Latest News

Sunday, March 19, 2017

နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ ၀န်ထမ်း ၁,၅၀၀ ခန့်မယ်

နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ ၀န်ထမ်း ၁,၅၀၀ ခန့်မယ်

မတ်လ ၄ ရက်က နှစ်ကြီးကျခံနေသူ အမျိုးသားသုံးဦးဟာ ပုဆိုးရှစ်ထည်ကို အသုံးပြုကာ ထောင်အုတ်တံတိုင်းကိုကျော်တက်ပြီး ထွက်ပြေးခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ဝန်ထမ်းဦးရေ ၁,၅၀၀ ထထိ ခန့်အပ်မယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးက အကျဉ်း ထောင်တွေမှာ အကျဉ်းသားဦးရေ ၇၀,၀၀၀ ကျော်ရှိနေပြီး အကျဉ်းထောင်ဝန်ထမ်းဟာ ၂၆၀ ကျော်ရှိတာကြောင့် ၀န်ထမ်းအင်အားကို ယခုနှစ် ၂၀၁၇ မှာ တိုးချဲ့ခန့်ထားမှာ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

‘‘ဖွဲ့စည်းပုံအနေနဲ့ဆိုရင် အရမ်းကြီးတော့ မနည်းဘူး။ ဒါပေမဲ့ အကျဉ်းသားဦးရေက များပြားလာတဲ့အတွက် ဒီ ၂၀၁၇ အတွင်းမှာ ၀န်ထမ်းကို တိုးခန့်ဖို့ လျာထားတယ်။ ၀န်ထမ်းဦးရေနည်းတဲ့အတွက် တာဝန်ပိုင်းတွေမှာ လစ်ဟင်းမှုတွေရှိလာတယ်။ သင်တန်းဆင်းတာတွေရှိတယ်။ ဒါတွေကိုလည်း အကုန်လုံးဖြည့်ပေးသွားမှာပါ’’ လို့ ဦးမင်းထွန်းစိုးကပြောထားပါတယ်။

အကျဉ်းထောင်ဝန်ထမ်း တစ်ဦးကို အနိမ့်ဆုံးလစာ ကျပ် ၁၅၀,၀၀၀ စတင်ရရှိမှာဖြစ်ကာ တစ်နေ့ကို ထမင်းစရိတ်အဖြစ် ကျပ် ၁,၀၀၀ နှုန်းပေးမှာ ဖြစ်ပါတယ်။

‘‘တကယ်လည်း လိုအပ်နေပါတယ်။ အကျဉ်းသားတွေကများ ပြီး ၀န်ထမ်းဦးရေက နည်းနေတယ်။ ဒါတွေကို လုပ်သင့်တာတော့ကြာနေပြီ။ အကျဉ်းထောင်ဖောက်ပြေးမှုတွေ ခဏခဏဖြစ်နေတာကတော့ ၀န်ထမ်းဦးရေ နည်းတဲ့အတွက် လစ်ဟင်းမှုတွေ ရှိတယ်။ နောက်ပြီး နေရေးထိုင်ရေး၊ စားရေးသောက်ရေးပါ လုပ်ပေးစေချင်တယ်’’ လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

မန္တလေးအိုးဘိုအကျဉ်း ထောင်မှာ မတ်လ ၄ ရက်က နှစ်ကြီးကျခံနေသူ အမျိုးသားသုံးဦးဟာ ပုဆိုးရှစ်ထည်ကို အသုံးပြုကာ ထောင်အုတ်တံတိုင်းကိုကျော်တက်ပြီး ထွက်ပြေးခဲ့ရာမှာ နာရီပိုင်းအတွင်း ပြန်လည်ဖမ်းမိခဲ့ပါတယ်။

အကျဉ်းသားတွေ ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး အိုးဘိုအကျဉ်းထောင် တာဝန်ရှိသူတွေကို စစ်ဆေးမယ်လို့  အကျဉ်းဦးစီးဌာန (နေပြည်တော်)မှ သိရပါတယ်။
Source: 7Day Daily: Duwun

No comments:

Post a Comment