Latest News

Monday, March 6, 2017

ဆယ်တန်းစာမေးပွဲ ဖြေသူတွေ ပွဲတင် များတာကြောင့် တစ်ရက်ကို ပွဲတွေ ရှစ်ကြိမ်ခန့် ပြန်သိမ်းနေရ

ဆယ်တန်းစာမေးပွဲ ဖြေသူတွေ ပွဲတင် များတာကြောင့် တစ်ရက်ကို ပွဲတွေ ရှစ်ကြိမ်ခန့် ပြန်သိမ်းနေရ


တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့အတွက် ဗိုလ်တထောင်ဘုရားမှာ ရှိတဲ့ မြနန်းနွယ် နတ်နန်းမှာ အုန်းပွဲ၊ ငှက်ပျောပွဲ တင်တဲ့သူတွေ များလာတာကြောင့် တစ်ရက်ကို တင်ပြီးသား ပွဲတွေကို ရှစ်ကြိမ်ခန့်​ ပြန်သိမ်းရတယ်လို့ သိရပါတယ်။

ပုံမှန်ရက်ဆို တစ်နေ့ သုံးကြိမ်လောက်ပဲ သိမ်းရတာ၊ ဒီရက်တွေမှာ လူတအားများတယ်၊ ပွဲသိမ်းရတာမနိုင်ဘူး၊ နီးတဲ့သူဝိုင်းပြီး သိမ်းပေးရတယ်၊ လာတဲ့သူက ၅၀ဝ အောက်မနည်းဘူး၊ စာမေးပွဲကာလဆိုတော့ ပိုဆိုးတယ်လို့ မြနန်းနွယ်နတ်နန်းမှာ လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် ကြီးတစ်ဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့အခါမှာ အထောက်အပံ့ ဖြစ်ဖို့၊ အနှောင့်အယှက်ကင်းဖို့၊ ကျန်းမာရေးကောင်းဖို့၊ စီးပွားရေးအဆင်ပြေဖို့၊ အိမ်ထောင်ရေး အဆင်ပြေဖို့ စတဲ့ အကြောင်းအရာ မျိုးစုံနဲ့ လာရောက်ပြီး မြနန်းနွယ်နတ်နန်းမှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ လာရောက် တင်မြှောက်နေကြတာ တွေ့ရပါတယ်။

အဲသည်ထဲကမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် လာရောက် ပွဲတင်သူတွေ အများစုပါဝင်နေပြီး ခုံနံပါတ်၊ စာစစ်ဌာန၊ နာမည် စတဲ့ စာမေးပွဲနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ၊ စာမေးပွဲမှာ အသုံးပြုမယ့် စာရေးကိရိယာတွေကိုပါ ထည့်သွင်းပြီး ပွဲတင်မြှောက်ကြတာ ဖြစ်ပါတယ်။

မိဘတွေ ကိုယ်စား ဒီမှာ ပွဲလာပေးရတာ၊ ယုံကြည်မှု မယုံကြည်မှု ဆိုတာထက် တာဝန်ကျေအောင် လုပ်ပေးရတာ၊ မိဘတွေကတော့ ဒီအပေါ်မှာ တအားယုံကြည်ကြတယ်၊ ပွဲဆိုလဲ အကောင်းဆုံးကိုမှ ပေးလို့ မှာထားတယ်လို့ ရွှေပြည်သာမြို့နယ်ကနေ လာရောက်ပွဲတင်မြှောက်တဲ့ ကျောင်းဆရာမ ဒေါ်မေဇင်ငြိမ်းက ပြောပါတယ်။

မြနန်းနွယ်ရုပ်တုကို နို့ဘူး၊ ပဝါ၊ ပေါက်ပေါက် စတာတွေကိုလည်း တင်မြှောက်ကြပါတယ်။ အဲသည်လို တင်မြှောက်တဲ့အခါမှာ အုန်းပွဲ၊ ငှက်ပျောပွဲ ဈေးနှုန်းတွေကို ဗိုလ်တထောင် ဘုရားဂေါပကအဖွဲ့က အတိအကျ သတ်မှတ်ထားတာဖြစ်ပါတယ်။

ရခိုင်ငှက်ပျောသီး သုံးဖီးနဲ့ အုန်းသီးပါတဲ့ ရိုးရိုးပွဲတစ်ပွဲကို ကျပ် ၃၀ဝဝ

ရခိုင်(ရှယ်)၊ သီးမွေး၊ ဖီးကြမ်းစတဲ့ ရှယ်ငှက်ပျောသီးနဲ့ပွဲတစ်ပွဲကို ကျပ် ၅၀ဝဝ

ရွှေငှက်ပျောသီးသုံးဖီးပါ ပွဲသေးတစ်ပွဲကို ကျပ် ၈၀ဝ၀ 

ရွှေကလပ် နဲ့ ရွှေငှက်ပျောသီးသုံးဖီးပါ ပွဲကြီးတစ်ပွဲကို ကျပ် ၁၁,ဝ၀ဝ

ရခိုင်ရိုးရိုး ငါးဖီးပွဲတစ်ပွဲကို ကျပ် ၅၀ဝဝ

ရခိုင် (ရှယ်) ငါးဖီးပွဲတစ်ပွဲကို ကျပ် ၇၀ဝဝ

ရွှေငှက်ပျောသီး ငါးဖီးရွှေကလပ်နဲ့ (ရှယ်) တစ်ပွဲကို ကျပ် ၁၂ဝ၀ဝ

ပဝါ အသေးတစ်ထည်ကို ကျပ် ၁၀ဝဝ

စတဲ့ ဈေးနှုန်းအတိအကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဆယ်တန်းဘဖြေဆိုမယ့်သူတွေအတွက် သီးသန့်ပွဲအနေနဲ့ ပြုလုပ်ပေးတာတွေရှိပြီး အုန်းပွဲငှက်ပျောပွဲ ​ရောင်းချတဲ့ဆိုင်တွေက ခန့်ထားတဲ့ ပွဲစားတွေဆီက တစ်ဆင့် မှာယူရတာ ဖြစ်ပါတယ်။ အဲသည်လိုမှာယူတဲ့ အခါမှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်းမဟုတ်ဘဲ ဈေးတင်ရောင်းချတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဈေးတွေ သတ်မှတ်ထားလဲ လာတင်တဲ့သူတွေက မတိုင်ကြဘူး၊ ပြီးတော့ ပွဲစားတွေနဲ့ အလွယ်မှာကြတယ်၊ အဲဒီတော့ ပွဲစားတွေ ပါးစပ်ထဲရှိတဲ့ဈေးပဲ ဖြစ်နေတာ၊ ပွဲတစ်ပွဲကိုခေါ်ရင် အနည်းဆုံးကျပ် ၁၂ဝ၀ဝ၊ ၁၃ဝ၀ဝ လောက်ခေါ်တာ၊ ဒီအချိန်ဆိုပိုဆိုးတယ်၊ လာတင်တဲ့သူများတော့ သူတို့ဈေးဖြစ်နေတာလို့ ဗိုလ်တထောင်ဘုရား အနီးမှာ အသုပ်စုံရောင်းချနေတဲ့ မစိုးစိုးက ပြောပါတယ်။

ဆယ်တန်း စာမေးပွဲအတွက် ပွဲတင်တဲ့သူတွေက ရက်အတိအကျထားပြီး သတ်မှတ်ရက်ပြည့်မှ စွန့်ပစ်ရတာကြောင့် လာတင်တဲ့သူတွေများရင် ​နေရာမဆံ့တာတွေလည်း ရှိပါတယ်။
ပုံမှန်ရက်တွေမှာ ပွဲတင်သူတွေရှိပေမဲ့ တစ်ရက်ကို သုံးကြိမ်ခန့်သာ ပွဲပြန်သိမ်းရပြီး အခုရက်ပိုင်းမှာတော့ တစ်ရက်ကိုရှစ်ကြိမ်ခန့် ပြန်သိမ်းနေရတယ်လို့ သိရပါတယ်။ ပွဲတွေစွန့်ပြီးပြီဆိုတာနဲ့ ငှက်ပျောဖီးတွေကို အညှာတွေခုတ်တယ်၊ အုန်းသီးလဲ အညှာတွေခုတ်တယ်၊ ပြန်သုံးလို့မရအောင်၊ ပြီးတော့ ပဝါတွေကတော့ ဂိုဒေါင်ထဲမှာသိမ်းတာ အိတ်တွေနဲ့ထည့်ထားတာ အပြည့်ပဲ၊ ဘာမှလဲမလုပ်ဘူး၊ ဒီအတိုင်းထားတာ၊ နို့ဘူးတွေကတော့ ပုံးနဲ့ လှယ်ပြီး မြစ်ထဲပစ်ရတယ်လို့ မြနန်းနွယ် လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဗိုလ်တထောင်ဘုရားဝင်း အတွင်းမှာ အုန်းပွဲ၊ ငှက်ပျောပွဲ ​ရောင်းချခွင့်ပြုထားတဲ့ဆိုင် ရှစ်ဆိုင်ရှိပြီး အဲသည်ဆိုင်တွေက အုန်းပွဲငှက်ပျောပွဲ ရာင်းချဖို့ ခေါ်ယူခန့်ထားတဲ့ ဝန်ထမ်းတွေက တစ်ဆိုင်ကို ၁၀ ဦးခန့်သာရှိပေမဲ့ လက်တွေ့မှာ ပွဲစားဦးရေပေါင်း ၄၀ဝ ကျော်အထိရှိနေတယ်လို့ ဗိုလ်တထောင်ဘုရား တာဝန်ရှိသူ တချို့ဆီက သိရပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမယ့် မတ်လ ၈ ရက်နေ့မှာ စတင်ဖြေဆိုမှာ ဖြစ်ပါတယ်။

Kumudra

No comments:

Post a Comment