Latest News

Monday, March 13, 2017

ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲ စီစဉ်ကျင်းပသူအား အရေးယူမည်

ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲ စီစဉ်ကျင်းပသူအား အရေးယူမည်

ပုသိမ်၊ မတ်လ ၁၃ ။           ။ ဆရာတော်ဦးဝီရသူက ပါးစပ် တိတ်ပိတ်ပြီးတရားခွေဖွင့်လှစ်ခဲ့သော တရားပွဲအား စီစဉ်ကျင်းပသည့် ဦးမောင်ဝင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး က မဇ္ဈိမသို့ ပြောသည်။

"တရားပွဲကျင်းပဖို့ စီစဉ်ခဲ့တယ် သူကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ ဥပဒေချုပ်နဲ့တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်ရမှာပါ၊ဆရာတော်ဦးဝီရသူနဲ့ ပတ်သက်ပြီး သံဃမဟာနာယကအဖွဲ့ကို တင်ပြသွားမှာပါ”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက  ပြောသည်။

ဆရာတော်ဦးဝီရသူအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် အိမ်မဲမြို့နယ်၊သီးကွင်းကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ညတွင် ဆရာတော်ဦးဝီရသူက ပါးစပ်တွင် တိတ်ပိတ်ပြီး တရားခွေ ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မပိတ်ပင်ခင်ရက်ပိုင်းအတွင်း တိုင်းအစိုးရခွင့်ပြုချက်မရဘဲ တရားဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က မတ်လ ၃ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး ၇/၂၀၁၇ ဆုံးဖြတ်ချက်အရ ခွင့်မပြုရန် ဆုံးဖြတ်ထားပြီး၊မအူပင်မြို့နယ် တာတပေါကျေးရွာတွင် ဆရာတော်ဦးဝီရသူက တိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ မတ်လ ၈ ရက်နေ့ညတွင် တရားဟောပြောခဲ့သည်။

ထို့ပြင် ငပုတောမြို့နယ်၊ဟိုင်းကြီးမြို့၊ကျုံကူးကျေးရွာတရားပွဲအား ခွင့်ပြုပေးခဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းဒေသကြီးအတွင်းအရေးမှူးက ခေါ်ယူသတိပေးခြင်း များ ပြုလုပ်ခဲ့သည်။
Mizzima

No comments:

Post a Comment