Latest News

Sunday, March 12, 2017

ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်

ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် မြန်မာနိုင်ငံသို့ မတ် ၁၉ ရက်တွင် နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ စုံစမ်းသိရှိရသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ခရီးစဉ်အတွင်း နေပြည်တော်တွင်သာ နေထိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့သို့ လာရောက်မည်မဟုတ်ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “နေပြည်တော်ကို လာမှာပါ။ ၁၉ လာမယ်။ ၂၀ ပြန် မယ်။ သတင်းထုတ်သွားပေးပါ့မယ်” ဟု ပြောကြားသည်။

လူအများအပြား သေဆုံးရသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် အပြောအဆို ကြမ်းတမ်းမှုများကြောင့် နာမည်ကျော်ကြားသော သမ္မတဒူတာတေးသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦး မြောက် သမ္မတအဖြစ် ၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဒူတာတေးသည် စက်တင်ဘာအတွင်းက လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပထမဆုံး ပြည်ပခရီးစဉ် သွားရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် မြန်မာနိုင်ငံသို့သာ အလည်အပတ်လာရောက်ရန် ကျန်ရှိတော့ခြင်းလည်း ဖြစ်သည်။

ဒူတာတေး၏ သမ္မတသက်တမ်းအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပရေးရာမူဝါဒများ ပြောင်းလဲမှုများ ကြီးမားခဲ့ပြီး ကာလရှည် မဟာမိတ်ဖြစ်ခဲ့သည့် အမေရိကန်နှင့် စစ်ရေးပတ်သက်မှုကို လျှော့ချခဲ့သလို တရုတ်နိုင်ငံခရီးစဉ်အတွင်းတွင်လည်း ဖိလစ်ပိုင်အနေဖြင့် စစ်ရေး၊ စီးပွားရေး ကဏ္ဍများတွင် အမေရိကန်နှင့် တသီးတခြား ရပ်တည်တော့မည်ဟု သမ္မတဒူတာတေးက ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတဒူတာတေးသည် ပုပ်ရဟန်းမင်းကြီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့် အမေရိကန်သမ္မတဟောင်း အိုဘားမားတို့ကိုလည်း ကြမ်းတမ်းသည့် စကားပြောကြားခဲ့မှုများကြောင့် ထင်ရှားခဲ့သည်။

သမ္မတဒူတာတေး၏ ကြမ်းတမ်းသည့် စကားပြောဆိုမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာက လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် သမ္မတအိုဘားမားက ၎င်းနှင့် တွေ့ဆုံရန်စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်အထိ ဆက်ဆံရေးတင်းမာခဲ့ပြီး နောက်ပိုင်းတွင် သမ္မတဒူတာ တေးသည် ၎င်း၏ ပြောဆိုမှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

သမ္မတ ဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ ပီရူး တို့ကို အလည်အပတ်ခရီးစဉ်များ သွားရောက်ထားသော်လည်း အမေရိကန်နိုင်ငံသို့မူ သွားရောက်ခြင်း မရှိသေးကြောင်း သိရသည်။  


ငြိမ်းကို

Eleven Media Group

No comments:

Post a Comment