Latest News

Saturday, March 11, 2017

အနုပညာရှင်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေကြရန် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ပြောကြား

အနုပညာရှင်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေကြရန် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ပြောကြား

အနုပညာရှင်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ လူမင်းက သတိပေးပြောကြားခဲ့သည်။

ဥက္ကဌ လူမင်းက ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကျင်းပခဲ့သည့် “တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏ အခန်းကဏ္ဍ” ဖေ့ဘွတ်စာမျက်နှာဖွင့်ပွဲအခမ်းအနားအပြီးတွင် သတိပေးစကားပြောကြားခဲ့ခြင်းဖြစ်သည်။

"အနုပညာသမားနဲ့ မူးယစ်ဆေးဝါးဆိုတာက လားလားမှ မအပ်စပ်ပါဘူး။ ကိုယ်တို့ အနုပညာရှင်တွေ ဖြစ်တယ်ဆိုရင်လည်း သာမန်ထက် ဟိုးလေးတစ်ကျော်ဖြစ်တတ်ပါတယ်။အဲဒီတော့ မူးယစ်ကင်းစင်တဲ့ အနုပညာလောကဆိုတာဖြစ်ဖို့ အရေးကြီးပါတယ်။ပြည်သူတွေနည်းတူပဲ ဒီနေရာကနေ ကိုယ်တို့အနုပညာရှင် တွေကို ကြုံတုန်းပြောချင်တာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကင်းကင်းရှင်းရှင်း နေကြဖို့။ဘာလို့လဲဆိုတော့ ဒီလိုအမှုမျိုးဖြစ်ရင် သာမန်သူတွေထက် ပိုပြီးကျော်ကြားမှုဖြစ်ပါတယ်။ပြည်သူတွေက အနုပညာရှင်တွေကို လေးလေးစားစား အားပေးနေတဲ့အချိန်မျိုးမှာ အနုပညာရှင်တွေအနေနဲ့လည်း အသွားအလာအနေအထိုင်က အစ ဆင်ခြင်သင့်တယ်လို့ ကိုယ်ဒီနေရာကနေ ပြောချင်ပါတယ်" ဟု ဥက္ကဌ ဦးလူမင်းက ပြောကြားခဲ့သည်။

အနုပညာရှင်အချို့၏ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်ပြီး ပရိသတ်တစ်ဦးဖြစ်သူ ဗိုလ်တထောင်မြို့နယ်နေ မသဲဝတီဝင်းညွန့်က "အဓိက အဆိုတော်တွေပေါ့နော်။သူတို့လည်း သုံးတာတွေ ရှိတယ်။ဘာပဲဖြစ်ဖြစ် ဘယ်အနုပညာရှင်တွေမှ မသုံးသင့်ဘူး။အနုပညာရှင်ဆိုတာ လူငယ်တွေ အတုယူအားကျနေရသူတွေလေ။လူငယ်တွေ စံပြဖြစ်အောင် သူတို့ နေသင့်တာပေါ့" ဟု ပြောသည်။

အနုပညာရှင်များ၏ မူးယစ်ဆေးဝါးအမှုများသည် ခေတ်အဆက်ဆက်တွင် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီး အနုပညာရှင်များသည်လည်း ပြည်သူထဲကပြည်သူဖြစ်သည့်အတွက် ဥပဒေ၏အထက်မှာ အနုပညာရှင် ရှိခွင့်မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်းက ပြောသည်။

"အနုပညာရှင်နဲ့မူးယစ်ဆေးဝါးဆိုတဲ့အမှုအခင်းမျိုးက ခေတ်အဆက်ဆက်မှာအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။ ဆိုတော့ အနုပညာရှင်သည်လည်း ပြည်သူထဲကပြည်သူဖြစ်တဲ့အတွက်ဥပဒေရဲ့အထက်မှာလည်း အနုပညာ ရှင်မရှိပါဘူး။သာမန်ပြည်သူများနည်းတူ ဥပဒေကိုဖောက်ဖျက်ခဲ့ရင် အရေးယူခံရမှာပဲ။ကိုယ်တို့ဘက်ကတော့ ဥပဒေဘောင်အတွင်းကပဲ သက်ဆိုင်တဲ့အပိုင်း ကူညီခွင့်ရသလောက် ကူညီသွားမှာပါပဲ" ဟု ဦးလူမင်းက ပြောသည်။ပြီးခဲ့သည့်နှစ်များနှင့်ယခုနှစ်အတွင်းနာမည်ကြီး အနုပညာရှင်အချို့ မူးယစ်ဆေးမှုဖြင့်အရေးယူခံခဲ့ရသည်။

Mizzima

No comments:

Post a Comment