Latest News

Monday, March 27, 2017

အဝီစိတွင်းသစ်များမတူးဘဲ တွင်းဟောင်းများမွန်းမံသည့်ကိစ္စ စစ်ဆေးမှု မှန်ကန်ပါက အရေးယူမည်ဟုဆို

အဝီစိတွင်းသစ်များမတူးဘဲ တွင်းဟောင်းများမွန်းမံသည့်ကိစ္စ စစ်ဆေးမှု မှန်ကန်ပါက အရေးယူမည်ဟုဆို

အိမ်မဲမြို့နယ်၊ ထိန်ငူကျေးရွာတွင် ၂၀၁၃-၁၄ဘက်ဂျက်ဖြင့် အဝီစိတွင်းတူးဖော်မှုမှာ ၂၀၁၇ ခုနှစ်ထိ မပြီးပြတ်သေးဘဲ အချို့တွင်းဟောင်းများကိုသာ ပြန်လည်မွန်းမံပေးသည်ဟူသော သတင်းများကြောင့် စိစစ်သွားမည်ဖြစ်ပြီး မှန်ကန်ပါက မြို့နယ်ဦးစီးမှူးအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမည်ဟု ဧရာဝတီတိုင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းကပြောသည်။

"ကျွန်တော်တို့ဆီမှာ ပြီးနေတဲ့ စာရင်းပဲရှိတာ။ တကယ်မပြီးဘူးဆိုတာ SAEတင်လိုက်မှ သိတာ။ တင်ပြချက်ကိုပြန်ကြည့်ရတာပေါ့ တင်ပြချက်က တကယ်မှန်မမှန်ဆိုတာ တခုတည်းကိုဆုံးဖြတ်လို့မရဘူး တင်ပြချက်ဖြစ်ဖြစ်ချင်း နောက်တစ်ရက်မှာ ကျွန်တော်ဆီက ဒုတိုင်းပေါ့ ဒုညွန်မှူး ဦးဆောင်ပြီး PEပေါ့ ရှေးဦးစုံးစမ်းရေးဖွဲ့ပြီး ကွင်းဆင်းခိုင်းထားတယ်။ လူပုဂ္ဂိုလ်တွေ စစ်ဆေးတာတွေလုပ်နေကြပါတယ်။ မှန်မမှန်၊ မှန်ခဲ့ရင်တော့ မြို့နယ်မှူးမှာတာဝန်ရှိသွားပြီ”ဟု ဧရာဝတီတိုင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းကပြောသည်။

အိမ်မဲမြို့နယ်၊ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ဘတ်ဂျတ်နှစ်၌ တူးဖော်ရမည့် အဝီစိတွင်းများကို အပြည့်အဝမတူးပေးခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ မီဒီယာများအား မတ်လ၂၆ရက်က ပြောသည်။

"၂၀၁၄မှာ ရေတွင်းနှစ်တွင်းတူးပေးမယ်ဆိုပြီး ဖုန်းဆက်ပြောတော့ နေရာရွေးပေးတယ်။ တူးသင့်တူးထိုက်တဲ့နေရာကို ပြပေးတာပေါ့။ ဟိုဘက်ကအိမ်ခြေနည်းလို ဒီဘက်ပြန်တူးမယ်ဆိုပြီး ရွာအဖျားမှာတစ်တွင်းတူးပေးခဲ့တယ်။ ဒီတွင်းကိုသနပ်ခါးလိမ်းသလိုပါပဲ။ လေမှုတ်ထုတ်ပေးမယ်ဆိုပြီးတော့၊ အမှန်က တူးရမှာ အသစ်တူးရမှာ တွင်းဟောင်းကိုပြန်ပြုပြင်မယ်ဆိုပြီး ဒီနေ့မှာ လာတူးနေတာ”ဟု အိမ်မဲမြို့နယ်အတွင်းရှိ၊ ထိန်ငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းညှက်ပိန်က ပြောသည်။

၂၀၁၃-၁၄ ဘက်ဂျက်တွင်လုပ်ရမည့် ထိန်ငူကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ အဝီစိတွင်းအား ၂၀၁၇ ခုနှစ်၊ မတ်လ၂၅ရက်မှသာ လာရောက်တူးဖော်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် အိမ်မဲမြို့နယ်အတွင်းရှိ တောင်စုကျေးရွာတွင်လည်း "ကျွန်တော်တို့ အဝီစိတွင်းကို အလှူရှင်တစ်ဦးလှူပေးထားတာ ကိုးနှစ်လောက်ရှိပြီ။ အရင်က သစ်သားနဲ့ အဲဒါကို အုတ်ခုံနဲ့ပိုက်ကို လာလုပ်ပေးတာ နှစ်နှစ်လောက်ရှိပြီးထင်တယ် ”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတွင် တိုင်ကြားခံရမှုအများဆုံးမှာ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်က အများဆုံးဖြစ်ကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကျေးလက်ဦးစီးဌာန ၂၀၁၃-၁၄ဘက်ဂျက်တွင် ရေတွင်းများတူးဖော်မှုတွင် တချို့နေရာက တွင်းဟောင်းများတွင် အုတ်ဖိနပ်များသာ လုပ်ပေးခဲ့ကြောင့် ကျေးရွာနေပြည်သူများထံက သိရှိရသည်။

Mizzima

No comments:

Post a Comment