Latest News

Tuesday, March 14, 2017

“မိသားစု… ဆိုတာ အေးအတူပူအမျှ နေကြရတဲ့ဘ၀ပါ “

“မိသားစု… ဆိုတာ အေးအတူပူအမျှ နေကြရတဲ့ဘ၀ပါ “

မိသားစု ဘ၀ဆိုတာ ကြီးကျယ်ခမ်းနားလှပါတယ်။ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ ဘ၀ မဟုတ်တော့ဘူး၊ ကိုယ့်ရဲ့အောင်မြင်မှုကြောင့်ကိုယ့်မိသားစုဝင်တွေအားလုံး ကျေနပ်ပျော်ရွှင်ရတာမျိုးလည်း ရှိနိုင်သလို၊ ကိုယ့်ရဲ့ရှုံးနိမ့်မှုကြောင့် မိသားစုဝင်အားလုံးကို ထိခိုက်သွားစေရတာတွေလည်း ရှိနိုင်တာပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဘာကြောင့်ပဲဖြစ်ဖြစ် မိသားစုဖြစ်လာခဲ့ရင်တော့ အေးအတူပူအမျှ ရင်ဆိုင်ကြရတာ၊ရှင်သန်ကြရတာပါပဲ။ဒါကြောင့်လည်း အချို့သူတွေက လက်ထပ်ပြီး မိသားစု ဘ၀ကိုတည်ဆောက်ဖို့စိုးရွံ့နေကြတာပါ။

ဘာကြောင့်ပဲဖြစ်ြဖစ် အိမ်ထောင်ပြုလိုက်ပြီ၊ မိသားစု ဘ၀လေး ရှိသွားပြီဆိုရင်တော့ဒါဟာ ကိုယ်တစ်ဦးတည်းရဲ့ အနာဂတ်မဟုတ်တော့ပါဘူး။ ကိုယ်တစ်ဦးတည်းရဲ့အတ္တနဲ့လည်း သွားလို့မရတော့ဘူး။ ကိုယ့်ရဲ့ ဇနီး(သို့)ခင်ပွန်းနဲ့သားသမီးတွေ အတွက်ပါ ထည့်စဉ်းစားရပါတော့တယ်။

အဲဒီလိုမှ မဟုတ်ဘူး ကိုယ့်ရဲ့အတ္တတစ်ခုကိုပဲ ရှေ့တန်းတင်မိတဲ့သူတွေကတော့အိမ်ထောင်ရေးမှာ သာယာဖို့ ခက်ခဲကြတာလည်း တွေ့မြင်ရပါတယ်။

သူတို့ဟာ အပျို၊ လူပျို ဘ၀တုန်းက ရရှိခဲ့ဖူးတဲ့ လွတ်လပ်မှုတွေ၊ သာယာမှုတွေကို ပြန်လည် တမ်းတတာမျိုး ၊ ကိုယ့်ကိုယ်ကိုလည်း နှမျောနေတတ်ပြီး အိမ်ထောင်ဘက်က ဘယ်လို နားလည်မှုပေးပါစေ အိမ်ထောင်ရေးကို စိတ်တို်ငးမကျနိုင်အောင် ဖြစ်ပြီး
အိမ်ထောင်ပြုခြင်းက အမှားယွင်းတစ်ခုလို့မြင်လာကြတာလည်း တွေ့ရပါတယ်။

အိမ်ထောင်ပြုလိုက်တဲ့ အတွက် အရှုံးတွေကိုပဲ လက်ခံရလိုက်တယ်၊ ကလေးတွေက ၀န်ထုတ်ဝန်ပိုးတွေဖြစ်လာတယ်လို့ သူတို့တွေးလာပြီး အိမ်ထောင်ရေးကို သာယာအေးချမ်းအောင် တည်ဆောက်ဖို့ထက် ကိုယ်လွတ်ရုန်းဖို့ စဉ်းစားကြတာမျိုးလည်း ရှိတာပါပဲ။

ကျွန်မ အမြင်မှာတော့မိသားစုတိုင်းမှာ ရုန်းကန်မှုတွေ၊ စိန်ခေါ်မှုတွေ အခက်အခဲကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေကြရတာပါပဲ။ ပို်က်ဆံ ရှိတဲ့သူလည်း ရှိတဲ့အလျောက်၊ မရှိတဲ့သူတွေကလည်း မရှိတဲ့အလျောက် အားလုံးမှာတော့ဒုက္ခကိုယ်စီ ရှိကြတာပါပဲ။

အိမ်ထောင်ပြုလိုက်လို့ပြောင်းလဲသွားတဲ့ အခြေအနေကို  အဆိုးဒုက္ခလို့ တွေးမယ်ဆိုရင်တော့ ဒုက္ခတွေဟာ မဆုံးနိုင်တော့ပါဘူး။ အဲဒီလိုမှ မဟုတ်ဘဲ ပြောင်းလဲတဲ့အခြေအနေကို လက်ခံပြီး အဲဒီထဲက အကောင်းတွေကို ရှာဖွေနေထိုင်မယ်ဆိုရင်တော့ အိမ်ထောင်ရေးနဲ့မိသားစုဆိုတာ အဓိပ္ဗါယ်လေးနက်ပြီး ကျေနပ် နှစ်သိမ့်မှုကို ပေးနိုင်စွမ်းပါတယ်။

အိမ်ထောင်ကျတဲ့အခါ နှစ်ယောက်တည်းပျော်ရတဲ့ပုံစံကနေ မိသားစုလိုက်   ဘ၀ နေထိုင်မှုပုံစံကို ပြောင်းလဲရပါတယ်။ သူ့မျက်နှာတင်မက အခြား မိသားစုဝင်တွေရဲ့မျက်နှာကိုပါ လိုက်ကြည့်ရပါတယ်။ ဒါကို နစ်နာတယ်လို့မတွေးပါနဲ့၊
နှစ်ယောက်ဘ၀ဆိုတာထက် မိသားစု ဘ၀ဆိုတာကပိုပြီး လေးနက်တယ်၊။

မိသားစု ရှိလာတဲ့အတွက် အနာဂတ်က ပြတ်သားလာတယ်၊ လောကဓံကို ကိုယ်တစ်ယောက်တည်ဲးရင်ဆိုင်ရမှာ မဟုတ်ဘဲ၊ မိသားစုလိုက် ရင်ဆိုင်ရတဲ့အတွက် ခွန်အားရှိပါတယ်။  အသင်းအဖွဲ့ကောင်းရင် ကောင်းသလောက် အောင်မြင်မှုရနိုင်ပါတယ်။

ဒါကြောင့်မိသားစု ဆိုတာ အသင်းအဖွဲ့ကောင်းဖြစ်ဖို့အရေးကြီးတယ်လို့ နားလည်ရပါတယ်။. အသင်းအဖွဲ့ကောင်းဆိုတာ ကိုယ်ကလည်း ကောင်းဖို့လိုသလို၊ အဖွဲ့ဝင်အားလုံးကောင်းဖို့ လိုတာပါ၊ ကိုယ်က ဒါကို နားလည်ထားတယ်ဆိုရင် အားလုံးကောင်းဖို့အတွက်  ကောင်းအောင် လုပ်ပေးဖို့လေ့ကျင့်ပေးဖို့ လိုအပ်တာပါပဲ။

အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အိမ်ထောင်ရေးမှာ သူသာတယ်၊ငါနာတယ်လို့တွက်ဆနေလို့မရပါဘူး၊ သူနဲ့ ငါဟာ တစ်သားတည်းဆိုတဲ့ စိတ်မျိုးနဲ့သာ အေးချမ်းတဲ့မိသားစု ဘ၀ကို တည်ဆောက်နိုင်တာပါ။

အဲဒီလို အသင်းအဖွဲ့ကောင်းတစ်ခုကို တည်ဆောက်တဲ့အခါမှာ မေတ္တာနဲ့ ဂရုဏာဟာ အောင်မြင်ဖို့အတွက် အကောင်းဆုံးလို့ ဆိုကြပါတယ်။ အသင်းအဖွဲ့ကောင်းဖို့ ဆိုရင် ပထမဆုံး ကိုယ့်ရဲ့အမြင်ကောင်းရမယ်လို့လည်း မှတ်သားထားခဲ့ဖူးတယ်။

ကျွန်မအနေနဲ့အသက် ၄၀ ကျော်လာပြီးချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေတိုင်းကို ကောင်းတဲ့အချက်တွေကိုပဲမြင်အောင် ကြည့်ပါတော့တယ်။ အဲဒီလို ကြည့်ဖို့ဆိုတာ အလေ့အကျင့်ကလည်း လိုပါတယ်။

ကိုယ့်ကိုယ်ကိုလည်း စိတ်တိုင်းမကျတာ၊ ကိုယ့်ခင်ပွန်းအပေါ်ကို မကျေမနပ်ဖြစ်တဲ့စိတ်၊ သားသမီးတွေကို စိတ်တိုင်းမကျဖြစ်နေတာ၊ အိမ် အကူတွေအပေါ် စိတ်ပျက်နေမိတာတွေကတော့အိမ်ရှင်မတိုင်း ခံစားဖူးမယ်ထင်ပါရဲ့။ ဒါတွေအပြင် မိသားစုတိုင်းရဲ့နေ့စဉ်နဲ့အမျှ ဖြစ်တည်မှုတွေပေါ်မှာ စိတ်အနှောက်အယှက်ဖြစ်စရာတွေ၊ စိတ်ညစ်စရာတွေ ရှိနေသလို၊ စိတ်ကျေနပ်စရာတွေနဲ့ ပီတိဖြစ်ရတာတွေလည်း ကြုံရမှာပါပဲ။

ကျွန်မတို့ရဲ့နေ့စဉ်ဖြစ်တည်မှုတွေအပေါ်မှာ ဆိုးတဲ့အချက်တွေကိုပဲမြင်အောင်ကြည့်လိုက်တဲ့အခါ ကောင်းတာတွေ ပျောက်သွားပြီး ဘ၀ဆိုတာ သိပ်ဆိုးတာပဲ၊ငါ့ ဘ၀ကတော့ဆိုးလိုက်တယ်ဆိုတဲ့အသိက ဦးနှောက်ထဲမှာရော နှလုံးသားထဲကိုပါ ရောက်သွားတယ်။ အဲဒီအခါ ဘာကိုမှ အကောင်းမမြင်တော့ဘူး၊ အကောင်းဆိုတာကိုလည်း ရှာမတွေ့တော့ဘူး။

ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ ကောင်းတာကိုပဲမြင်အောင် ကြည့်တတ်ဖို့ လိုတယ်ဆိုတာကို ကျွန်မ လက်ခံလိုက်တာပါ။ အရင်တုန်းကတော့ဆိုးတာတွေကိုပဲ ကြည့်နေခဲ့မိပါသေးတယ်။ ဆိုးတာကိုပဲ ရှာခဲ့တဲ့အတွက် အတွေးတွေရော၊ အခြေအနေတွေပါ ဆိုးလာတော့တာပါပဲ။ ကိုယ်ကလည်း အဆိုးကိုသာ ရှာခဲ့တာကိုး၊ ကိုယ်တွေးတာ ကိုယ်ရတယ်ဆိုတာ အမှန်ပါ။

ခုတော့ ကောင်းတာကိုပဲ ရှာပါတယ်။ ကောင်းတာကိုပဲ ကြည့်ပါတယ်။ ကောင်းတာကိုပဲ တွေးပါတယ်။ အဲဒီလို ကြိုးစားပါလျက်နဲ့ မကောင်းတာကို တွေ့ခဲ့၊ ရခဲ့ရင်လည်း ဖြေသာသွားတယ်။

အဲဒီအချိန်ကစပြီး  ကိုယ့်ဘ၀နဲ့ကိုယ့်မိသားစုအပေါ်မှာ ကျေနပ်တဲ့စိတ်တွေဖြစ်လာရတယ်။ ခင်ပွန်းသည်ရဲ့ကျေးဇူးနဲ့သားသမီးတွေအပေါ်ဘ၀င်ကျတဲ့စိတ်နဲ့အတူ မိသားစုအတွင်း အေးချမ်းခြင်းနဲ့ချစ်ခင်စည်းလုံးခြင်းကိုပါ မြင်တွေ့လာရပါတယ်။ကောင်းတာကိုပဲ ကြည့်တဲ့ အလေ့အကျင့်ရလာလေ အေးချမ်းလာလေပါပဲ။

ဘ၀ကို အေးချမ်းသာယာစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ကိုယ်တွေ့ကြုံနေရတဲ့နေ့စဉ်ဘ၀ထဲက ကောင်းတာတွေကို မြင်အောင်ကြည့်တတ်ဖို့ပဲ လိုပါတယ်လို့ တိုက်တွန်းအကြံပြုပါရစေရှင်။

(ကျမရဲ့ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကို ကယ်တင်ပါ ...စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်)

ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များကိုလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါရစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment