Latest News

Thursday, March 23, 2017

ကျောက်ဖြူဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပြည်နယ်လွှတ်တော်မှာ မေးမြန်း

ကျောက်ဖြူဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပြည်နယ်လွှတ်တော်မှာ မေးမြန်


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ချပေးထားတဲ့ ငွေကျပ် သိန်း ၂၆၀၀ ကို ခွဲဝေသုံးစွဲတဲ့ကိစ္စအပေါ် ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ခွဲဝေသုံးစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က အခုလိုမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့ရဲ့ သာမာန်အသုံးစရိတ် ပိုလျှံငွေတွေကိုစုပေါင်းပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွက် ငွေကျပ် သိန်း ၂၆၀၀ စီကို အစိုးရက ပြီးခဲ့တဲ့လက ချထားပေးခဲ့တာပါ။

အဲဒီငွေကြေးတွေကို ဘယ်နေရာတွေမှာ ဘယ်ပုံဘယ်နည်းသုံးစွဲမယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ဒေသဖွံ့ဖြိုးရေးအတွက်ချထားပေးတဲ့ အဲဒီငွေကြေးတွေကို ဘယ်နေရာတွေမှာ သုံးစွဲသွားတယ်ဆိုတာကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့အထိ မသိရှိရသေးဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှကတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးသုံးစွဲရေးအပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment