ဥရောပတွင် ဖက်ဆစ်စိတ်ဓာတ် ကြီးထွားနေသည်ဟု တူရကီသမ္မတ အာဒိုဂန် ဝေဖန်
အန်ကာရာ၊ မတ် ၁၆
တူရကီသမ္မတ အာဒိုဂန်က ဥရောပတွင် ဖက်ဆစ်ဝါဒ ခေါင်းထောင်လာသည်ဟု ထိုးနှက်ဝေဖန်လိုက်ပြီး ရွှေ့ပြောင်းဒုက္ခသည်ကိစ္စ အီးယူနှင့် သဘောတူညီထားမှုကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
အခြားဥရောပ နိုင်ငံများတွင် နေထိုင်လုပ်ကိုင်နေသော တူရကီများကို နိုင်ငံရေး ဟောပြောစည်းရုံးမည့် တူရကီအစိုးရ ဝန်ကြီးများကို ဂျာမနီနှင့် နယ်သာလန်တို့က တားဆီးပိတ်ပင်ခဲ့သောကြောင့် အာဒိုဂန်က ဒေါသတစ်ကြီး ပြစ်တင်ဝေဖန်နေခြင်း ဖြစ်သည်။
“ဥရောပဟာ သူ့ရဲ့ အကြောက်တရားတွေထဲမှာ နစ်မြုပ်နေပြီ။ တူရကီ မုန်းတီးမှု၊ အစ္စလာမ် မုန်းတီးမှုတွေ ကြီးထွားနေတယ်။ လာရောက်ခိုလှုံတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကိုတောင် ကြောက်ရွံ့နေကြတယ်” ဟု အာဒိုဂန်က ဗုဒ္ဓဟူးနေ့ ရုပ်သံမိန့်ခွန်းတွင် ပြောကြားသည်။
ဥရောပတွင် တူရကီဗီဇာ ကင်းလွတ်ခွင့်ရရေးနှင့် အီးယူသို့ တူရကီ ဝင်ရောက်ခွင့် ဆွေးနွေးမှုများအတွက် အပြန်အလှန်အားဖြင့် အီးယူသို့ ဂရိမှတစ်ဆင့် ဝင်မည့် ရွှေ့ပြောင်းဒုက္ခသည်များကို တားဆီးကာ ပြန်လွှတ်ရန် မနှစ်က အီးယူနှင့် သဘောတူညီထားမှုကို တူရကီက ဖျက်သိမ်းဖွယ် ရှိသည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။
တူရကီနိုင်ငံသားများ အတွက် အီးယူ ဗီဇာကင်းလွတ်ခွင့်ရရေးမှာ ယခုအချိန်အထိ ဖြစ်မလာသည့်အတွက် ဥရောသို့ ဒုက္ခသည်များ မဝင်နိုင်အောင် တားဆီးပေးခြင်းကို တူရကီက ရပ်ဆိုင်းထားပြီး ဖြစ်သည်။
ဒုက္ခသည်များအား တူရကီဝင်ပေါက်မှ တားဆီးထားခြင်းသည် ၂၀၁၅ ခုနှစ် ကကဲ့သို့ ထပ်မံစုပြုံ ဝင်ရောက်လာခြင်း မရှိစေရန် ဟန့်တားနိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်က ဒုက္ခသည်များ စုပြုံဝင်ရောက်မှုကြောင့် ဥရောပနိုင်ငံ အချို့တွင် နိုင်ငံရေး အငြင်းပွားမှုများနှင့် လက်ယာစွန်း လှုပ်ရှားမှုများ ကြီးထွားလာစေခဲ့သည်။
ဥရောပတွင် နာဇီလက္ခဏာများ ရှိသေးသည်ဟု အာဒိုဂန်က စည်းလွတ်ဘောင်လွတ် ရမ်းကားပြောဆိုမှုသည် ဒုတိယကမ္ဘာစစ် အတွင်းက နာဇီတို့၏ ဗုံးဒဏ်ကြောင့် လူပေါင်းနှစ်သိန်းခန့် သေဆုံးခဲ့ရသည့် ဒတ်ခ်ျတို့အပေါ် ကြီးမားစွာ စော်ကားပြောဆိုရာ ရောက်သည်ဟု မီဒီယာ သတင်းများအရ သိရှိရသည်။
အာဒိုဂန်သည် ၎င်းအတွက် အာဏာရှင်နီးပါး ဖြစ်လာစေမည့် အခြေခံဥပဒေ ပြင်ဆင်မှုများအတွက် ပြည်တွင်းတွင် ထောက်ခံမှု ရရှိစေရန် အီးယူနှင့် နိုင်ငံရေး အငြင်းပွားမှုကို အသုံးချကာ အမြတ်ထုတ်နေခြင်း ဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပမှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။
ဥရောပတစ်လွှား ရောက်ရှိနေထိုင်နေသော ခန့်မှန်းခြေ တူရကီ ၄ ဒသမ ၅ သန်းခန့်သည် တူရကီ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရှိသည်။
The Voice
Thursday, March 16, 2017
ဥရောပတွင် ဖက်ဆစ်စိတ်ဓာတ် ကြီးထွားနေသည်ဟု တူရကီသမ္မတ အာဒိုဂန် ဝေဖန်
ဥရောပတွင် ဖက်ဆစ်စိတ်ဓာတ် ကြီးထွားနေသည်ဟု တူရကီသမ္မတ အာဒိုဂန် ဝေဖန်
Reviewed by Ar Ti
on
9:56 PM
Rating: 5
![](https://2.bp.blogspot.com/-1HgCFRTXX4A/WMtsjAPGhxI/AAAAAAAAP9c/P_VZ_-qZ2bwaAdtXc-mqzIVvpDFp8hu3QCLcB/s72-c/CiYPDM.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment