Latest News

Saturday, March 11, 2017

“ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကယ်တင်ပါ“ စာအုပ်ထဲက စာလေးတစ်ပုဒ်ပါရှင်

“ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကယ်တင်ပါ“ စာအုပ်ထဲက စာလေးတစ်ပုဒ်ပါရှင်

လှပစွာ နေထိုင်ပါ

“ဒီအသက်အရွယ်နဲ့ လှချင်နေတုန်းလား“ …ဆိုတဲ့စကားမျိုး၊
 “ ပြင်မနေနဲ့ နောက်တစ်ယောက်မရနိုင်ဘူး “ ဆိုတဲ့စကားမျိုးကို
ကြောက်ပြီး ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင် လှလှပပ နေဖို့ တွန့်ဆုတ်နေတဲ့အမျိုးသမီးတွေကို ကြည့်ပြီး ကျွန်မ သနားမိတယ်။

ဒါမျိုး ကျဉ်းမြောင်တဲ့စကားတွေ ပြောပြီး အမျိုးသမီးတွေရဲ့လှပမှုကို ဟန့်တားချင်တဲ့ထဲမှာ အမျိုးသားတွေတင်မက၊ အမျိုးသမီးတွေပါ ပါနေကြတာ တွေ့ရတော့  အဲဒီလို အတွေးအမြင်ရှိတဲ့သူတွေကို ပိုပြီးတော့တောင် သနားမိပါသေးတယ်။  အတွေးအမြင်နိမ့်လိုက်တာ ဆိုတဲ့စိတ်နဲ့ပါ။

လှပခြင်းဆိုတာ အသက်အရွယ်နဲ့ မဆိုင်သလို၊ ပြင်ပြင်ဆင်ဆင်နေထိုင်ခြင်းဆိုတာလည်း နောက်တစ်ဦးကို ရယူခြင်းလို့မဟုတ်ဘူး ဆိုတာကို  ကျွန်မတို့ အမျိုးသမီးတိုင်း သိကြပါတယ်။

ကိုယ့်ကိုယ်ကို လှပအောင်ပြင်ဆင်နေထိုင်ခြင်းရဲ့အရသာနဲ့ တန်ဖိုးကို လှပအောင်ပြင်ဆင်နေထိုင်ဖူးမှ သိကြပါတယ်။

ရေမိုးချိုးပြီး သန့်ရှင်းလှပစွာ ပြင်ဆင်ပြီးချိန်မှာ အမျိုးသမီးတွေရဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ်။ စိတ်တွေ ကြည်လင်လန်းဆန်းနေတဲ့အတွက် ဆုံးဖြတ်ချက်တွေကို တွေဝေခြင်းမ ရှိချမှတ်နိုင်တယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်စွမ်းလည်း အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။အဲလိုအချိန်မှာ လူတွေထဲမှာ သွားလာပြောဆိုရရင်လည်း အဲဒီအချိန်ဟာ ကိုယ့်အတွက် အကောင်းဆုံး အချိန်ပါပဲ။

ဒါကို သိတဲ့သူတွေ ရှိသလို၊ မသိတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့်သာ အမျိုးသမီးတွေကို အလှပြင်တာဟာ ရည်းစားရှာချငိလို့လင်လိုချင်လို့ ဆိုတဲ့ နှိမ့်ချတဲ့ပြောဆိုမှုတွေ ပြုကြတာပါ။

အပျိုအရွယ်လေးတွေ အလှပြင်ခြင်းကိစ္စကိုတော့လူတွေက ဝေဖန်မှုပြုလေ့မရှိပေမဲ့အိမ်ထောင်ရှင်မတွေရဲ့ပြင်ဆင်မှုပိုင်းကိုတော့ ပြောဆိုနေတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်မ အမြင်မှာတော့အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်၊ အသက် ၇၀ ကျော် အရွယ်ပဲဖြစ်ပါစေ အမျိုးသမီးတွေဟာ လှပသပ်ရပ်စွာနဲ့ နေထိုင်သင့်ပါတယ်။

အလှပြင်ဆင်ပြီး နေထိုင်ခြင်းဟာ သူတို့အတွက် ယုံကြည်စိတ်နဲ့စွမ်းအင်တစ်မျိုးကို ရရှိစေလို့ပါပဲ။

ကျွန်မတို့အမျိုးသမီးတွေရဲ့အိမ်ထောင်ရှင်မ သက်လတ်ပို်င်းအရွယ်တွေကို လေ့လာကြည့်တဲ့အခါမှာ လုံးဝ အလှမပြင်တော့ဘဲနဲ့ ဖြစ်သလိုကို နေနေတဲ့အမျိုးသမီးတွေ တွေ့ရပါတယ်။

အိမ်အလုပ်များခြင်း၊ သားသမီးများအတွက် အချိန်ပေးရခြင်း၊ ခင်ပွန်းသည် ငြိုငြင်မှာကို စိုးရိမ်ခြင်းနဲ့ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ပြောဆိုမှာကို စိုးရိမ်တဲ့အတွက် သနပ်ခါး ဘဲကျားပဲလိမ်းပြီး နေတဲ့အမျိုးသမီးတွေ ရှိပါတယ်။သနပ်ခါးကြိုက်လို့လိမ်းတာ သဘာဝကျပေမဲ့ မိတ်ကပ်လိမ်းမှ သင့်လျော်တဲ့ နေရာမျိုးကိုတော့သနပ်ခါးဘဲကျားနဲ့မသွားရောက်သင့်တာ အမှန်ပါ။

ဒါ့အပြင်ချွေးနံ့နဲ့မျက်နှာအဆီပျံအောင်နေထိုင်တတ်တဲ့အလေ့အထရှိတဲ့အိမ်ရှင်မတွေလည်း တွေ့ရပါတယ်။ တစ်နေကုန်နေလို့မှန်တောင် မကြည့်နိုင်ဘူးလို့ဂုဏ်ယူစွာ ပြောတတ်ပါသေးတယ်။

အဲဒီလို နေထိုင်နေတာ အိမ်ထဲမှာပဲ လို့ပြောပေမဲ့ အိမ်ထဲမှာ ဒီလိုနေတဲ့ဇနီးကို တွေ့ရတဲ့ ခင်ပွန်းသည်ရဲ့စိတ်ထဲမှာ ဘယ်လိုနေမလဲ၊ အပြင်လောကမှာ အမြဲတမ်း လှပနေတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်မကြည့်ပါဘူးလို့ထင်ပါသလား။

နောက်အမျိုးသမီးတစ်မျိုးကတော့ လှလှပပ ပြင်ပြင်ဆင်ဆင်နေပါတယ်။  ဒါပေမဲ့ အရွယ်နဲ့ မလိုက်ဖက်သော ပြင်ဆင်မှုနဲ့ အလွန်အကျွံပြင်ဆင်တာပါ။
ကိုယ့်ရှိရင်းစွဲ အသက်ထက်ပိုငယ်အောင် ပိုနုအောင်ဆိုတဲ့စိတ်ကူးနဲ့အသက်ငယ်ငယ် အမျိုးသမီးတွေ ၀တ်သလို၊ လိုက်ဝတ်တာပါ၊ အသက် ၂၀ ကျော်အရွယ်တွေ ၀တ်တဲ့ဘလောက် အကျီာင်္ဟာသူတို့အတွက် ချစ်စရာကောင်းပြီး လှပနေပေမဲ့ကိုယ့်လို အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးတွေအတွက်တော့ကောက်ညင်းထုတ်ကြီး ဖြစ်နေတတ်ပါတယ်။

ကောင်မလေးတွေ ၀တ်တဲ့သရီးကွာတား ဘောင်းဘီနဲ့ကိုယ်လို အသက် ၄၀ကျော်အရွယ် ဘယ်လိုမှ ကြည့်မကောင်းတာ အမှန်ပါ။

ပို်ဆိုးတာက အချို့အမျိုးသမီးတွေရဲ့ပြင်ဆင်ခြင်းမှာ မမြင်သင့်မမြင်ထိုက်တဲ့ နေရာတွေကို ဖေါ်ပြခြင်းတွေနဲ့ဆင်ယင်တာကိုလည်း တွေ့ရပါတယ်။ ကိုယ့်ဟာကိုယ်ဖော်တာ ဘာဖြစ်လဲလို့ဆိုပေမဲ့ သူတို့အမေကို မဖော်အပ်တဲ့နေရာတွေ ဖော်ပြီး ၀တ်ဆင်တာမျိုးကိုတော့  သားသမီးတွေတင်မက၊ ခင်ပွန်းနဲ့အခြားမိသားစုဝင်တွေကပါ ရှက်ကြပါတယ်။ အဲဒီလို ပြင်ဆင်ခြင်းမျိုးကတော့ ရှောင်သင့်တယ်လို့ ကျွန်မအနေနဲ့ယူဆမိပါတယ်။

လှပအောင် ပြင်ဆင်ခြင်းဆိုတဲ့ နေရာမှာလည်း ကျွန်မတို့မိန်းမသားတွေအတွက် အရွယ်သုံးပါးနဲ့အညီ လိုက်ဖက်သော ပြင်ဆင်ခြင်းဆိုတာကို သိကြမှာပါ။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအနေနဲ့ ဘယ်လိုဆင်ယင်မှုမျိုးမဆို အရွယ်ကြောင့် လှပကြပါတယ်။

မည်သို့သော သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေကတော့နုပျိုမှု မရှိတော့ပေမဲ့ကျက်သရေ ရှိခြင်းနဲ့ ခန့်ညားခြင်းဆိုတဲ့အလှမျိုး ရှိပါတယ်။

ပိန်ပိန်၊၀၀ ၊အသားညိုသည်ဖြစ်စေ ဖြူသည်ဖြစ်ပါစေ.. အရွယ်ကြောင့်ဖြစ်ရတဲ့ ခန့်ညားခြင်းနဲ့ကျက်သရေ ရှိခြင်းဆိုတာကို ပိုင်ဆိုင်ကြပါတယ်။ အဲဒီသဘောတရားကို နားလည်ထားပြီး အရွယ်နဲ့လိုက်ဖက်သော ပြင်ဆင်ခြင်းကို ပြုလို့ရပါတယ်။

နောက်အမျိုးသမီးတစ်မျိုးကတော့  အသက်အရွယ်နဲ့ အလိုက်၊ကိုယ့်ရဲ့ကိုယ်ဟန်အနေအထားနဲ့ လိုက်ဖက်တဲ့ဆင်ပြင်မှုမျိုး ပြုလုပ်ပြီး လှပစွာ နေထိုင်ပါတယ်။

အမျိုးသမီးတွေကလည်း အဲလို သပ်ရပ်လှပနေတဲ့ အမျိုးသမီးကိုေ ငးကြည့်ပြီး အားကျတတ်ပါတယ်။ အမျိုးသားတွေကလည်း ဒီလိုအမျိုးသမီး ပြောတာဆိုတာကို ငေးကြည့်ပြီး သဘောကျလေ့ရှိပါတယ်။

တကယ်တမ်း လှလှပပ သပ်သပ်ရပ်ရပ်အမျိုးသမီးတစ်ဦးကနေ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပြောဆိုနေတာကို  သဘောမကျတဲ့သူ၊ နားမ၀င်တဲ့သူ မရှိပါဘူး။ သူ့ရဲ့ လှပမှုနဲ့ ကျက်သရေ ရှိမှုကြောင့် အများရဲ့ယုံကြည်လေးစားခြင်းကိုလည်း ရရှိစေပါတယ်။

ကိုယ့်မိန်းမ လှပပြီး ကျက်သရေ ရှိနေတာကို သဘောမကျတဲ့ ခင်ပွန်းမျိုး မရှိပါဘူး။ မပြင်မဆင်၊ အဆီပျံနေတဲ့မျက်နှာနဲ့ချွေးနံ့နံ့နေတာကို နှာခေါင်းရှုံ့တတ်ကြပေမဲ့ သပ်ရပ် လှပနေတဲ့ ဇနီးသည်ကိုတော့ မြတ်နိုးကြတာ ချည်းပါပဲ။

အဲလို ပါပဲ၊ သားသမီးတွေကလည်း ကိုယ့်အမေ အသက် ၅၀ ကျော်ပါစေ၊ အသက် ၇၀ ကျော်နေပါစေ သပ်သပ်ရပ်ရပ်နဲ့ လှပနေတယ်ဆိုရင် သူတို့မြင်ရတာ စိတ်ချမ်းသာကြပါတယ်။

ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု တိုးပွားစေတဲ့အပြင် မြင်ရသူတွေလည်း စိတ်ချမ်းသာစေတဲ့ လှပအောင် ပြင်ဆင်နေထိုင်ခြင်းကတော့ အားလုံးအတွက် အကျိုး ရှိစေပါတယ်ရှင်။

ဒါကြောင့်လှပစွာနေထို်င်ဖို့အတွက် မည်သူတစ်ဦးတစ်ယောက်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေကို ဂရုစိုက်နေစရာ မလိုပါဘူး၊ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်အတွက် အလှပြင်ဖို့နောက်မတွန့်ပါနဲ့လို့ပဲ အားပေးလိုပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment