Latest News

Saturday, March 11, 2017

ဒမတ်စကက်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံး

ဒမတ်စကက်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံ


ပထမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့မှာ အီရတ်နိုင်ငံသား ရှီအာမွတ်စလင်မ် ဝတ်ပြုဆုတောင်းသူများ လိုက်ပါလာတဲ့ ဘတ်စ်ကားနှစ်စီးကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ယမန်နေ့ (မတ်လ ၁၁ ရက်) ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ကေဒါတို့နဲ့ ပူးပေါင်းထားတဲ့ Jabhat Fateh al-Sham အဖွဲ့က ပြောကြားထားပါတယ်။ ဒမတ်စကက်မြို့ရှိ Bab al-Saghir သင်္ချိုင်းကို လာရောက်ကြတဲ့ အီရတ်နိုင်ငံသား ဝတ်ပြုဆုတောင်းသူတွေကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံသား ဝတ်ပြုဆုတောင်းသူတွေက ဒမတ်စကက်မြို့ပြင်ရှိ Sayeda Zeinab ဂူဗိမာန်ကို သွားရောက်ဝတ်ပြုဆုတောင်းပြီးနောက် Bab al-Saghir သင်္ချိုင်းကို ရောက်ရှိလာစဉ် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဂူဗိမာန်အနီးမှာ မတ်လ ၁၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်က ပထမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဆီးရီးယားမှာ ဆွန်နီမွတ်စလင်မ် စစ်သွေးကြွတွေက ရှီအာတို့ကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပေမဲ့ ဒမတ်စကက်မြို့မှာ ယခုကဲ့သို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့မရှိဘူးလို့ ဆိုပါတယ်။

ရုရှား၊ တူရကီနဲ့ အီရန်တို့ ကြားဝင်ညှိနှိုင်းခဲ့ပြီး ကာဇက်စတန်နိုင်ငံမှာ ဆွေးနွေးခဲ့မှုများအရ ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ဆီးရီးယားတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ သို့သော် တိုက်ခိုက်မှုအချို့ ဆက်လက် ဖြစ်ပွားမှုတွေ ရှိနေကြောင်း သိရပါတယ်။ ဆီးရီးယားမှာ သမ္မတ ဘရှားအာဆတ်ကို ၂၀၁၁ ခုနှစ်မှာ တော်လှန်ပုန်ကုန်မှု စတင်ခဲ့ပြီးနောက် လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အခြား လူ ၁၁ သန်းဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source & Photo: Reuters: Duwun

No comments:

Post a Comment