Latest News

Sunday, March 19, 2017

ရွာသား ၅ ဦးကို အမိန့်အရ သတ်ခဲ့ဟု တပ်မတော်သားများဝန်ခံ


By နန်းမြနဒီ 10 August 2016
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ တွေ့တဲ့ရွာသားအလောင်း ၅ လောင်းဟာ သူတို့သတ်ပြီး မြှုပ်နှံထားခဲ့တာလို့ တပ်မတော်သား ၃ ဦးက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ခုံရုံးမှာ  သြဂုတ် ၉ ရက်နေ့က ဖြောင့်ချက်ပေးခဲ့ကြ ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဇူလိုင်လ ၂၀ ရက်ေန့က မီဒီယာတွေနဲ့တွေ့စဉ်မှာ ဒီရွာသား ၅ ဦးသေဆုံးခဲ့ရမှုဟာ တပ်မတော်က စစ်ဆေးရင်း လက်လွန်သေဆုံးခဲ့ရတာဖြစ်ကြောင်းနဲ့ စစ်ခုံရုံးနဲ့စစ်ဆေးဆုံးဖြတ်ပြီး လူသိရှင်ကြား ထုတ်ပြန် မယ်လို့ ဖြေကြားခဲ့ပြီးနောက် စစ်ခုံရုံးမှာ ဖြောင့်ချက်ပေးကြတာဖြစ်ပါတယ်။

အသတ်ခံရသူ ရွာသား ၅ ဦးရဲ့ မိဘဆွေမျိုးတွေ၊ မိုင်းယော်ကျေး ရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကိုပါ စစ်ခုံရုံးမှာ တက်ရောက်နားထောင်ခွင့်ပေးခဲ့ပါတယ်။

စစ်ခုံရုံးအဖွဲ့ဝင် ဗိုလ်မှူးချုပ်အဆင့်ရှိသူတဦးနဲ့ ဒုဗိုလ်မှူကြီး အဆင့်ရှိသူ ၃ ဦးတို့ကနေပြီး  ခမရ ၃၆၂ တပ်ရင်းမှူးအပါအ၀င် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ တပ်ကြပ်ကြီးနဲ့ တပ်ကြပ် စတဲ့ အရာရှိအရာခံ တပ်သား ၇ ဦးကို စစ်ဆေးတယ်လို့ စစ်ခုံရုံးကို တက်ရောက်နားထောင်တဲ့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

စစ်ဆေးခံရသူတွေထဲမှာ တပ်ကြပ်ကြီးနှစ်ဦးနဲ့ တပ်ကြပ် တဦးတို့က  သေဆုံးသူရဲ့ ဖုန်းထဲမှာ သေနတ်ကိုင်တဲ့ ဓာတ်ပုံတွေ့ရသလို ပလောင်လက်နက်ကိုင် စာအုပ်လည်း တွေ့ရတဲ့အတွက် သတ်ခဲ့ရကြောင်း၊ အထက်အမိန့်အရ လုပ်ရတာဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့  သေဆုံးသူရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။

“၂ ယောက်က ပလောင်စစ်သားအဖြစ် စစ်ဆေးသိရှိရလို့၊ ဓာတ်ပုံတွေ့တယ်၊ စာအုပ်တွေ့တယ်။ နောက် ၃ ယောက်ကတော့  ရွာသားပဲဆိုတာ သူတို့လည်း သိပါတယ်တဲ့၊ သူတို့လည်း မသတ်ချင်ဘူး၊ ဒါပေမယ့် အထက်က ပြောတာ၊ အဲဒီ ၃ ယောက်က မသတ်ရင် လူတွေသိကုန်မယ်၊ သူတို့ချင်းချင်းလည်း ပတ်သက်နေကြတာပဲ၊ အားလုံး သတ်လိုက်လို့ပြောလို့ ဓားနဲ့ ထိုးသတ်ရတယ်လို့ ပြောတယ်၊ သေတဲ့လူကို ပြောက်ကျားဘောင်းဘီလဲ ၀တ်ပေးဖို့လည်း ပြောတယ်၊ သူတို့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲနေတာ တွေ့ရတယ်ခင်ဗျ” လို့ ပြောပါတယ်။

သေဆုံးတဲ့ ရွာသားတွေအလောင်းမှာပါတဲ့ အ၀တ်အစားတွေကို ချွတ်ပြီး ပြောက်ကျား ဘောင်းဘီ လဲလှယ်ဝတ်ပေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းက ရဲဘော်တွေအဖြစ် ပုံဖျက်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

မနေ့က အဲဒီအမှုကို မနက် ၉ နာရီကနေ ည ၆ နာရီခွဲထိ စစ်ဆေးကြောင်း၊ အစစ်ဆေးခံရသူတွေရဲ့ ရာထူးတံဆိပ်တွေ ဖြုတ်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို ဘယ်လိုအပြစ်ပေးအရေးယူမယ်ဆိုတာတော့ မသိရကြောင်း၊ သူတို့ စစ်တပ်ထဲမှာပဲ လျှို့ဝှက်တရားစီရင်မယ်လို့ ပြောကြောင်း ကျေးရွာရပ်မိ ရပ်ဖက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က အဲဒီနေရာမှာ သေဆုံးသူ ရွာသားပေါင်း ၇ ဦးရှိပေမယ့် ကျန်တဲ့ အီနိုင်းရွာသား ၂  ဦးကတော့ ပစ်ခတ်မှုတွေကြား သေဆုံးခဲ့ကာ မူးယစ်ဆေးဝါးပါ တွေ့တယ်လို့ တပ်မတော်က စွပ်စွဲထားပြီး အဲဒီအမှုကိုတော့ မစစ်ဆေးသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အစိုးရစစ်ကြောင်းတခု မိုင်းယော်ဘက်ကို တက်လာပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ကားတွေကို တားဆီးစစ်ဆေးရင်း ဆိုင်ကယ်ပေါ်ပါ အီနိုင်းရွာသား ၂ ဦးသေဆုံးပါတယ်။ ဒီလူတွေမှာ မူးယစ်ဆေးဝါးတွေမိတယ်ဆိုပြီး တပ်ဘက်က ထုတ်ပြောပြီး အမှုမစစ်သေးပါဘူး။ အဲဒီနေ့မှာပဲ  အဖမ်းခံရသူတွေထဲက  ၅ ဦးကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ မြေမြှုပ်ထားတဲ့အလောင်းအနေနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
DVB

No comments:

Post a Comment