည်မိလာတယ်။

ဒီကနေ့ ခေတ်မှာ စီးပွားရေး၊ လူမှုရေးအခြေအနေတွေက မိသားစုတွေကို ဖိအားတစ်ရပ်ဖြစ်နေစေတဲ့အတွက် မိသားစု ဘ၀ပျော်ရွှင်၊ကျေနပ်ရေးဆိုတာလည်း ပြောသလောက် မလွယ်ကူတော့ပါဘူး။

မလွယ်တဲ့အတွက် ဒီအတိုင်းသား ထားလိုက်ရင်လည်း မပျော်ရွှင်တဲ့မိသားစုဘ၀ကနေ ရှုံးနိမ့်တဲ့ မိသားစု ဘ၀တွေဖြစ်လာပြီးတော့ မအောင်မြင်တဲ့အိမ်ထောင်ရေးနဲ့ မအောင်မြင်တဲ့လူသားတွေ ဖြစ်ကုန်မှာကိုလည်း စိုးရိမ်မိတယ်။

ဒါကြောင့် မိသားစုဘ၀ဆိုတာ ဖြစ်လာရင် ပျော်ရွှင်ကျေနပ်မှုရရှိအောင်တော့ကြိုးစားအားထုတ်ရမယ်လို့ နားလည်မိတယ်။ ဒါကြောင့်ဘယ်လောက်ပဲ  အလုပ်များပါစေ၊ ဘယ်လိုပဲ ဖိအားတွေ၊ စိတ်ဖိစီးမှုတွေရှိနေပါစေ။ မိသားစုအတူတူ တစ်နေကုန် ဖြတ်သန်းကုန်ဆုံးရမဲ့နေ့ တစ်နေ့ (သို့မဟုတ်) နှစ်ရက်လောက်တော့ ဖြစ်အောင် အားထုတ်မိပါတယ်။

ကျွန်မတို့ မိသားစုကတော့ပိတ်ရက်တွေမှာ မိသားစုလိုက် ပျော်ရွှင်ခြင်းကို ဖန်တီးဖို့အတွက်အမြဲတမ်း ကြိုးပမ်းအားထုတ်ခဲ့ကြတယ်။ တစ်ခါတစ်ရံကို အခက်အခဲတွေ အကြပ်အတည်းတွေ အဆင်မပြေမှုတွေ ရှိတ်ပေမဲ့မိသားစု နေ့လေးကိုတော့အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းဖို့ပဲ ကြိုးစားကြပါတယ်။

နံနက်စာကို မိသားစု အတူတူ စားကြတယ်။  ပြီးတော့ ဈေးဝယ်လာတဲ့ဟင်းလျာတွေကိုသူက ဦးဆောင်ပြီး ချက်ပြုတ်တော့တာပါပဲ။
သူ့လက်ရာက အဖေ့လက်ရာလိုပဲ အမြဲတမ်း အချိန်မရွေး စားကောင်းလှတယ်။

ဘယ်သူက ပန်းကန်ဆေး၊ ဘယ်သူက တံမြက်စည်းလှဲ ၊ အ၀တ်လျှော် ဆိုတဲ့တာဝန်တွေနဲ့အသီးသီး အလုပ်လုပ်ကြတာ ပျော်စရာလည်း ကောင်းတယ်။ မိသားစုရဲ့ လေးနက်ခိုင်မာမှုကိုလည်း ပိုပြီး ခံစားနားလည်လာရတယ်။ပြီးတော့ အလုပ်တွေအားလုံးပြီးရင် ဗီဒီယိုကြည့်တယ်။.စာဖတ်ကြတယ်။ ညနေပိုင်းမှာတော့အပြင်ထွက်ပြီး ညစာ စားကြတယ်။ အဲဒီလိုနဲ့သာသာယာယာ နှစ်ရက်လောက်ကိုတော့ ရက်သတ္တပတ် ၇ ရက်မှာ ရှိနိုင်အောင် အားထုတ်ခဲ့ကြပါတယ်။

အဲဒီလိုတဲ့ကျွန်မတို့မိသားစုရဲ့ပိတ်ရက်တွေကို
ဖြတ်သန်းခဲ့တာ အိမ်ထောင်သက် ၁၇ နှစ်ကျော်လာခဲ့ပြီ။ ဒါကပဲ ကျွန်မတို့ရဲ့အိမ်ထောင်ရေးကို သာယာခိုင်မြဲစေခဲ့သလား။

ဒါကို စဉ်းစားတဲ့အခါ  အိမ်ထောင်ရေးသာယာဖို့နဲ့မိသားစုဘ၀ ပျော်ရွှင်ဖို့ ဆိုရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကိုလည်း တွေ့မြင်မိပါတယ်။ အများနဲ့တူချင်မှလည်း တူပါလိမ့်မယ်။ ဒါကတော့ခင်ပွန်းဖြစ်သူက အိမ်အလုပ်တွေကို သူ့အလုပ် ကိုယ့်အလုပ်ဆိုတာမျိုး ခွဲခြားမနေဘဲနဲ့ ဇနီးသည်နဲ့အတူတူ သားတွေ သမီးတွေနဲ့အတူတူ ၀င်ရောက်လုပ်ကိုင်ပေးခြင်းဟာလည်း မိသားစုရဲ့အနှစ်သာရနဲ့ တစ်ဦးအပေါ် တစ်ဦး စာနာနားလည်ပေးခြင်း ဆိုတဲ့လေးနက်ခိုင်မာမှုကို ခံစားရစေပါတယ်။ခင်ပွန်းဖြစ်သူက အိမ်အလုပ်တွေကို ကူညီလုပ်ကိုင်ပေးခြင်းကလည်း မိသားစုဘ၀ရဲ့သာယာကျေနပ်မှုကို ဖြစ်စေတယ်ဆိုတဲ့အချက်ပါပဲ။

ဒီအချက်ကို သာယာတဲ့မိသားစုဘ၀ကို တည်ဆောက်နိုင်စွမ်းရှိသူတွေရဲ့ ၃၅% လောက်က အိမ်အလုပ်တွေကို အတူတူ လုပ်ကိုင်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်တယ်လို့ David Niven(Ph.d) ရဲ့The 100 Secrets of Happy Families မှာ ရေးသားထားတာ ဖတ်ခဲ့ရဖူးတယ်။

ကျွန်မတို့ပတ်ဝန်းကျင်ဆိုတာ အိမ်အလုပ်ကူညီလုပ်ကိုင်ပေးနေတတ်တဲ့အမျိုးသားတွေ၊ ခင်ပွန်းတွေကို ချီးကျူးဖို့ထက် ရှုံ့ချဝေဖန်တတ်တဲ့ဝန်းကျင်မဟုတ်လား။

“အိမ်အလုပ်လုပ်တာ ယောင်္ကျားအလုပ် မဟုတ်ဘူး၊ လုပ်မပေးနဲ့မိန်းမတွေ ကမ်းတက်တယ်။ အခိုင်းခံယောင်္ကျားဖြစ်သွားတတ်တယ်“ ဆိုတဲ့စကားမျိုး၊“ကိုယ်က အိမ်ထောင်ဦးစီးပဲ…။ ဒါမျိုး လုပ်ရမှား မဟုတ်ဘူး“ ဆိုတဲ့အယူအဆမျိုးနဲ့ ရှင်သန်တဲ့ပတ်ဝန်းကျင်ပါ။

အဲဒီလို ပတ်ဝန်းကျင်မှာ နေထိုင်ကြရပေမဲ့ ဖေဖေကတော့ရှေ့နေ အလုပ်အပြင် သူ အိမ်ပြန်လာတဲ့အချိန်မှာ မိသားစု စားဖို့မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ပေးတတ်တဲ့ ခင်ပွန်း၊ သားသမီးတွေအတွက် ဖခင်ကောင်း အဖြစ် ရပ်တည်ရှင်သန်ပေးခဲ့တယ်။

ဖေဖေကသာ အပြစ်တင်တတ်တဲ့ခင်ပွန်းမျိုးဆိုရင် အမေ့ကို အိမ်မှုကိစ္စ မနိုင်နင်းရကောင်းလား ဆိုပြီး အပြစ်တင်နေမှာ၊ တက္ကသိုလ်က ဆရာမဖြစ်တဲ့ အမေကလည်း ပညာမာနနဲ့ တုန့်ပြန်ပြီး မတည်ငြိမ်တဲ့အိမ်ထောင်ရေး  ဖြစ်လာကြမှာ။ ဒါပေမဲ့ ကျွန်မ ဖေဖေနဲ့မေမေက တစ်ဦးတစ်ဦး အပြန်အလှန်နားလည်မှု ပေးပြီး တည်ဆောက်ခဲ့ကြတာ ကျွန်မ တစ်သက်ပါပဲ။

ကျွန်မရဲ့အိမ်ထောင်ရေးကိုလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု ဘ၀ကိုပဲမျှော်မှန်းခဲ့တာပါပဲ။သေချာတာကတော့ကျွန်မဟာ ဖခင်နဲ့တူတဲ့၊ အကိုနဲ့တူတဲ့ခင်ပွန်းသည်ကို မှန်ကန်စွာ ရွေးချယ်လက်ထပ်နိုင်ခဲ့တယ်ဆိုရမှာပါပဲ။

ဒီကနေ့ထိ အိမ်ထောင်ရေး ပြဿနာ၊ လူမှုရေး ပြဿာနာ ကင်းဝေးနေရတာ ကျွန်မရဲ့ ခင်ပွန်းရဲ့နားလည်ပေးမှုနဲ့ စာနာစိတ်ကြောင့်လို့အမြဲအသိအမှတ်ပြုရပါတယ်။

ဒီအချက်တွေနဲ့ကျွန်မရဲ့အတွေ့အကြုံတွေအရ အိမ်ထောင်ရေးမှာ အမျိုးသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရင် မြင့်မားသလို သာယာနိုင်တယ်ဆိုတာကို လက်ခံမိတော့တာပါပဲ။

မတူညီတဲ့အမြင်များကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment