Latest News

Saturday, March 11, 2017

တစ်နိုင်ငံလုံး အရက်ချက်စက်ရုံ ၇၃ ရုံတွင် ၆ ရုံသာ ရေဆိုး စနစ်တကျ စွန့်ပစ်ဟုဆို

တစ်နိုင်ငံလုံး အရက်ချက်စက်ရုံ ၇၃ ရုံတွင် ၆ ရုံသာ ရေဆိုး စနစ်တကျ စွန့်ပစ်ဟုဆို


ရန်ကုန်၊ မတ် ၁၁

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်နေသော အရက်ချက်စက်ရုံ ၇၃ ရုံတွင် စွန့်ပစ်ရေဆိုး သန့်စင် စနစ်ဖြင့် စနစ်တကျ စွန့်ပစ်သည့်စက်ရုံ ၆ ရုံသာ ရှိကြောင်း သွားရောက် စစ်ဆေးမှု ပြုလုပ်ရာတွင် ပါဝင်သူများထံမှ သိရသည်။

အရက် ထုတ်လုပ်ခွင့် ရရှိထားသည့် စက်ရုံ ၇၃ ရုံကို စစ်ဆေးခဲ့ရာတွင် Grand Royal၊ ရွှေမြင်းပျံ၊ YB အရက်ချက် စက်ရုံ၊ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Heniken စသည့် စက်ရုံများသာ စွန့်ပစ်ရေဆိုး သန့်စင်စနစ်ဖြင့် စနစ်တကျ စွန့်ပစ်သည်ကို တွေ့ရှိခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“ပြည်ထောင်စုလွှတ်တော်က တင်သွင်းထားပြီးနောက်ပိုင်း ကျွန်တော်တို့ စောင့်ကြည့်နေတယ်၊ နည်းစနစ်တကျ လုပ်တာဆိုလို့ အရက်စက်ရုံ ၃ ရုံ ဘီယာစက်ရုံ ၃ ရုံပဲ စွန့်ပစ်ရေဆိုးကို စနစ်တကျ စွန့်ပစ်တယ်။ တချို့ စက်ရုံတွေကတော့ ပြောင်းလဲဖို့ လုပ်နေတယ်၊ တချို့ စက်ရုံတွေဆို ဘာမှ မလုပ်သေးဘူး”ဟု ၎င်းကဆိုသည်။

စံချိန်စံညွှန်းများနှင့်အညီ ရေဆိုးများ စွန့်ပစ်မှသာ အရက်ချက် စက်ရုံများကို ထုတ်လုပ်ခွင့်ပြုရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က ဦးအောင်ကျော်ကျော်ဦးက တင်သွင်းခဲ့ရာပြီး နောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြင်ပ ပညာရှင်များနှင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးမှုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အရက်ချက် စက်ရုံများ၏ ရေဆိုးစွန့်ပစ်နေခြင်း အခြေအနေကို မြန်မာ့ အစိမ်းရောင် ပုံရိပ်များအဖွဲ့မှ နှစ်နှစ်ခွဲ သုတေသနပြုခဲ့ရာတွင် သန့်စင်စနစ်ဖြင့် ရေဆိုး စွန့်ပစ်သည့်စက်ရုံ လေးရုံသာရှိသည်ဟု ယင်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

သုတေသန တွေ့ရှိချက်များအရ ရန်ကုန်မြို့ရှိ YD အရက်ချက်စက်ရုံ၊ Grand Royal၊ ရွှေမြင်းပျံ၊ ရောင်နီ အရက်ချက် စက်ရုံများသာ Biochemical နည်း လမ်းနှင့် စနစ်တကျ ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ၎င်းကပြောသည်။

“ကျန်တဲ့စက်ရုံတော့ နည်းမှန် လမ်းမှန်နဲ့ လုပ်ထားတာ မတွေ့ရသေးဘူး၊ လုပ်ဖို့တော့ ကြိုးစားနေတယ်။ တွံတေးမြို့က အရက်စက်ရုံဆို မြစ်ထဲသို့ စွန့်ပစ်နေတယ်။ ထန်းတပင်က အရက်ချက် စက်ရုံမှာ စွန့်ပစ်ရေဆိုးကို ကန်ထဲ လှောင်ထားပြီး မိုးရွာချမှ ကန်ကို ဖောက်ချလိုက်တဲ့ လှိုင်မြစ်ထဲကို စီးသွားတာ တွေ့နေရတယ်”ဟု ၎င်းက ပြောကြားသည်။

ထိုသို့ စွန်ပစ်ရေများကြောင့်  စွန့်ပစ်ရေ ရောက်ရှိရာ လေးမိုင် ပတ်ဝန်းကျင်အတွင်းရှိ ရေသတ္တဝါများ သေဆုံးကြရကြောင်း လယ်ယာမြေသို့ ရောက်ရှိပါက လယ်ယာမြေများ ပျက်စီးရကြောင်း သုတေသန ပြုလုပ်ရာတွင် အရက်ချက် စက်ရုံများအနီးတွင် နေထိုင်သူများထဲမှာ ၈၀ ရာခိုင်နှုန်းသည် အမှေးယောင်၊ အဆုတ်ရောင်ရောဂါ၊ သားပျက်သားလျှော ရောဂါများ ရရှိနေရကြောင်း ၎င်းကပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အရက်ချက် စက်ရုံများမှ ရေဆိုးများကို သန့်ဇင်မှု မရှိဘဲ စွန့်ပစ်ပါက ပိတ်သိမ်း အရေးယူသွားမည် အတည် ပြုခဲ့သော်လည်း လက်တွေ့တွင် အရေးယူမှု မရှိသေးပေ။

မြန်မာတစ်ပြည်လုံးတွင် အရက်ချက် စက်ရုံများမှ အရက် ထုတ်လုပ်မှု ပမာဏ တစ်ရက်လျှင် ဂါလံတစ်သိန်းကျော်ရှိပြီး ယင်းအရက် ထုတ်လုပ်ရာမှ ထွက်ရှိလားသည် စွန့်ပစ်ရေဆိုး ပမာဏ တစ်ရက်လျှင် ဂါလံတစ်သိန်းကျော်မှ တစ်သိန်းခွဲကြား ရှိနေသည်။

ခင်မြတ်မြတ်ဝေ

The Voice

No comments:

Post a Comment