Latest News

Sunday, March 12, 2017

လောက်ကိုင်တွင် ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြား

လောက်ကိုင်တွင် ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြား

လားရှိုး၊ မတ် ၁၂  

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် မတ်လ ၆ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ ၆ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားကြောင်း ဒေသခံပြည်သူ့ စစ်ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

တရုတ်- မြန်မာ နယ်စပ်မိုင်တိုင် အမှတ် နယ်စပ်မိုင် ၁၂၃၊ ၁၂၄၊ ၁၂၅ အနီးတွင် မတ်လ ၁၀ ရက်နေ့မှ စတင်၍ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်၏ စစ်ကြောင်းတို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်လျက်ရှိပြီး၊ ခန့်မှန်းမြေပုံညွန်း ပွိုင့် - ၁၀၈၀ တောင်ကုန်းတွင် နှစ်ဖက် လုံးထွေး တိုက်ခိုက်ရသည့် အခြေအနေကြောင့် ထိခိုက်မှုများပြားကြောင်း ၎င်းကဆိုသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ပစ်ခတ်သံများ ယာယီ ငြှိမ်းသတ်ခဲ့သော်လည်း မွန်းလွဲ ၁ နာရီခန့်တွင် မိုးတိတ်သွားခဲ့ပြီး မိုင်တိုင် ၁၂၉ နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်အနီးတွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊ လောက်ကိုင်မြို့နေသူ ဦးမောင်အုန်းက ပြောကြားသည်။

“အခုထိ ပစ်နေကြတာ လက်နက်ကြီး အသံတွေပါဘဲ တစ်ဝုန်းဝုန်း ကြားနေရတယ်။ ရန်လုံကျိင်းနဲ့နီးတဲ့ နယ်စပ်ကုန်းနားမှာ ကြားနေရတာ ဖြစ်တယ်။ ပစ်တဲ့ အသံကတော့ အပြန်အလှန်ပါပဲ”ဦးမောင်အုန်းက မတ်လ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။

TNLA, KIA , MNDAA နှင့် AA လက်နက်ကိုင် အဖွဲ့တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့သည် မတ်လ ၆ ရက်နေ့က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ညသန်းခေါင်ယံ အချိန်တွင် စတင် ဝင်ရောက်၍ ရန်လုံကျိုင်း နယ်မြေရဲကင်း အပါအဝင် ဟိုတယ်များ၊ ကာစီနို လောင်းကစားရုံများ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲ နေအိမ်နှင့် စီအော အကျဉ်းထောင်ကို ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၀ ရက်နေ့မှ စတင်ကာ လောက်ကိုင်မြို့ပေါ်တွင် ည ၉ နာရီမှ မနက် ၆ နာရီအထိ ည  မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေငြာချက်ကို မြန်မာဘာသာ တရုတ်ဘာသာများဖြင့် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေး ကြေညာခဲ့ပြီး လောက်ကိုင်ဒေသို့ ကြံခုတ် လုပ်သား၊ ပန်ရံလုပ်သားများအဖြစ် လာရောက် လုပ်ကိုင်ကြသူများမှာ ချင်းရွှေဟော ကွမ်းလုံ၊ လားရှိုးမှတစ်ဆင့် နေရပ်သို့ ထောင်နှင့်ချီ တိမ်းရှောင်လျက်ရှိသည်။

The Voice

No comments:

Post a Comment