Latest News

Wednesday, March 22, 2017

ဦးကိုနီလုပ္ႀကံမွုႏွင့္ အေျဖမေပၚေသးေသာ ေမးခြန္းမ်ား



ေက်ာ္စြာမိုး
22 March 2017

ေရွ႕ေနဦးကိုနီ သတ္ျဖတ္ခံရၿပီး တလခြဲေက်ာ္ၾကာသည္အထိ အမွုေနာက္ကြယ္မွ အဓိက ႀကိဳးကိုင္သူႏွင့္ လၽွို႔ဝွက္ႀကံစည္သူမ်ားမွာ လြတ္ေျမာက္ေနဆဲျဖစ္သည္။

သူတို႔ကို မၾကာမီ ဖမ္းမိမည္လားဆိုသည္မွာ က်ေနာ္တို႔ အားလုံး ေစာင့္ေမၽွာ္ေနေသာအရာ ျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဥပေဒအႀကံေပးကို သတ္ျဖတ္ရာတြင္ အဓိက လက္သည္အျဖစ္ စြပ္စြဲခံရသူ ဒုဗိုလ္မွူးႀကီး ေဟာင္း ေအာင္ဝင္းခိုင္မွာ ၿမိဳ႕ေတာ္ ေနျပည္ေတာ္တြင္ ထူးထူးဆန္းဆန္း ေပ်ာက္ဆုံးသြားၿပီး အခုအထိ လြတ္ေျမာက္ေနဆဲျဖစ္သည္။

ၿပီးခဲ့သည့္ ေသာၾကာေန႔ကမူ ေသနတ္သမားၾကည္လင္းႏွင့္ ထိုအမွုတြင္ သံသယရွိသူ သုံးဦးတို႔ကို ရန္ကုန္ ေျမာက္ပိုင္းခရိုင္ တရား႐ုံးတြင္ ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့သည္။ ဗိုလ္ေဟာင္း ေအာင္ဝင္းေဇာ္ (ေအာင္ဝင္းခိုင္၏အကို) ၊ ဗိုလ္ႀကီးေဟာင္း ေဇယ်ာၿဖိဳး၊ ေသနတ္သမားၾကည္လင္းႏွင့္ အမွုတြင္ စြပ္စြဲခံရသူ အသစ္ျဖစ္ေသာ ေအာင္ဝင္းထြန္းတို႔ ျဖစ္သည္။

ဟိုးေလးတေက်ာ္ျဖစ္ခဲ့သည့္ ဤလုပ္ႀကံသတ္ျဖတ္မွုတြင္ ေအာင္ဝင္းခိုင္ ေနာက္ကြယ္၌ အဓိက ႀကိဳးကိုင္သူ ရွိလိမ့္ဦးမည္ဟု ျပည္သူလူထုက ယူဆသည္။ ဤလုပ္ႀကံမွုကို အဓိကႀကိဳးကိုင္သူအား ယေန႔အထိ ဖမ္းဆီးအေရးမယူနိုင္ျခင္းေၾကာင့္ အမွုကို စုံစမ္းေဖာ္ထုတ္ရေသာ ျပည္ထဲေရးဝန္ႀကီးဌာန အေပၚ ေဝဖန္စရာမ်ား ျဖစ္လာခဲ့သည္။

ဇန္နဝါရီလ ၂၉ ရက္ေန႔က ရန္ကုန္နိုင္ငံတကာေလဆိပ္တြင္ ဦးကိုနီလုပ္ႀကံသတ္ျဖတ္ခံရၿပီး ရက္ေပါင္း ၄၀ ျပည့္ေသာ စေနေန႔က ရန္ကုန္တြင္ က်င္းပေသာ အခမ္းအနားတခုတြင္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နာယက ဦးတင္ဦးက အမွုတြင္ အေရးႀကီးေသာ သံသယရွိသူမ်ားကို ယခုအခ်ိန္ထိ မဖမ္းမိေသးျခင္းကို သူအေနႏွင့္ အံ့ၾသမိသည္ဟု ေျပာသည္။ ထိုသူမ်ားကို အျမန္ဆုံး ဖမ္းဆီးရန္ အာဏာပိုင္မ်ားကိုလည္း တိုက္တြန္းခဲ့သည္။

ဦးတင္ဦးလိုပင္ လူထုကလည္း အမွု၏ေနာက္ကြယ္မွ အမွန္တရားကို စိတ္မရွည္စြာ ေစာင့္စားေနၾကၿပီး သတ္ျဖတ္ခံရသူ၏ မိသားစုမွာလည္း အမွုမွန္ေပၚေပါက္ေရး ေစာင့္ဆိုင္းေနၾကသည္။ ဤအမွုႏွင့္ပတ္သက္ၿပီး ဒြိဟျဖစ္စရာ အေျဖမရွိေသးသည့္ ေအာက္ပါ ေမးခြန္းမ်ားလည္း ထြက္ေပၚေနသည္။

ေအာင္ဝင္းခိုင္သည္ အဘယ္ေၾကာင့္ အျခားရာဇဝတ္သားမ်ား ထြက္ေျပးေလ့ရွိသည့္ေနရာမ်ားသို႔ တိမ္းေရွာင္ျခင္းမရွိဘဲ ျမန္မာနိုင္ငံတြင္ လုံျခဳံေရး အတင္းက်ပ္ဆုံးျဖစ္ေသာ ေနျပည္ေတာ္သို႔ ေျပးရသနည္း။

အဓိက သံသယရွိခံရသူမ်ား အားလုံးသည္ စစ္တပ္အရာရွိေဟာင္းမ်ား ျဖစ္သည္ ဟူေသာအခ်က္၏ ေနာက္ကြယ္တြင္ မည္ သည္အေၾကာင္းတရား ရွိေနသနည္း။

အမွုေနာက္ကြယ္တြင္ အဖြဲ႕အစည္းတခုခု (သို႔မဟုတ္) ထိုအဖြဲ႕အစည္းထဲမွ ထိပ္ပိုင္းပုဂၢိဳလ္မ်ား ပါဝင္ေနသလား။

သံသယရွိသူမ်ားသည္ လုပ္ႀကံသတ္ျဖတ္မွုအတြက္ အဘယ္ေၾကာင့္ သိန္းတေထာင္ သုံးနိုင္သနည္း။

မည္သည့္အတြက္ေၾကာင့္ ေအာင္ဝင္းခိုင္ကို ယခုအထိ မဖမ္းနိုင္ေသးသနည္း။

ထိုေမးခြန္းအားလုံးမွာ ေမးသင့္ေမးထိုက္ေသာ ေမးခြန္းမ်ားျဖစ္ၿပီး ျပည္သူလူထုသည္ အမွုတြင္ ေပ်ာက္ေနေသာ ကြင္းဆက္မ်ားကို ဆက္စပ္ရန္ ႀကိဳးစားေနၾကသည္။

စစ္တပ္က ေရးဆြဲခဲ့ေသာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အျပင္းအထန္ ေဝဖန္ၿပီး ဒီမိုကေရစီနည္းလမ္းမဆန္ေသာ ဖြဲ႕စည္းပုံအား ျပင္ဆင္ေရး တစိုက္မတ္မတ္ တိုက္တြန္းခဲ့ေသာေၾကာင့္ ဦးကိုနီကို ပစ္မွတ္ထားသတ္ျဖတ္ျခင္း ျဖစ္နိုင္ေၾကာင္း ယုံၾကည္သူ အမ်ားအျပားရွိေနသည္။

အထက္ပါ ေမးခြန္းမ်ားအနက္ အေတာ္မ်ားမ်ားအတြက္ ေမးခြန္းထုတ္စရာ အႀကီးဆုံးျဖစ္ေနသည္မွာ ထိုအမွုတြင္ အဓိက ပါဝင္ပတ္သက္ေနသူ အားလုံးသည္ အဘယ္ေၾကာင့္ တပ္မေတာ္အရာရွိေဟာင္းမ်ား ျဖစ္ေနသနည္းဆိုသည့္ အခ်က္ျဖစ္သည္။

ဗိုလ္မွူးႀကီးေဟာင္းတဦးျဖစ္သူ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းကိုလည္း ေအာင္ဝင္းခိုင္၊ ေဇယ်ာၿဖိဳးတို႔ႏွင့္ ရင္းရင္းႏွီးႏွီး အတူ ရိုက္ထားသည့္ ဓါတ္ပုံအခ်ိဳ႕ျပန႔္ႏွံ့လာသည့္အတြက္ ရဲတပ္ဖြဲ႕က စစ္ေဆးေမးျမန္းခဲ့သည္။

အဆိုပါအခ်က္မ်ားေၾကာင့္ အမွုတြင္ ေနာက္ကြယ္ႀကိဳးကိုင္ေနသူမ်ားထဲတြင္ တပ္မေတာ္ထဲမွ လက္ရွိ ၾသဇာအာဏာရွိသူမ်ား ပါသလား (သို႔မဟုတ္) ၎တို႔ႏွင့္ ပတ္သက္သူမ်ား ပါဝင္ေနသလားဟု ျပည္သူအမ်ားက သံသယရွိေနၾကသည္။

ထိုသံသယမွာလည္း ရဲတပ္ဖြဲ႕ႏွင့္ျပည္ထဲေရးဝန္ႀကီးဌာနတို႔မွ အမွုမွန္ေပၚေပါက္ေအာင္ မေဖာ္ထုတ္နိုင္ေသးသ၍ အမွုတြင္ ပါဝင္ပတ္သက္သည့္ ဆက္လက္ ႀကီးထြားေနမည္သာျဖစ္သည္။

ထိုသံသယကို မည္သူမၽွ လူသိရွင္ၾကား ေမးခြန္းမထုတ္ရဲၾကေသးေပ။ သို႔ေသာ္ တပ္မေတာ္ကလည္း ထိုသံသယကို ျငင္းဆိုထားၿပီးျဖစ္သည္။

ဦးကိုနီ လုပ္ႀကံမွု ေနာက္ကြယ္တြင္ အဖြဲ႕အစည္းတခုခ ုပါဝင္ပတ္သက္ပါသလားဟု ေမးေသာအခါ တပ္မေတာ္သည္ ထိုအမွုတြင္ ပါဝင္ပတ္သက္ျခင္း မရွိေၾကာင္း စစ္တပ္၏ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းညႇိုႏွိုင္း ကြပ္ကဲေရးမွူး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

အမွုတြင္ တပ္မေတာ္အရာရွိေဟာင္းမ်ား ပါဝင္မွုေၾကာင့္ တပ္မေတာ္အေပၚ အမ်ားက သကၤာမကင္း ျဖစ္ေနသည္ကို စစ္ဘက္ထိပ္တန္းအရာရွိမ်ား သိရွိေနေၾကာင္း သူ၏ အေျဖက ျပသေနသည္။

ဦးလင္းေဇာ္ထြန္းႏွင့္ ပတ္သက္သည့္ စြပ္စြဲခ်က္မ်ားကိုလည္း ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ပယ္ခ်သည္။ “သူ (လင္းေဇာ္ထြန္း) ပါဝင္ပတ္သက္ရင္ေတာင္မွ ဒါက တပ္မေတာ္နဲ႔ ဘာမွမဆိုင္ဘူး။ သူ စစ္တပ္က ထြက္ၿပီးသားျဖစ္ေနၿပီ။ သူ႔မွာ အျပစ္ရွိေၾကာင္း ေတြ႕ရွိရရင္ေတာင္ တပ္မေတာ္နဲ႔မဆိုင္ဘူး” ဟု ေျပာခဲ့သည္။

သို႔ေသာ္ အဓိက သံသယရွိခံရသူ ႏွစ္ဦးျဖစ္သည့္ ေအာင္ဝင္းခိုင္၊ ေဇယ်ာၿဖိဳးတို႔ႏွစ္ဦးႏွင့္ ဦးလင္းေဇာ္ထြန္းတို႔ အၾကားမွ ရင္းႏွီးေသာ ဆက္ဆံေရးအေပၚ သံသယမ်ား ဆက္လက္က်န္ရွိေနဆဲ ျဖစ္သည္။

ထို႔အျပင္ ဦးလင္းေဇာ္ထြန္းသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္၏ ကိုယ္ေရးလုံျခဳံေရးအရာရွိအျဖစ္ တာဝန္ယူခဲ့ဖူးသည္ဟု ေဖာ္ျပမွုမ်ားလည္း ရွိသည္။ ထို႔ေနာက္ ၂၀၁၅ ခုႏွစ္တြင္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီမွ ေရြးေကာက္ပြဲဝင္ရန္ တပ္မေတာ္မွ ထြက္ခဲ့သည္။

ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ တပ္မေတာ္တို႔၏ ထိုအမွုႏွင့္ပတ္သက္ေသာ ရပ္တည္ခ်က္မွာလည္း အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကြဲျပားေနသည္။

ၿပီးခဲ့သည့္လက ရန္ကုန္တြင္ က်င္းပေသာ ဦးကိုနီလုပ္ႀကံခံရမွု တလျပည့္အခမ္းအနားသို႔ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ၿပီး ေသနတ္သမားၾကည္လင္းကို ဖမ္းဆီးရန္ ႀကိဳးစားစဥ္ ေသဆုံးခဲ့ေသာ အငွားယာဥ္ေမာင္း ကိုေနဝင္းႏွင့္ ဦးကိုနီ တို႔သည္ အာဇာနည္မ်ားျဖစ္သည္ဟု ခ်ီးမြမ္းေျပာခဲ့သည္။

ထိုေန႔မတိုင္မီ တရက္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ျပည္ထဲေရးဝန္ႀကီးဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက ဦးကိုနီကို သတ္ျဖတ္သူမ်ားသည္ အစြန္းေရာက္မ်ိဳးခ်စ္စိတ္က ေစ့ေဆာ္ၿပီး လူငယ္သဘာဝပုဂၢိဳလ္ေရး မုန္းတီးမွုေၾကာင့္ သတ္ျဖတ္မွုျဖစ္ေစသည္ဟု ေလၽွာ့ေပါ့ေျပာဆိုခဲ့သည္။

သူ၏စကားမွာ အရပ္ထဲႏွင့္ ဆိုရွယ္မီဒီယာတြင္ ေဝဖန္စရာျဖစ္ခဲ့ၿပီး ထိုအခ်က္ကို တပ္အႀကီးအကဲမ်ားလည္း သတိျပဳမိၾကမည္မွာ အမွန္ပင္ျဖစ္သည္။

လုပ္ႀကံသတ္ျဖတ္မွုအတြက္ သံသယရွိသူမ်ားတြင္ တပ္မေတာ္မွအရာရွိေဟာင္းမ်ား ပါဝင္ေနျခင္းသည္ ကခ်င္၊ ရွမ္းႏွင့္ ရခိုင္ျပည္နယ္မ်ားတြင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မွုစြပ္စြဲခ်က္မ်ား ရင္ဆိုင္ေနရေသာ ျမန္မာ့တပ္မေတာ္၏ ဂုဏ္သိကၡာအတြက္ မေကာင္းေခ်။

ထိုသို႔ဂုဏ္သိကၡာ ထိခိုက္မွုကို ျပန္လည္အဖတ္ဆယ္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ အမွုေပၚေပါက္ေရး ကူညီေနေသာ တပ္မေတာ္တို႔အေနျဖင့္ လုပ္ေဆာင္ရန္ တခုတည္းေသာ နည္းလမ္းမွာ အဓိက တရားခံအားလုံးကို ေဖာ္ထုတ္ၿပီး အျမန္ဆုံး တရားခြင္သို႔ ပို႔ေဆာင္ရန္သာ ျဖစ္သည္။ ထိုသို႔မဟုတ္ပါက အမွုႏွင့္ ပတ္သက္ၿပီး သံသယမ်ား ဆက္လက္ပ်ံ႕ႏွံ့ႀကီးထြားေနမည္သာ ျဖစ္သည္။

ျပည္သူအမ်ားစုမွ စိတ္ဝင္တစား ေစာင့္ၾကည့္ခံေနရသည့္ ဤလုပ္ႀကံသတ္ျဖတ္မွုသည္ အဓိကသံသယရွိသူတဦးျဖစ္သည့္ ေအာင္ဝင္းခိုင္ ေနျပည္ေတာ္တြင္ ေပ်ာက္သြားသကဲ့သို႔ လြယ္လြယ္ကူကူ ေပ်ာက္ကြယ္မသြားသင့္ေပ။

(ဧရာဝတီ အဂၤလိပ္ပိုင္းပါ Kyaw Zwa Moe ၏ Where are the Assassins?  ကို ဘာသာျပန္ဆိုသည္)
Irrawaddy
...........

ဦးကိုနီလုပ်ကြံမှုနှင့် အဖြေမပေါ်သေးသော မေးခွန်းများ
ကျော်စွာမိုး

22 March 2017

ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရပြီး တလခွဲကျော်ကြာသည်အထိ အမှုနောက်ကွယ်မှ အဓိက ကြိုးကိုင်သူနှင့် လျှို့ဝှက်ကြံစည်သူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

သူတို့ကို မကြာမီ ဖမ်းမိမည်လားဆိုသည်မှာ ကျနော်တို့ အားလုံး စောင့်မျှော်နေသောအရာ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးကို သတ်ဖြတ်ရာတွင် အဓိက လက်သည်အဖြစ် စွပ်စွဲခံရသူ ဒုဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်မှာ မြို့တော် နေပြည်တော်တွင် ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး အခုအထိ လွတ်မြောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ကမူ သေနတ်သမားကြည်လင်းနှင့် ထိုအမှုတွင် သံသယရှိသူ သုံးဦးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဗိုလ်ဟောင်း အောင်ဝင်းဇော် (အောင်ဝင်းခိုင်၏အကို) ၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ သေနတ်သမားကြည်လင်းနှင့် အမှုတွင် စွပ်စွဲခံရသူ အသစ်ဖြစ်သော အောင်ဝင်းထွန်းတို့ ဖြစ်သည်။

ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ဤလုပ်ကြံသတ်ဖြတ်မှုတွင် အောင်ဝင်းခိုင် နောက်ကွယ်၌ အဓိက ကြိုးကိုင်သူ ရှိလိမ့်ဦးမည်ဟု ပြည်သူလူထုက ယူဆသည်။ ဤလုပ်ကြံမှုကို အဓိကကြိုးကိုင်သူအား ယနေ့အထိ ဖမ်းဆီးအရေးမယူနိုင်ခြင်းကြောင့် အမှုကို စုံစမ်းဖော်ထုတ်ရသော ပြည်ထဲရေးဝန်ကြီးဌာန အပေါ် ဝေဖန်စရာများ ဖြစ်လာခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရပြီး ရက်ပေါင်း ၄၀ ပြည့်သော စနေနေ့က ရန်ကုန်တွင် ကျင်းပသော အခမ်းအနားတခုတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက အမှုတွင် အရေးကြီးသော သံသယရှိသူများကို ယခုအချိန်ထိ မဖမ်းမိသေးခြင်းကို သူအနေနှင့် အံ့သြမိသည်ဟု ပြောသည်။ ထိုသူများကို အမြန်ဆုံး ဖမ်းဆီးရန် အာဏာပိုင်များကိုလည်း တိုက်တွန်းခဲ့သည်။

ဦးတင်ဦးလိုပင် လူထုကလည်း အမှု၏နောက်ကွယ်မှ အမှန်တရားကို စိတ်မရှည်စွာ စောင့်စားနေကြပြီး သတ်ဖြတ်ခံရသူ၏ မိသားစုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး စောင့်ဆိုင်းနေကြသည်။ ဤအမှုနှင့်ပတ်သက်ပြီး ဒွိဟဖြစ်စရာ အဖြေမရှိသေးသည့် အောက်ပါ မေးခွန်းများလည်း ထွက်ပေါ်နေသည်။

အောင်ဝင်းခိုင်သည် အဘယ်ကြောင့် အခြားရာဇဝတ်သားများ ထွက်ပြေးလေ့ရှိသည့်နေရာများသို့ တိမ်းရှောင်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်သော နေပြည်တော်သို့ ပြေးရသနည်း။

အဓိက သံသယရှိခံရသူများ အားလုံးသည် စစ်တပ်အရာရှိဟောင်းများ ဖြစ်သည် ဟူသောအချက်၏ နောက်ကွယ်တွင် မည် သည်အကြောင်းတရား ရှိနေသနည်း။

အမှုနောက်ကွယ်တွင် အဖွဲ့အစည်းတခုခု (သို့မဟုတ်) ထိုအဖွဲ့အစည်းထဲမှ ထိပ်ပိုင်းပုဂ္ဂိုလ်များ ပါဝင်နေသလား။

သံသယရှိသူများသည် လုပ်ကြံသတ်ဖြတ်မှုအတွက် အဘယ်ကြောင့် သိန်းတထောင် သုံးနိုင်သနည်း။

မည်သည့်အတွက်ကြောင့် အောင်ဝင်းခိုင်ကို ယခုအထိ မဖမ်းနိုင်သေးသနည်း။

ထိုမေးခွန်းအားလုံးမှာ မေးသင့်မေးထိုက်သော မေးခွန်းများဖြစ်ပြီး ပြည်သူလူထုသည် အမှုတွင် ပျောက်နေသော ကွင်းဆက်များကို ဆက်စပ်ရန် ကြိုးစားနေကြသည်။

စစ်တပ်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြင်းအထန် ဝေဖန်ပြီး ဒီမိုကရေစီနည်းလမ်းမဆန်သော ဖွဲ့စည်းပုံအား ပြင်ဆင်ရေး တစိုက်မတ်မတ် တိုက်တွန်းခဲ့သောကြောင့် ဦးကိုနီကို ပစ်မှတ်ထားသတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ယုံကြည်သူ အများအပြားရှိနေသည်။

အထက်ပါ မေးခွန်းများအနက် အတော်များများအတွက် မေးခွန်းထုတ်စရာ အကြီးဆုံးဖြစ်နေသည်မှာ ထိုအမှုတွင် အဓိက ပါဝင်ပတ်သက်နေသူ အားလုံးသည် အဘယ်ကြောင့် တပ်မတော်အရာရှိဟောင်းများ ဖြစ်နေသနည်းဆိုသည့် အချက်ဖြစ်သည်။

ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကိုလည်း အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့် ရင်းရင်းနှီးနှီး အတူ ရိုက်ထားသည့် ဓါတ်ပုံအချို့ပြန့်နှံ့လာသည့်အတွက် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သည်။

အဆိုပါအချက်များကြောင့် အမှုတွင် နောက်ကွယ်ကြိုးကိုင်နေသူများထဲတွင် တပ်မတော်ထဲမှ လက်ရှိ သြဇာအာဏာရှိသူများ ပါသလား (သို့မဟုတ်) ၎င်းတို့နှင့် ပတ်သက်သူများ ပါဝင်နေသလားဟု ပြည်သူအများက သံသယရှိနေကြသည်။

ထိုသံသယမှာလည်း ရဲတပ်ဖွဲ့နှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အမှုမှန်ပေါ်ပေါက်အောင် မဖော်ထုတ်နိုင်သေးသ၍ အမှုတွင် ပါဝင်ပတ်သက်သည့် ဆက်လက် ကြီးထွားနေမည်သာဖြစ်သည်။

ထိုသံသယကို မည်သူမျှ လူသိရှင်ကြား မေးခွန်းမထုတ်ရဲကြသေးပေ။ သို့သော် တပ်မတော်ကလည်း ထိုသံသယကို ငြင်းဆိုထားပြီးဖြစ်သည်။

ဦးကိုနီ လုပ်ကြံမှု နောက်ကွယ်တွင် အဖွဲ့အစည်းတခုခ ုပါဝင်ပတ်သက်ပါသလားဟု မေးသောအခါ တပ်မတော်သည် ထိုအမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း စစ်တပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းညှိုနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမှုတွင် တပ်မတော်အရာရှိဟောင်းများ ပါဝင်မှုကြောင့် တပ်မတော်အပေါ် အများက သင်္ကာမကင်း ဖြစ်နေသည်ကို စစ်ဘက်ထိပ်တန်းအရာရှိများ သိရှိနေကြောင်း သူ၏ အဖြေက ပြသနေသည်။

ဦးလင်းဇော်ထွန်းနှင့် ပတ်သက်သည့် စွပ်စွဲချက်များကိုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပယ်ချသည်။ “သူ (လင်းဇော်ထွန်း) ပါဝင်ပတ်သက်ရင်တောင်မှ ဒါက တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။ သူ စစ်တပ်က ထွက်ပြီးသားဖြစ်နေပြီ။ သူ့မှာ အပြစ်ရှိကြောင်း တွေ့ရှိရရင်တောင် တပ်မတော်နဲ့မဆိုင်ဘူး” ဟု ပြောခဲ့သည်။

သို့သော် အဓိက သံသယရှိခံရသူ နှစ်ဦးဖြစ်သည့် အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှစ်ဦးနှင့် ဦးလင်းဇော်ထွန်းတို့ အကြားမှ ရင်းနှီးသော ဆက်ဆံရေးအပေါ် သံသယများ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်။

ထို့အပြင် ဦးလင်းဇော်ထွန်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေးလုံခြုံရေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသည်ဟု ဖော်ပြမှုများလည်း ရှိသည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်ရန် တပ်မတော်မှ ထွက်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့၏ ထိုအမှုနှင့်ပတ်သက်သော ရပ်တည်ချက်မှာလည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကွဲပြားနေသည်။

ပြီးခဲ့သည့်လက ရန်ကုန်တွင် ကျင်းပသော ဦးကိုနီလုပ်ကြံခံရမှု တလပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သေနတ်သမားကြည်လင်းကို ဖမ်းဆီးရန် ကြိုးစားစဉ် သေဆုံးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းနှင့် ဦးကိုနီ တို့သည် အာဇာနည်များဖြစ်သည်ဟု ချီးမွမ်းပြောခဲ့သည်။

ထိုနေ့မတိုင်မီ တရက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဦးကိုနီကို သတ်ဖြတ်သူများသည် အစွန်းရောက်မျိုးချစ်စိတ်က စေ့ဆော်ပြီး လူငယ်သဘာဝပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် သတ်ဖြတ်မှုဖြစ်စေသည်ဟု လျှော့ပေါ့ပြောဆိုခဲ့သည်။

သူ၏စကားမှာ အရပ်ထဲနှင့် ဆိုရှယ်မီဒီယာတွင် ဝေဖန်စရာဖြစ်ခဲ့ပြီး ထိုအချက်ကို တပ်အကြီးအကဲများလည်း သတိပြုမိကြမည်မှာ အမှန်ပင်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူများတွင် တပ်မတော်မှအရာရှိဟောင်းများ ပါဝင်နေခြင်းသည် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များ ရင်ဆိုင်နေရသော မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာအတွက် မကောင်းချေ။

ထိုသို့ဂုဏ်သိက္ခာ ထိခိုက်မှုကို ပြန်လည်အဖတ်ဆယ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမှုပေါ်ပေါက်ရေး ကူညီနေသော တပ်မတော်တို့အနေဖြင့် လုပ်ဆောင်ရန် တခုတည်းသော နည်းလမ်းမှာ အဓိက တရားခံအားလုံးကို ဖော်ထုတ်ပြီး အမြန်ဆုံး တရားခွင်သို့ ပို့ဆောင်ရန်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အမှုနှင့် ပတ်သက်ပြီး သံသယများ ဆက်လက်ပျံ့နှံ့ကြီးထွားနေမည်သာ ဖြစ်သည်။

ပြည်သူအများစုမှ စိတ်ဝင်တစား စောင့်ကြည့်ခံနေရသည့် ဤလုပ်ကြံသတ်ဖြတ်မှုသည် အဓိကသံသယရှိသူတဦးဖြစ်သည့် အောင်ဝင်းခိုင် နေပြည်တော်တွင် ပျောက်သွားသကဲ့သို့ လွယ်လွယ်ကူကူ ပျောက်ကွယ်မသွားသင့်ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Zwa Moe ၏ Where are the Assassins?  ကို ဘာသာပြန်ဆိုသည်)


No comments:

Post a Comment