"လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက်တိုးပေး "
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးအမှု ကို ထိုင်းနိုင်ငံဗဟိုတရားရုံးချုပ်ထံ အယူခံဝင်ရန် ပြင်ဆင်ချိန် ရက်တိုးပေးရန် တောင်းဆိုရာ ထိုင်းအစိုးရက လက်ခံပေးကြောင်း သတင်းရရှိသည်။
မြန်မာလုပ်သားနှစ်ဦးအမှုအား အကျိုးဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများကောင်စီအဖွဲ့သည် ဗဟို တရားရုံးချုပ်ထံ အယူခံဝင်ရန် သတ်မှတ်ထားသည့် တစ်လအတွင်း အယူခံတင်သွင်းရန် ပြင်ဆင်ချိန် မလုံလောက် သောကြောင့် အချိန်တစ်လ ထပ်တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှေ့နေများကောင်စီသည် အယူခံတင်သွင်းရန်အတွက် အချိန်တစ်လ ထပ်မံတိုးပေးရန် မတ်လ၁၆ရက်က တောင်းဆိုထားခြင်း ဖြစ်ကြောင်း လိပ်ကျွန်းအရေးဆောင်ရွက်ပေးနေသော ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဥက္ကဌဦးစိန်ဌေးက ပြောသည်။
" အယူခံအတွက် အချိန် သုံးလလောက်အထိ တိုးတောင်းခွင့်ရှိပါတယ်။မြန်မာဘက်ကလည်း အယူခံတင်သွင်းဖို့အတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ရှိနေပါတယ်"ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
မြန်မာလုပ်သားနှစ်ဦး၏ ပထမအယူခံ တင်သွင်းရမည့်အချိန်သည် ယနေ့(မတ်လ၂၃ရက်)တွင် ရက်ပြည့်မည် ဖြစ်သည်။
သေဒဏ်ကျခံမြန်မာလုပ်သားနှစ်ဦးအား ထိုင်းနိုင်ငံဗဟိုတရားရုံးချုပ်သို့ အယူခံဝင်တင်သွင်းရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက မတ်လ ၇ ရက်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr.Chatchai Viriyavejakul နှင့် ဆွေးနွေးခဲ့သည်။
သေဒဏ်ချမှတ်ခံထားရသော မြန်မာလုပ်သားနှစ်ဦးအတွက် အဆင့်မြင့်တရားရုံး (High Court)အယူခံကို သုံးလအတွင်း တင်သွင်းမည်ဖြစ်ပြီး လာမည့် အယူခံရုံးသည် ကောင်းမွန်သည့် ရလဒ်များ ထွက်လေ့ရှိသဖြင့် မြန်မာပြည်သူများ စိတ်မပူကြရန် မြန်မာလုပ်သားနှစ်ဦးအရေး အ ကျိုးဆောင်ပေးနေသော ထိုင်း နိုင်ငံရှေ့နေများကောင်စီ ဒုဥက္ကဋ္ဌ Mr.Damrongsak Kruakeaw က မတ်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။( 7Day )
Thursday, March 23, 2017
"လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက်တိုးပေး "
"လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက်တိုးပေး "
Reviewed by Ar Ti
on
12:58 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment