Latest News

Thursday, March 23, 2017

မှုခင်းကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မှုခင်းကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မှုခင်းကြိုတင်ကာကွယ်ရေးအတွက် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာမူကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဇော်ဝင်းက မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ၀န်ကြီးဌာနတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်မယ့် မဟာဗျူဟာတစ်ရပ်ကိုရေးဆွဲဖို့ စတင်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက်ရေးဆွဲပြီးရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက်ကို ထပ်မံရေးဆွဲသွားမှာဖြစ်ကြောင်းလည်း ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မှုခင်းကြိုတင်ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်နေ တာသာရှိပြီး အဲဒီဆောင်ရွက်ချက်တွေဟာ ယနေ့ ခေတ်ကာလမှာ ရာဇ၀တ်မှုခင်းများကို ထိရောက်စွာကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် မလုံလောက်တော့ကြောင်းလည်း ရဲချုပ်ဇော်ဝင်းက အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂရဲ့ မှုခင်းကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွန်ချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းလည်း ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

မှုခင်းကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲအရာရှိတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ရဲအရာရှိတွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အရာရှိတွေတက်ရောက်ခဲ့ကြပြီး မနက်ဖြန်အထိ  ၂ ရက် ကြာပြုလုပ်မှာ ဖြစ်ပါတယ်။

Photo: Win Naung Toe/RFA

No comments:

Post a Comment