Latest News

Thursday, March 23, 2017

အိုးဝေသံ သံချပ်အဖွဲ့ ဆင်ဆာတင်မည်မဟုတ်

အိုးဝေသံ သံချပ်အဖွဲ့ ဆင်ဆာတင်မည်မဟုတ်

ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ် ဦးဆောင်မယ့် အိုးဝေသံ သံချပ်အဖွဲ့က ဒီနှစ်သင်္ကြန်မှာ သူတို့ ဖျော်ဖြေမယ့် သံချပ်တွေကို ဆင်ဆာတင်သွားမှာ မဟုတ်ဘူးလို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

လူပုဂ္ဂိုလ်တွေ၊ ဘာသာ၊ သာသနာတွေကို ထိခိုက်စေမယ့် စကားလုံးတွေပါသလား ဆိုတာဟာ သံချပ်အဖွဲ့ ဖျော်ဖြေတဲ့အခါမှာ  ပြည်သူတွေကပဲ ဆုံးဖြတ်မှာဖြစ်ပြီး ဒီလိုဥပဒေထုတ်ပြီး ဆင်ဆာတင်ခိုင်းတာမျိုးက မဖြစ်သင့်ဘူးထင်တာကြောင့် ခွင့်ပြုချက်တင်ဖို့ မရှိဘူးလို့ ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ်က ပြောပါတယ်။

"ဘာသာ၊ သာသနာအချင်းချင်း အမုန်းတရားဖြစ်စေမယ့် စကားလုံးတွေပါလား၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ထိခိုက်စောက်ကားစေတဲ့ စကားလုံးပါလားဆိုတာကို ဒီသံချပ်အဖွဲ့အနေနဲ့ ဖျော်ဖြေတဲ့အခါမှာ ပြည်သူကပဲ ဆုံးဖြတ်ပါလိမ့်မယ်၊ ပြည်သူကလက်မခံဘူးဆိုတဲ့ သံချပ်အဖွဲ့ကိုမှ အစိုးရက အရေးယူရမှာပေါ့၊ ဒီလိုကြိုတင်ပြီးတော့ ဥပဒေထုတ်ပြီးတော့ ဆင်ဆာတင်ခိုင်းတာမျိုးကတော့ မဖြစ်သင့်ဘူးထင်ပါတယ်၊ ဒါ့ကြောင့်မို့လို့ ကျနော်တို့ကတော့ သံချပ်ကို ခွင့်ပြုချက် ဒါမှမဟုတ် ဆင်ဆာတင်ဖို့မရှိပါဘူး"

သံချပ်ဆိုတာဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ၊ အစိုးရရဲ့လိုအပ်ချက်တွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်တဲ့ အလေ့အထရှိပြီး အဲဒါဟာ သံချပ်ရဲ့တန်ဖိုး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အိုးဝေသံ သံချပ်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သင်္ကြန်တုန်းက တစ်ကြိမ် သံချပ်အဖွဲ့ထွက်ခဲ့ပြီး အဲဒီတုန်းကလည်း ခွင့်ပြုချက်တင်ခိုင်းပေမယ့် မတင်ခဲ့ဘူးလို့ သိရပါတယ်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်မှာ ဖျော်ဖြေတင်ဆက်မယ့်အဖွဲ့တွေရဲ့ သီချင်းတွေ၊ သံချပ်တွေကို လာမယ့် မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို တင်ပြရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

ဖျော်ဖြေတင်ဆက်မယ့် သီချင်းတွေ၊ သံချပ်တွေမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတာတွေကို ထိခိုက်မှုမရှိစေဖို့ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါဝင်စေဖို့၊ နိုင်ငံတော်၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် အသုံးအနှုန်းတွေ မပါဝင်စေဖို့နဲ့ ရိုင်းစိုင်းဆဲဆိုတဲ့ စကားအသုံးအနှုန်း၊ ဟန်ပန်အမူအယာတွေ မပါရှိစေဖို့ စတာတွေကို သတိပြုဆောင်ရွက်ကြဖို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။RFA

No comments:

Post a Comment