Latest News

Monday, March 27, 2017

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ဧပြီ ၁ ရက်မှာ စစ်မယ်

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ဧပြီ ၁ ရက်မှာ စစ်မယ်

၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာတွေကို ပြည်တွင်းက တက္ကသိုလ်တချို့မှာ ဧပြီ ၁ ရက်က စပြီး စစ်ဆေးသွားမှာဖြစ်ကာ အဖြေလွှာစစ်ဆေးမယ့် ဆရာ၊ ဆရာမတွေကို တစ်ရက်လျှင် ကျပ် ၁,၀၀၀ ပေးအပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဖြေလွှာတွေကို စစ်ဆေးဖို့ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခုံနံပါတ်တွေကို ကုတ်နံပါတ်တွေနဲ့ ချိပ်ပိတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် နေတယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

‘‘ဧပြီ ၁ ရက် အဖြေလွှာတွေ စတင်စစ်ဆေးမယ်။ စာစစ်မယ့် ဆရာ၊ ဆရာမတွေအတွက် စာစစ်ခတစ်ရက်ကို ကျပ် ၁,၀၀၀ သတ်မှတ်ပေးထားတယ်။ ဒီနှုန်း ထားက အရင်ကထက်စာရင် ပို လာတယ်လို့ ပြောလို့ရတယ်။ အရင်က တစ်ရက်ကို ကျပ် ၇၀၀ နှုန်းနဲ့ပေးတယ်"လို့ အဆိုပါအရာရှိက ပြောပါတယ်။

အဖြေလွှာစစ်ဆေးတာတွေကို ဧပြီ ၁ ရက်ကနေ ၁၂ ရက်အထိ စစ်ဆေးမှာဖြစ်ကာ ရန်ကုန်၊ ဒဂုံ၊ တောင်ကြီး၊ မုံရွာ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ စစ်တွေ၊ မကွေး၊ မန္တလေးနဲ့  ပုသိမ်တက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်တွေအလိုက် ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေကို စာစစ်မှူးချုပ်အဖြစ် ခန့်အပ်ပြီး အမှတ်ပေးစည်းမျဉ်းရေးဆွဲကာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာ သင်္ချာဘာသာရပ်မှာ မေးခွန်းမပြည့်စုံတာတွေဖြစ်ခဲ့လို့ စာစစ်မှူးချုပ်တွေက အဆိုပါကိစ္စကို အရေးပေါ်သတ်မှတ်ဖြေရှင်း ဆောင်ရွက်ပေးသွားမယ်လို့  သိရပါတယ်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်း သင်္ချာဘာသာရပ်မေး ခွန်းမပြည့်စုံမှု ဖြစ်ပေါ်ခဲ့တာကြောင် ကျောင်းသား၊ ကျောင်းသူတွေ နစ်နာမှုမရှိစေဖို့ ဆောင်ရွက်ပေးမယ်လို့ ပြောထားပါတယ်။

ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတိုင်းအတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၇၆၇,၄၂၂ ဦးရှိပြီး အရင်နှစ်တွေထက် စာရင်းပေးသွင်းတဲ့  ကျောင်းသားဦးရေ သိသိသာသာ မြင့်တက်ခဲ့ပေမယ့် ကျောင်းသား ၇၁၆,၂၁၆ ဦး ၀င်ရောက်ဖြေဆိုခဲ့ကာ စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်ခဲ့တဲ့ ကျောင်းသားဦးရေ ၅၀,၀၀၀ ကျော်ရှိတယ်လို့  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။

Source & Photos : 7DayDaily:Duwun

No comments:

Post a Comment