ရန်ကုန်၊ မတ် ၂၃
ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အိုလံပစ်ဟိုတယ်အခန်း တစ်ခုတွင် မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က အခန်းသန့်ရှင်းရေး လုပ်ရာမှ တည်းခိုသူ ကျန်ရှိခဲ့သည့် Brretta အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၀ တောင့်ကို တွေ့ရှိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ အခန်းတွင် တည်းခိုသူမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့် အိုလံပစ်ဟိုတယ်တွင် လာရောက်တည်းခိုခဲ့ပြီး ယနေ့ နံနက် ၉ နာရီခန့်က အခန်းပြန်အပ်သွားခဲ့သည်။
ယင်းနောက် အဆိုပါ အခန်းကို ဟိုတယ်ဝန်ထမ်းမှ သန့်ရှင်းရေး ဝင်လုပ်စဉ် မေ့ကျန်ခဲ့သည့် သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ရဲတပ်ဖွဲ့ကို မေးကြည့်ပါ။ အချက်အလက်တွေအားလုံး သက်ဆိုင်ရာဆီ ကျွန်တော်တို့ သတင်းပေးပို့ပြီးပါပြီ” ဟု ဟိုတယ်မှ တာဝန်ရှိသူက ပြောဆိုသည်။
ယင်းသေနတ်နှင့် ကျည်ဆန်များ တွေ့ရှိမှုနှင့် ပတ်သက်၍ ဟိုတယ်မှ ထွက်ခွာသွားသူ အမျိုးသားကို ရဲတပ်ဖွဲ့က ခရိုင်အနှံ့ ပိတ်ဆို့ရှာနေသည်။The Voice
No comments:
Post a Comment