Latest News

Wednesday, March 22, 2017

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာ


ညီညီဆွေ

မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ် သည့် ဧရာဝတီတိုင်းဒေသကြီး သည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ဒဏ်ကို ခံစားခဲ့ရ သော်လည်း ယခုအခါ ပြန်လည်နာလန်ထူလာ ခဲ့ပြီဖြစ်သည်။ တိုင်းဒေသကြီး အတွင်း စိုက်ပျိုး ရေးလုပ်ငန်းအပြင် စက်မှုလုပ်ငန်းများ ထူထောင်ကာ တိုင်းဒေသကြီးအတွက်သာမက နိုင်ငံဖွံ့ဖြိုး တိုးတက် စေရန် အတွက်ပါ တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်နေ သော တိုင်းဒေသကြီး တစ်ခုဖြစ်သည်။

မော်တင်စွန်းဘုရားဖူးများ၊ ငွေဆောင်၊ ချောင်းသာတို့တွင် အပန်းဖြေအနားယူ သူများ၊ ပြည်တွင်းပြည်ပမှ ခရီးသွား များဖြင့်စည်ကားနေသော တိုင်းဒေသကြီးလည်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာ နှစ် မတ်လကုန်တွင် ယာယီ စာရင်းအရ လူတစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၅၀၀၀၀ ခန့်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် လူတစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၇၀၀၀၀ ကျော် ခန့်မှန်းထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု

စီးပွားရေးကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၁ ခု တန်ဖိုးငွေကျပ် သန်း ပေါင်း ၁၉၀၀၀၀ ခန့်နှင့် နိုင်ငံခြား သား ရင်းနှီး မြှုပ်နှံမှု ၂၀ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၇၀ ခန့်ရှိသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များမှာ အထည်ချုပ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြသည်။
SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆန်စက်နှင့်ဆားစက်များကို ပြည်ပ အဖွဲ့အစည်း များနှင့်ချိတ် ဆက်ပေးပြီးနည်း ပညာများပံ့ပိုးပေးခဲ့သည်။ SMEလုပ်ငန်း ၇၀၀ ကို ငွေကြေး၊ နည်းပညာနှင့် ဈေးကွက် ချိတ်ဆက်ပေးနိုင် ရန် SME SME member Card ထုတ်ပေးပြီး SMEလုပ်ငန်းရှင် ၇၀ တို့အား CGI စနစ်ဖြင့် ချေးငွေထုတ်နိုင်ရန် CB Bank နှင့်ချိတ်ဆက်ပေးခဲ့သည်။ SMEလုပ်ငန်းရှင်များ Capacity Building များ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Training and Workshop များဆောင်ရွက်ပေးကာ ပုဂ္ဂလိက စက်မှုလုပ် ငန်းပေါင်း ၃၆၀ ခန့်ကို မှတ်ပုံ တင်ပေးခဲ့သည်။ စက်ရုံ၊ အလုပ်ရုံများ ဘွိုင်လာအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ် ကင်း ရှင်းစေရေး အတွက် လုပ်ငန်းပေါင်း ၂၃၀၀ခန့် ကို စစ်ဆေးဆောင်ရွက်ခဲ့သည်ဟု စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၏ မှတ်တမ်းများအရ သိရသည်။

စက်မှုဇုန် သုံးခု

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက “ပုသိမ် ၊ မအူပင်၊ ညောင်တုန်း စက်မှုဇုန်တွေ ဖော်ထုတ် နေပါ တယ်။ အခု ဆိုရင် ပုသိမ်မှာ စက်မှုဇုန်ရှိနေပါပြီ။ ညောင်တုန်းနဲ့ မအူပင်မှာ စတင်ဖော်ထုတ်နေ ပါပြီ။ ဒီနေရာတွေ အများကြီး တိုးတက်လာရင် ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ် ကိုင်နေတဲ့ တိုင်းဒေသကြီး အတွင်းက ပြည်သူတွေ ပြန်လာမှာ မုချမလွဲပါပဲ။ ဒီလူတွေကို ကျွန်တော်တို့က ကြိုဆိုနေမယ်ဆိုတာကို ပြော နိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး ကမ်းရိုးတန်းတောက်လျှောက်မှာ ဆိပ်ကမ်း တစ်ခုကိုလည်း ဖော်ထုတ်ဖို့ကြိုး စားနေပါ တယ်”ဟု ပြောသည်။

စပါးကျီဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၌ မိုးစပါး ဧက ၃၇ သိန်းကျော်နှင့် နွေစပါးဧက ၁၃ သိန်းကျော် စုစုပေါင်း စိုက် ဧက သိန်း ၅၀ ကျော် စိုက်ပျိုးသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၈ ဒသမ ၂၀ ရာခိုင်နှုန်းရှိသည်။

တောင်သူဖလှယ်စနစ်

သီးနှံ အထွက်တိုးရန်အတွက်လည်း သုတေသနနှင့်မျိုးသန့်ခြံများမှ မျိုးသန့်မျိုးပွား မျိုးစေ့ (Register Seed-RS) များကိုရယူပြီး မြို့နယ် ၂၆ မြို့နယ်တွင် မျိုးစေ့ထုတ် အကျိုး ဆောင် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများ၏ နည်းပညာအကူအညီ ဖြင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certifi ed Seed-CS) အဆင့်ရောက်အောင် ပွားများ ထုတ်လုပ်ပြီး တောင်သူစိုက်ခင်းများသို့ ဌာန အစီအစဉ်နှင့် တောင်သူဖလှယ်စနစ်ဖြင့် စုစု ပေါင်း တင်း ၁၆၁၀၀၀၀ ကျော်ကို ဖြန့်ဖြူး စိုက်ပျိုးနိုင်ခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)တို့ပူးပေါင်းပြီး ဘက်စုံစံပြ ကျေးရွာစီမံကိန်းကို ပုသိမ်နှင့် ကန်ကြီးထောင့် မြို့နယ်များရှိ ကျေးရွာ ၁၀ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခဲ့သည်။

စိုက်ပျိုးရေးမှာ အောင်မြင်ဖို့

“ကျွန်တော်တို့တိုင်းဒေသကြီးဟာ စိုက် ပျိုးရေးတိုင်းဒေသကြီးဖြစ်ပါတယ်။ စိုက်ပျိုးရေး မှာ အောင်မြင်ဖို့အတွက် အဓိကက မျိုးကောင်း မျိုးသန့်ထုတ်ပေးနိုင်ရေး၊ ဓာတ်မြေဩဇာ စံချိန်မီများကို ထုတ်ပေးနိုင်ရေး၊ ဒီလို ထုတ် ပေးနိုင်ဖို့အတွက်ဆိုရင် စိုက်/ဘဏ်ချေးငွေကို ပေးရမှာဖြစ်ပါတယ်။ အစိုးရသစ်တက်လာတဲ့ အခါမှာ အချိန်မီ ထုတ်ပေးနိုင်ရေးအတွက် ကြိုးစားခဲ့ကြရပါတယ်။ တစ်နှစ်တာအတွင်းမှာ ကျပ်သန်းပေါင်း ၄၈၀၀၀၀ ကျော် ထုတ်ပေး နေတဲ့အတွက် အရင်ကထက် ကျပ်သန်းပေါင်း ၁၆၀၀၀၀ ကျော် ထုတ်ပေးနိုင်ခဲ့ပါတယ်”ဟ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
“လယ်သမားတွေ အာမခံရရှိဖို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (၇) ထုတ် ပေးဖို့ကလည်း အရေးကြီးပြန် ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ထုတ်ပေးနိုင်မှုအနေနဲ့ တစ်နှစ်တာအတွင်း မှာ လယ်ယာမြေ ဧရိယာဧကပေါင်း ၄၁ သိန်း ကျော် ထုတ်ပေးနိုင်ခဲ့ပါတယ်။”

“ပုသိမ်-ကြံခင်းရထားလမ်း၊ ဟင်္သာတ- ဇလွန် ရထားလမ်း ဖောက်စဉ်က မြေတွေကို သိမ်းခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက် ဖြစ်ပါတယ်။ နောက် ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာ ကားလမ်းဖောက်စဉ်ကလည်း မြေတွေကို သိမ်းခဲ့ရပါတယ်။ ဒီလမ်းဖောက်စဉ် ပါသွားတဲ့ အိမ်မြေတွေအတွက် လျော်ကြေး နစ်နာငွေ ကျပ်သန်းပေါင်း ၂၂၀၀ ကျော် ပေးအပ်နိုင် ခဲ့ပြီးဖြစ်ပါတယ်။ တစ်ချိန်က စီမံကိန်းအတွက် သိမ်းထား တာတို့၊ လမ်းတံတားဆောက်လုပ် ရေးအတွက် သိမ်းထားတာတို့ မြေတွေရှိခဲ့တဲ့ အထဲက စွန့်လွှတ်မြေဧကပေါင်း ၆၇၆၀ ကို လည်း တောင်သူတွေကို ပြန်လည်ပေးအပ် နိုင်ခဲ့ပြီးဖြစ်ပါတယ်။”

နွေစပါးနှင့် ဆောင်းသီးနှံ

“မြန်အောင်-ဟင်္သာတ-ဇလွန်-အင်္ဂပူ- ဓနုဖြူ-ညောင်တုန်း-မအူပင်မြို့ကြီးတွေဟာ အမြဲတမ်းနှစ်စဉ်လိုပဲ တစ်မြို့ မဟုတ် တစ်မြို့ ကတော့ ကမ်းပြိုလျက်ရှိနေတာကို တွေ့ရပါ တယ်။ အဲဒါတွေကိုလည်း မြစ်ကမ်းထိန်း တာကြီး တွေကို ပြီးစီးအောင်လုပ်ပေးနိုင်ခဲ့တဲ့ အတွက် လယ်ဧကပေါင်း သုံးသိန်းကျော်ကို ရေဘေးကနေ ကာကွယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ တိမ်ကောနေတဲ့ ချောင်းကော၊ မြောင်းကော ၂၆၂ ခုကို ပြုပြင်တူးဖော်ပေးနိုင်ခဲ့ပြီး တာ တမံ ၂၄ ခုကိုလည်း မွမ်းမံပြီး အဆင့်မြင့် အောင် လုပ်နိုင်ခဲ့ပါတယ်။ ဝါးခယ်မမြို့နယ် ရွှေလောင်း ကျုံးပတ်တာ အတွင်းမှာ ရေနုတ်မြောင်း ၁၈ မြောင်းကို လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နွေစပါးနဲ့ ဆောင်းသီးနှံ ကို အောင် မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။”
“ကြံခင်း-မြန်အောင် နွေစပါးစိုက်ပျိုး ခင်းတွေအတွက် ကျွန်းချောင်းဆည်ကို လည်း ဆည်ရေသောက် စနစ်အ တွက် လိုအပ်တာတွေ ဆောင်ရွက်ပေးခဲ့ပါ တယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးဟာ မိုးတွင်းမှာ ရေကြောင့် ဒုက္ခရောက် သလို နွေရာသီမှာလည်း ရေတွေ ခန်းခြောက်ပြီး သောက်သုံးရေကို ပို့ပေးနေရ တာ ရှိပါတယ်။ ဂျပန်နိုင်ငံ JICA နဲ့ ပူးပေါင်း ပြီး မြန်မာကျပ်ငွေ ၂ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံပြီး ရေပေးဝေဖို့ အခုမတ်လ မှာ ဖျာပုံမြို့ပေါ် ရပ်ကွက်များကို ရေဂါလန် ခြောက်သိန်းကျော် စတင်ဖြန့်ဝေပေးနိုင်တော့ မှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

ဆိုလာပါဝါစနစ်ဖြင့် မီးလင်း

တစ်နှစ်တာအတွင်း မဟာဓာတ်အား လိုင်းမရရှိသေးသည့် ကျေးရွာ ၄၆၅ ရွာကို ဆိုလာမီးရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆိုလာပါဝါစနစ်ဖြင့် မီးလင်းရေးအတွက် ကျေးရွာ တစ်ရွာ အိမ်ခြေ ၁၅၀ ကျော်အတွက် ဆောင်ရွက်နိုင်ခဲ့သည်။တစ်အိမ်ထောင်သုံး ဆိုလာစနစ်မီးလင်း ရေးနှင့် ကျေးရွာ ၄၆၀ ကျော်၊ စာသင်ကျောင်း ၃၄၀၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဆေးပေးခန်း ၇၈ ခန်း၊ ဘာသာရေးကျောင်း ၄၀၁ ကျောင်း၊ ကျေးရွာတွင်း လမ်းမီးတိုင် ၂၃၀၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဓာတ် အားလိုင်း တိုးချဲ့တည် ဆောက်မှုနှင့် ပတ် သက်ပြီး (၆၆) ကေဗွီဓာတ်အားလိုင်း ၁၇ မိုင်၊ (၃၃) ကေဗွီဓာတ်အားလိုင်း ၆ မိုင်၊ (၁၁) ကေဗွီဓာတ်အားလိုင်း မိုင် ၇၀ ကျော်၊ (၀.၄) ကေဗွီဓာတ်အားလိုင်း မိုင် ၂၀ ကျော်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဓာတ်အားခွဲရုံကြီးများ ကိုလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၆၆/၃၃/၁၁ ) ကေဗွီ (၂၀) အမ်ဗွီအေတိုးချဲ့ ပေးနိုင်ခဲ့သည်။

ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင် ခြောက် ခရိုင်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၇၄ ခုကို တည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် ယခင် ဆက်သွယ်ရေးလွှမ်းခြုံ ပေးမှုမှာ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ၆၅ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၈၅ ရာခိုင်နှုန်းအထိ တိုးတက် လွှမ်းခြုံနိုင်ခဲ့ပြီး ဝေးလံသောဒေသများဖြစ် သည့် ပြင်စလူ၊ ငရုတ်ကောင်းဒေသ ဂေါ်ရန်ဂျီ ကျွန်း၊ ရွှေသောင် ယံဘောမိဒေသများ တွင် လည်း ဆက်သွယ်နိုင်ပြီဖြစ်သည်။

အထက်တန်းကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ မူလတန်း လွန်ကျောင်း၊ မူလတန်းကျောင်း၊ မူလတန်း ကျောင်း (ခွဲ) စုစုပေါင်း ၃၆၁ ကျောင်း၊ တက္ကသိုလ်ဝင်စာစစ်ဌာန ၂၆ ခုကို တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး နေ့စားလပေး မူလတန်းပြ ဆရာ ဆရာမ ၃၃၀၀ ခန့်နှင့် နေ့စားလပေး ပညာရေးရုံးဝန်ထမ်း ၄၄၀ ကျော်ကို ဖြည့်ဆည်း ခန့်ထားပေးနိုင်ခဲ့သည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပညာသင်ဆုအဖြစ် အထက်တန်း၊ အလယ်တန်း စုစုပေါင်း ၁၄၅ ဦးကိုလည်း ကောင်း၊ ပညာသင် ထောက်ပံ့ကြေးအဖြစ် မူလတန်း၊ အလယ် တန်း၊ အထက်တန်း စုစုပေါင်း ၁၉၀၀ ခန့်ကို လည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဗလာစာအုပ် ၃၀၅၀၀၀ ဒါဇင်ခန့်၊ မူလတန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၁၉၀၀၀၀ ခန့် ထောက်ပံ့နိုင် ခဲ့ကာ ပုသိမ်ပညာရေး ကောလိပ်မှ ဆရာ ဆရာမ ၂၃၀၀ခန့် မွေးထုတ်ပေးနိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး သုံးရုံး၊ တိုက်နယ်ဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာ ရေး ဌာန ခုနစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၅၁ ခု၊ ဆရာဝန်၊ သူနာပြုစုစုပေါင်း ၆၀၆ ဦး ခန့်ထားနိုင်ခဲ့ပြီး အထူးကုဆရာဝန်ကြီး များ ဦးဆောင်ကာ ကွင်းဆင်းဆေးကုသမှု အကြိမ် (၃၀)ဖြင့် လူနာပေါင်း ၂၅၀၀၀ ခန့်ကို ကုသပေးနိုင်ခဲ့သည်။ ပြည်သူများကို ဆေးဝါးဝယ်ယူအသုံးချရေးအတွက် ကျပ်သန်း ၁၇၈၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆေးရုံများအတွက် ကျပ်သန်း ၄၄၀၀ ခန့် ထောက်ပံ့ပေးနိုင်ခဲ့သည်။

အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်

အင်း ၁၇၇၇ အင်းအနက်မှ အင်း ၂၀၉ အင်းကို ရေလုပ်သားအစုအဖွဲ့ ၂၀၄ ဖွဲ့သို့ ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်ခွင့် များ ချထားပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖော် ဆောင်ပေးနိုင်ခဲ့သည်။ ငါးမွေးမြူရေး လုပ်ငန်းတွင် ရေချိုငါးပိဿာ ထောင်ပေါင်း ၆၃၀၀၀၀ ကျော်နှင့် ရေငန်ငါး ပိဿာထောင်ပေါင်း ၃၂၈၀၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး ရေချိုငါးလုပ်ငန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း နှင့် ရေငန်ငါးလုပ်ငန်းမှာ သုည ဒသမ ၆၆ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ခဲ့သည်။

မြို့နယ်လေးမြို့နယ်တွင် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာ တည် ထောင်မှုအနေဖြင့် ရန်ပုံငွေကျပ် သန်း ၁၂၀ အသုံးပြုပြီး ကျေးရွာလေးရွာတွင် ဝက် ၈၇၅ ကောင်၊ ဘဲ ၁၄၀၀ ခန့်၊ ကြက် ၈၀၇ ကောင်တို့ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

တိုးတက်ပေါက်ဖွား နွားမေထုန်မဲ့သားစပ်လုပ်ငန်းမှာလည်း မျိုးမြင့်သားစပ်ကောင်ရေ ၅၀၀ တိုးချဲ့ သား စပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ကောင်ရေ ၁၅၀ တိုးတက်ပေါက်ဖွားနိုင်ခဲ့သည်။ ရေဘေးသင့် မြို့နယ် ၁၆ မြို့နယ် သို့ စပ်စာတောင့်အိတ် ၁၀၀၀ ကျော်၊ မြက် ၁၄ တန် တန်ဖိုးငွေ ကျပ် သန်း ၂၀ ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ကျွဲ၊ နွားခွာနာလျှာနာရောဂါဖြစ် ပွားသော ကျေးရွာ ၁၀ ရွာမှ နွားအကောင်ရေ ၄၀၀၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သည့်အတွက် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင် ထိခိုက်မှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ပြည်တွင်းပြည်ပခရီးသွား လေးသိန်းခွဲ

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အနေ ဖြင့် ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ဖျာပုံနှင့် မြတ်မော်တင်စွန်းဒေသ များတွင် နိုင်ငံခြား ဧည့်သည်များ တည်းခိုနိုင်သည့် အဆင့်မြင့် ဟိုတယ် နှစ်လုံး၊ တည်းခိုရိပ်သာ လေးလုံး၊ အခန်းပေါင်း ၁၇၈ ခန်းအား လုပ်ငန်းလိုင်စင် ချထား ခွင့်ပြုဆောင်ရွက်နိုင်ခဲ့သည်။ တိုင်း ဒေသကြီးအတွင်း ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ လေးသိန်းခွဲကျော်ရှိ သည့်အတွက် ယခင်နှစ်ထက် ၆၉ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်လျက်ရှိပြီး ဝင်ငွေရရှိမှုမှာ ပြည်တွင်းကျပ် သန်း ၁၃၁၀၀ ကျော်နှင့်ပြည်ပ ဒေါ်လာ ၁၆၆၀၀၀၀ ကျော် ရရှိခဲ့သည်။

သဘာဝဘေးနှင့်ပတ်သက်ပြီး အိမ်ခြေ ၂၉၀၀၀ ကျော်အတွက် အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ဖိုးငွေ ကျပ် သိန်း ၃၀၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ သည်။ တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ဆိုင်ကလုန်းရှယ်လ်တာ ၅၅ ခုကို တည်ဆောက်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်သည့် ပြည်သူများအားထောက်ပံ့ရန် ကယ်ဆယ်ရေးပစ္စည်းကိုးမျိုးကို တိုင်းဒေသ ကြီး ဦးစီးမှူးရုံး ပုသိမ်မြို့တွင် အိမ်ထောင်စု ၅၀၀၀ စာ၊ ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ ခရိုင်ရုံးများတွင် အိမ်ထောင်စု ၅၀၀၀ စာ စီစဉ်ထားရှိပြီး ဆန်ရိက္ခာနှင့် အိမ်ဆောက်
ပစ္စည်းဖိုးများအတွက် ရန်ပုံငွေများကိုလည်း စီစဉ်ထားရှိကြောင်း သိရသည်။

တွင်တွင်ကျယ်ကျယ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများ တိုးပွားစေရန်အတွက် သင်တန်း၊ ဟောပြောပွဲ၊ ဇာတ်တိုက်လေ့ ကျင့်ခန်းများကို လည်း တွင်တွင်ကျယ်ကျယ် ဆောက်ရွက်လျက် ရှိပြီး ကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန် စေရန်အတွက် စက်ကိရိယာများကိုလည်း တိုးချဲ့တပ်ဆင်ခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကျေးလက်လမ်း၊ တံတားတွေကောင်းဖို့ သိပ်အရေး ကြီးပါတယ်။ ကျွန်တော် တို့မြို့ ပေါ်မှာချည်းပဲ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးရှိတာ မဟုတ်ပါဘူး။ ကျေးလက်တွေမှာ လည်း ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်နေတဲ့ လူတွေအတွက် လမ်း၊ တံတားကောင်းဖို့ သိပ် အရေးကြီး ပါတယ်။ ဒီလမ်း၊ တံတားတွေမှာ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ ကွန်ကရစ် လမ်း၊ မြေသားလမ်း၊ ကွန်ကရစ် တံတား၊ သံကူ ကွန်ကရစ်တံတား၊ သစ်သားတံတား၊ ဘေလီ တံတားတွေကိုလည်း ဆောက်ပေး လျက်ရှိပါ တယ်။ လမ်းဦးစီးဌာန လမ်း၊ တံတားအတွက် ငွေကျပ်သန်းပေါင်း ၆၀ ဘီလီယံကျော် သုံးစွဲနိုင်ခဲ့ပြီးဖြစ်ပါ တယ်။ ကျေးလက်မီးလင်းရေးကိုလည်း အထူးကြိုးစားပြီးဆောင်ရွက်နေတာ ကို ပြည်သူတွေကို ပြောကြားလိုပါတယ်။

“ပြည်သူတွေကိုပစ်မထားဘဲ အကောင်း ဆုံးကြိုးစားပြီး ပြည်သူတွေကို အလုပ်အကျွေး ပြုသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။ ။
MOI Webportal Myanmar

No comments:

Post a Comment