Latest News

Monday, March 6, 2017

ပုဂံခေတ် ကျောက်အဆောက်အအုံများ

ပုဂံခေတ် ကျောက်အဆောက်အအုံများ


မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး ဧကရာဇ်နိုင်ငံတော်ဖြစ်ခဲ့သည့် ပုဂံသည် မြန်မာတို့ ၏ အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ် များ စုဝေးနေသည့် နေရာတစ်ခုအဖြစ်လည်းကောင်း က္ဘာ့အလယ်တွင် ထင်ရှား လှပေသည်။
မန္တလေးမြို့မှ အနောက်တောင်ဘက်သို့ မိုင် ၉ဝ ကွာဝေးသည့် ပုဂံသည် ညောင်ဦး မြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ပုဂံနေပြည်တော် တွင် ပျဉ်ပြားမင်း(ခရစ်နှစ် ၈၄၆-၈၇၆) မှ စောမွန်နစ်(ခရစ်နှစ် ၁၃၂၅-၁၃၆၈)အထိ ဘုရင်များ စိုးစံခဲ့သည်ဟုဆိုသော်လည်း အနော်ရထာမတိုင်မီ အစောပိုင်း ပုဂံ မင်းဆက်များနှင့် ပတ်သက်သည့် တိကျခိုင်မာသော သမိုင်းအထောက်အထားများကို မတွေ့ရှိရသေးကြောင်း ပညာရှင်များက မိန့်ဆိုခဲ့သည်။ ပုဂံသည် အနော်ရထာမင်း (ခရစ်နှစ် ၁ဝ၄၄-၁ဝ၇၇) လက်ထက်တွင် စည်းလုံးသော ပထမမြန်မာနိုင်ငံတော် ဖြစ်လာခဲ့သည်။

အနော်ရထာမင်းနောက်တွင် ကျန်စစ်သားနှင့် အလောင်းစည်သူတို့ လက်ထက် များ၌ ပုဂံသည် အင်အားခိုင်မာခဲ့ပြီး အလောင်းစည်သူနောက်ပိုင်း ဘုရင်များ လက်ထက်တွင် တဖြည်းဖြည်း အင်အားလျော့ဆင်းလာခဲ့ကာ ပျက်သုဉ်းခဲ့သည်။

ခရစ်နှစ် ၁ဝ ရာစု ကာလတွင် ပုဂံသည် အထူး စည်ပင်ထွန်းကားခဲ့သည်။ ထို အချိန်သည် ပုဂံဒေသတစ်ဝိုက်၌ ဗုဒ္ဓသာသနာ ထွန်းကားချိန်ဖြစ်သဖြင့် မင်းနှင့် ပြည်သူများသည် စေတီပုထိုး၊ ဥမင်တိုက်ကျောင်းများကို တည်ထားခဲ့ကြသည်။ သရေခေတ္တရာ တိမ်ကောပြီးနောက် ပုဂံပေါ်ပေါက်ခဲ့ရာ သရေခေတ္တရာမှ ဗုဒ္ဓဘာသာ သည် ပုဂံတွင် ဆက်လက်တည်ရှိခဲ့ပြီး သုဝ္ဏဘူမိမှ ရောက်ရှိလာသည့် ဗုဒ္ဓဘာသာ က ပုဂံတွင် ရှိနှင့်နေသည့် ဗုဒ္ဓဘာသာကို အားဖြည့်ပေးသကဲ့သို့ဖြစ်ခဲ့ကြောင်း ဆရာဦးဗိုကေက သုံးသပ်ခဲ့သည်။ သရေခေတ္တရာတွင် ယနေ့တိုင် တည်ရှိနေသည့် ဘောဘောကြီး၊ ဘုရားကြီးစသည့် စေတီလုံးများနှင့် ပုံစံတူ တည်ဆောက်ထားသည့် ငကျွဲနားတောင်းစေတီကို သဗ္ဗညုပုထိုးတော်အနီးတွင် မြင်တွေ့ကြရသည်။

ထိုအချိန်တွင် အိန္ဒိယနိုင်ငံမှ ရုပ်တုထုလုပ်ခြင်း၊ ဆေးပန်းချီရေးဆွဲခြင်း၊ အဆောက်အအုံတည်ဆောက်ခြင်း အတတ်ပညာများ အပါအဝင် အနုပညာရပ် များသည် ပုဂံသို့ ရောက်ရှိလာခဲ့ဟန်ရှိကာ ပုဂံလက်ရာ ပုဂံအနုပညာတစ်ရပ် ပေါ် ထွန်းလာခဲ့သည်။
ပုဂံခေတ်တစ်လျှောက် ဆောက်လုပ်ခဲ့သည့် သာသနိကအဆောက်အအုံများ အနက် ယခုအခါတွင် ပုဂံနှင့် ညောင်ဦးတစ်ဝိုက်၌ စေတီ၊ ပုထိုး၊ ဂူကျောင်း ဘုရား ပေါင်း ၂၂၁၇ ခု ကျန်ရှိနေသည်။ ယင်းတို့အနက် ကျောက်ဖြင့်ဆောက်လုပ်ထားသော အဆောက်အအုံ သုံးခုကျန်ရှိရာ ညောင်ဦးမြို့တွင် တည်ရှိသည့် ရွှေစည်းခုံစေတီ၊ ကျောက်ဂူဥမင်နှင့် မြင်းကပါတွင် တည်ရှိသည့် နန်းဘုရားတို့ ဖြစ်ကြသည်။ တုရင် တောင်ခြေ မြကန်အနီးတွင် တည်ရှိခဲ့သည့် ကျောက်အဆောက်အအုံတစ်ခုဖြစ်သော စက္ကူတိုက်ခေါ် ပိဋကတ်တိုက်သည် ကျစွာမင်းကြီးတည်ခဲ့သည့် စာကြည့်တိုက် အဆောက်အအုံဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် ပြိုကျပျက်စီးခဲ့သဖြင့် ယခုအချိန်တွင် မြင် တွေ့နိုင်ခြင်း မရှိတော့ပါ။

ပုဂံခေတ်တွင် ဘုရင့်နန်းတော်အပါအဝင် လူနေအိမ်ခြေများကို သစ်ဝါးများဖြင့် ဆောက်လုပ်ခဲ့ကြပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို အုတ်၊ ကျောက်များ ဖြင့် တည်ထားခဲ့ကြသဖြင့် နှစ်ကာလ ကြာရှည်လာချိန်တွင် သစ်သားအဆောက်အအုံ များ ပျက်စီးခဲ့ပြီး အုတ်နှင့်ကျောက် အဆောက်အအုံများသာ ကြွင်းကျန်ခဲ့ပေသည်။

ရွှေစည်းခုံစေတီ

အနော်ရထာမင်းကြီးနှင့် သားတော် ကျန်စစ်သားမင်းကြီးတို့ တည်ထားခဲ့သည့် ရွှေစည်းခုံစေတီတွင် ဘုရားရှင်၏ စွယ်တော်ပွားနှင့် နဖူးသင်းကျစ်တော်ကို ဌာပနာ ခဲ့သည်ဟု ဆိုသည်။ ကျန်စစ်သားမင်းကြီး(ခရစ်နှစ် ၁ဝ၈၄-၁၁၁၃)သည် အနော် ရထာမင်းလက်ထက်တွင် မပြီးစီးခဲ့သည့် မူလ ရွှေစည်းခုံစေတီတော်ကို ခရစ်နှစ် ၁ဝ၈၉ ခုနှစ်တွင် ငုံပြီးတည်ခဲ့ရာ ခရစ်နှစ် ၁ဝ၉ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ရွှေစည်းခုံ စေတီတော်ကို တုရင်တောင်မှသယ်ယူခဲ့သည့် ကျောက်ချပ်များဖြင့် တည်ဆောက် ခဲ့သည်။ ပုဂံဘုရားပုထိုးများ စာအုပ်အရ ပုဂံတွင်ရှိသည့် ငုံ၍တည်ထားသော စေတီ ဘုရား ၄၃ ဆူအနက် ရွှေစည်းခုံစေတီသည် တစ်ဆူအပါအဝင် ဖြစ်ပေသည်။

ရွှေစည်းခုံဟူသည့်ဘွဲ့သည် ဇေယျဘုံဟူသည့်ဘွဲ့အမည်မှ ပြောင်းလဲခဲ့ဟန်ရှိပြီး ကင်းဝန်မင်းကြီးစပ်ဆိုသော ရွှေစည်းခုံ အံ့ဖွယ်ကိုးပါး လင်္ကာတွင် ဇေယျခုံ အံ့ဖွယ် ကိုးကိုလဟု ထည့်သွင်းစပ်ဆိုခဲ့သည်။ ထို့အတူ ရွှေစည်းခုံစေတီသို့ ဘုရင့်နောင်မင်း တရား လှူဒါန်းခဲ့သည့် ခေါင်းလောင်းတွင် မွန်ဘာသာဖြင့် ရေးထိုးထားသော ကမ္ပည်းစာကြောင်းရေ (၁၆)၌ ဇေယျဘုံဟုပါရှိကြောင်း ပုဂံဘုရားပုထိုးများ စာအုပ် တွင် ဖတ်ရှုရသည်။ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဟု ခေါ်တွင် ကြောင်းလည်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ရွှေစည်းခုံစေတီသည် ဉာဏ်တော် ၁၆၅ ပေမြင့်ကာ ပစ္စယာသုံးဆင့်၊ ခေါင်းလောင်း ပုံ၊ ခါးပတ်၊ ဘီလူးပန်းဆွဲ၊ ဖောင်းရစ်အဆင့်ဆင့်၊ ကြာမှောက်ကြာလှန်၊ ထုပိကာ၊ ထောင့်စိုက်စေတီ၊ နတ်လှေကားများဖြင့် တင့်တယ်စွာ တည်ဆောက်ထားပြီး ပညာရှင် များက ၁၁ရာစုလက်ရာ ရှေးအကျဆုံး မြန်မာစေတီ ပုံစံတစ်ဆူဟု ခန့်မှန်းခဲ့ကြသည်။

အနော်ရထာဘုရင်(ခရစ်နှစ် ၁ဝ၃၃-၁ဝ၇၇)သည် ရွှေစည်းခုံစေတီကို သရေ ခေတ္တရာမှရရှိခဲ့သည့် ဘုရားရှင်၏ နဖူးသင်းကျစ်တော်နှင့် မြဆင်းတုတော်တစ်ဆူကို ဌာပနာ၍ ခရစ်နှစ် ၁ဝ၆ဝ ပြည့်နှစ်တွင် တည်ထားခဲ့သည်။ စေတီတော် ပစ္စယာ သုံးဆင့် ပြီးစီးချိန်တွင် သီဟိုဠ်မှပင့်ဆောင်လာသည့် စွယ်တော်ကို ထပ်မံဌာပနာခဲ့သည်။

စေတီတော် ပစ္စယံသုံးဆင့်တွင် တစ်ပေခွဲ ပတ်လည်နီးပါးရှိသည့် စဥ့်ကွင်း ၅၉၆ ချပ် ရှိသည်။ စဥ့်ကွင်းအချို့သည် ပျက်စီးနေပြီး စဥ့်ကွင်းများပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ၅၅ဝ ဇာတ်တော်များမှ ဇာတ်ကွက်များကို ထုတ်နုတ်ပုံဖော်ထားသည်။ စေတီတော် အရှေ့တောင်ထောင့်ရှိ နတ်နန်းအတွင်းရှိ ခုနစ်ပေမြင့်သည့် သိကြားမင်းရုပ်တုသည် ပုဂံခေတ်ဦးပိုင်း သစ်သားပန်းပုလက်ရာဖြစ်သည်။ စေတီတော်၏ မုခ်လေးခုရှိ ကြေးဂူတိုက်တစ်ခုစီတွင် ဉာဏ်တော် ၁၃ ပေစီမြင့်သည့် ပဉ္စလောဟာ မတ်ရပ် ဆင်းတုတစ်ဆူစီကို ဖူးတွေ့ ကြရသည်။ ရုပ်ပွားတော်များသည် အလွန်လက်ရာ မြောက်သည့် ပုဂံခေတ်ဦး ကြေးသွန်းလက်ရာများ ဖြစ်ကြသည်။ မြန်မာ အဘိဓာန် တွင် ပဉ္စလောဟာကို ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သလွဲ ငါးမျိုးပေါင်းစပ်ထားသော သတ္တုစပ် ဟု အနက်ဖွင့်ဆိုသည်။

ရွှေစည်းခုံစေတီတော် အရှေ့ဘက်မုခ်ရှိ ခြင်္သေ့ရုပ်များရှေ့ အဝင်လမ်းဝဲယာတွင် ကျန်စစ်သားမင်းကြီး၏ အမိန့်တော်ပြန်တမ်း ကျောက်စာတိုင်နှစ်တိုင်ရှိသည်။ ရှေး မွန်ဘာသာဖြင့် ရေးထိုးထားသော စာသားများကို စီအိုဘလက်ဒင်က အဓိပ္ပာယ် ပြန်ဆိုခဲ့သည်။ အရှေ့စောင်းတန်းအဆုံးရှိ ခေါင်းလောင်းရုံတွင် ဘုရင့်နောင်မင်းကြီး လှူဒါန်းခဲ့သည့် သမိုင်းမှတ်တမ်းများ ရေးထိုးထားသော ခေါင်းလောင်းတော်ကို ထိန်းသိမ်းထားပေသည်။
ညောင်ဦးမြို့၏ အနောက်တောင်ဘက် ဧရာဝတီမြစ်နှင့် မလှမ်းမကမ်းတွင် တည်ရှိ နေသည့် ရွှေစည်းခုံစေတီတော်အား နှောင်းလူများက ခေတ်အဆက်ဆက် ပြုပြင်ခဲ့ ကာ ရွှေများ အကြိမ်ကြိမ်ချခဲ့သဖြင့် မူလကျောက်ချပ်များကို အလွယ်တကူ မမြင်နိုင် တော့ပါချေ။ သို့သော် စေတီတော်အောက်ခြေမှ ကြာလှန်ကြာမှောက်အထိ ကျောက် အုတ်များဖြင့် တည်ထားခဲ့ကြောင်း ဖိနပ်အခြေတွင် တစ်စွန်းတစ်စ တွေ့ရှိနိုင်သည်။

ကျောက်ဂူဥမင်

ကျောက်ဂူဥမင်သည် ညောင်ဦးမြို့မှ အရှေ့မြောက်ဘက် နှစ်မိုင်အကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ပုဂံအနီးတစ်ဝိုက်ရှိ ကျန်စစ်သားဥမင်၊ သမီးဝှက် ဥမင်နှင့် မြာသဥမင်တို့အနက် ကျောက်ဂူဥမင်သည် အကြီးဆုံးဖြစ်သည်။ ကျန်စစ် သားဥမင်သည် ရွှေစည်းခုံစေတီ၏ တောင်ဘက်တွင် တည်ရှိပြီး သမီးဝှက်ဥမင်နှင့် မြာသဥမင်တို့သည် ငှက်ပစ်တောင်တွင်တည်ရှိကြသည်။

မြန်မာအဘိဓာန်တွင် ဥမင်ဟူသည့် ဝေါဟာရကို လိုဏ်ခေါင်းဟု အဓိပ္ပာယ်ဖွင့်ဆို ပြီး ဂူကျောင်း၊ ဂူဘုရားများဟုလည်း ခေါ်ဆိုကြသည်။

ကျောက်ဂူဥမင်ကို ဧရာဝတီမြစ် ကုန်းစောင်းတစ်ခုအတွင်းသို့ သွင်းပြီးနောက် ရှေ့ခန်းမဆောင်ကြီးကို ကျောက်ဆစ်ကျောက်ချပ်များဖြင့် တည်ဆောက်ထားသည်။ သဲကျောက်ကမ်းပါးယံကို ထွင်း၍ အုတ်ကျောက်များဖြင့် ဥမင်တည်ထားသဖြင့် ကျောက်ဂူဥမင်ဟု ထင်ရှားခဲ့ပြီး အဆင့်သုံးဆင့်ရှိသည့် ကျောက်ဂူဥမင်၏ အောက် ပိုင်းကို ကျောက်အုတ်များဖြင့် ခရစ်နှစ် ၁၁၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။
ကျောက်ဂူဥမင်ကို မြောက်ဘက်သို့မျက်နှာမူကာ တည်ဆောက်ထားပြီး ရှေ့ မျက်နှာစာတွင် ဂန္ဓကုဋိတိုက်မနှင့် မြောက်ဘက်တွင် အဝင်မုခ်နှင့် အာရုံခံခန်းမ ဆောင် ရှိသည်။ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြံပတ်လမ်းများ ပြုလုပ် ထားပြီး ဥမင်အတွင်းရှိ လမ်းကြောင်းများကို ဝင်္ကပါပုံစံ အကွေ့အကောက်များ ဖောက်လုပ်ထားကာ တရားအားထုတ်သည့်နေရာများဟု ယူဆနိုင်ဖွယ်ရှိသည့် အခန်းငယ်များ ဖွဲ့စည်းထားသည်။ ကျောက်ဂူအတွင်းသို့ အလင်းရောင် ကောင်းစွာ ဝင်ရောက်နိုင်ရန် အလင်းပေါက်များ ဖောက်ထားသည်။ ခန်းမအတွင်း၌ သဲကျောက် ဖြင့်ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူရှိပြီး သာဝကနှစ်ပါးရုပ်တုနှင့် မျက်နှာကြက်ရှိ ရဟ္တာနှစ်ပါးရုပ်တုတို့ကို ဖောင်ြး<ွကထုလုပ်ထားသည်။

ကျောက်ဂူဥမင်အတွင်း တွေ့ရှိခဲ့သည့် ကျောက်စာတွင် သက္ကရာဇ် ၅၅ဝ ပြည့်နှစ် တွင် စည်သူမင်းကြီးသည် နတ်ထမင်းရသော 'သခင်ထံပါ'၏ ဘုရားကို ကျွန်စသည် တို့ လှူဒါန်းခဲ့ကြောင်းနှင့် ဥဇနာမင်းလက်ထက်တွင်လည်း ဆက်လက်လှူဒါန်း ကြောင်း ရေးထိုးထားကြောင်း ပုဂံသုတေသနလမ်းညွှန်စာအုပ်တွင် ဖတ်ရှုရသည်။ ကျောက်စာပါ စာသားများအရ နရပတိစည်သူမင်း လက်ထက်တွင် ကျောက်ဂူဥမင်၌ သခင်ထံပါ ဘွဲ့အမည်ရှိသော မထေရ် သီတင်းသုံးခဲ့ကြောင်း ပညာရှင်များက ယူဆ ခဲ့ကြသည်။
ဥမင်အပြင် နံရံအပေါ်ပိုင်းတွင် ဘီလူးပန်းဆွဲများ၊ အောက်ပိုင်းတွင် ရွက်ချွန်းပုံ ပန်းထောင်များဖြင့် အလှဆင်ထားသည်။ အဝင်မုခ်ဝ ဝဲယာနှစ်ဖက်တွင် ယက္ခ ဂ္ဘုာန်ရုပ်နှင့် ကြာပန်းများကြား၌ ကိန္နရီ၊ ကိန္နရာရုပ်၊ ခြင်္သေ့၊ ကျား၊ သမင် စသော ပုံများကို ကျောက်အုတ်များစီ၍ ထွင်းထုထားသည်။ အာရုံခံတိုက်မ ပတ်လည်တွင် လည်း ကျောက်ပန်းခက်ကြီးများကို လှပစွာ ပြုလုပ်ထားပေသည်။

အစဉ်အလာ ဆိုစကားများအရ နရပတိစည်သူမင်း လက်ထက်တွင် အရှင်ပဏ္ဍိတ မထေရ်သည် မိမိ၏ စင်ကြယ်သောသီလကို သစ္စာဆိုလျက် ဓားသွေးကျောက်နှင့် ဓားမကို ဧရာဝတီမြစ်အတွင်းသို့ ပစ်ချခဲ့ရာ ကျောက်နှင့် ဓားသည် ရေတွင် ကူးခတ် သွားခဲ့သည်။ နရပတိစည်သူသည် မထေရ်မြတ်ကို ကြည်ညိုကာ ဧရာဝတီမြစ် ချောက်ကမ်းပါးတွင် ဥမင်တူး၍ လှူဒါန်းခဲ့ပြီး ဓားသွေးကျောက် ရေကူးသွားခဲ့သည်ကို အစွဲပြု၍ ကျောက်ကူးဥမင်ဟုလည်း ခေါ်ဆိုခဲ့ကြောင်း ပြောဆိုကြသော်လည်း ပညာရှင်များက ဥမင်နှင့် ကျောက်ဆင်းတု လက်ရာများအရ ကျောက်ဂူဥမင်သည် နရပတိစည်သူမင်း လက်ထက်မတိုင်မီ နှစ် ၁ဝဝ ဝန်းကျင်ကပင် တည်ရှိနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့ကြသည်။
ကျောက်ဂူဥမင်၏ ဗိသုကာလက်ရာ ထူးခြားချက်သည် ဥမင်၏ အောက်ထပ် လိုဏ်အတွင်းသို့ အလင်းရောင်ဝင်ရောက်နိုင်ရန် မွန်းတည့်ပေါက်များ ဖောက်လုပ် ထားခြင်းဖြစ်သည်။ မွန်းတည့်ပေါက်ကို ဥမင်အပေါ်ထပ် အမိုးမှတစ်ဆင့် အလင်း ရောင်ဝင်ရောက်ရန် စီစဉ်ထားသည်။

နန်းဘုရား

သဲကျောက်များဖြင့်တည်ဆောက်ထားသည့် နန်းဘုရားသည် ခရစ်နှစ် ၁၂ ရာစု လက်ရာဖြစ်ပြီး မြင်းကပါအရပ်ရှိ မနူဟာဘုရား၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ အရှေ့အရပ်သို့ မျက်နှာပြုထားသည့် နန်းဘုရား၏ အပြင်မျက်နှာစာ အားလုံးကို ကျောက်ဂူဥမင်ကဲ့သို့ ကျောက်ချပ်များစီ၍ ပြုလုပ်ထားကာ အတွင်း နံရံများကို အုတ်များဖြင့် ပြုလုပ်ထားသည်။ နန်းဘုရားကို နရပတိစည်သူမင်း၏ သားမက်၊ မနူဟာမင်း၏မြစ် နာဂသမန်းက မိမိ၏ဘေးတော် မနူဟာမင်းကြီး စံခဲ့သည့်နေရာ အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ကြောင်း အဆိုရှိသည်။

နန်းဘုရား၏ ပန္နက်ပုံသည် လေးထောင့်စပ်စပ်ဖြစ်ပြီး ပုဂံစေတီပုထိုးများတွင် ကိုယ်ပိုင်ဟန်ဖြင့် တည်ဆောက်ထားသည့် ထူးခြားသော အဆောက်အအုံတစ်ခုဖြစ် သည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အပြင်နံရံအခြေ ပတ် လည်တွင် ကလသာအိုးပုံစံ ခံလျက် အထက်တွင် ဟင်္သာရုပ်များ ထုလုပ်ထားသည်။

ဘီလူးပန်းဆွဲများကို ကျောက်သားတစ်တုံးစီတွင် ထုလုပ်ထားသည်။ နန်းဘုရား ၏အပြင်ရှိ ကျောက်ပြတင်းများသည် အလွန်လက်ရာမြောက်ပြီး ပြတင်းပတ်လည် တွင် ခြူးပန်းခြူးနွယ်များ ထုလုပ်ထားသည်။ ပြတင်းတစ်ဖက်တစ်ချက်တွင် မကာန်း ပုံနှင့် အလယ်ငှက်ပျောဖူးတွင် နတ်သမီးရုပ်ကို ထုလုပ်ထားသည်။ ကျောက်ဂူဥမင် တွင် တွေ့ရှိရသည့် ကျောက်ပြတင်းပေါက်များကဲ့သို့ပင် နန်းဘုရား ကျောက်ဇာ ပြတင်းများသည် ကျောက်သားကို အချပ်လိုက် ထွင်းဖောက်ထားသည်။

နန်းဘုရား ဂူအတွင်း၌ ပုဂံခေတ်ကျောက်ဆစ်လက်ရာများတွင် အကောင်းဆုံး ဟုဆိုနိုင်မည့် လက်ရာများကို မြင်တွေ့နိုင်သည်။ နန်းဘုရား၏ ဂူမကြီးအတွင်း၌ ကွန်းတိုင်စင် လေးတိုင် ထူထားသည့် ကျောက်တိုင်ကြီးလေးခု၏ မျက်နှာစာ ၁၆ ဘက်တွင် ဗြဟ္မာရုပ်ကြီးများနှင့် ဘီလူးပန်းဆွဲများ၊ ဘီလူးပန်းကိုက် ပန်းပုံစံများ၊ ကနုတ်ပန်းများကို ကျောက်ချပ်များစီ၍ ထုလုပ်ထားသည်။ တိုင်တစ်တိုင်တွင် ဗြဟ္မာရုပ်ကြီး နှစ်ရုပ်စီရှိပြီး ဗြဟ္မာရုပ်ကြီးများသည် ကြာဖတ်ပေါ်တွင် ထိုင်လျက် လက်နှက်ဖက်ပေါ်တွင် ကြာဖတ်၊ ကြာပွင့်များ တင်ထားပုံကို မြင်ကြရသည်။

နန်းဘုရားသည် ရာသီဥတုဒဏ်အပါအဝင် ထိခိုက်မှုများစွာကို ရင်ဆိုင်ခဲ့ရသော် လည်း လွန်ခဲ့သည့် နှစ် ၉ဝဝ ဝန်းကျင်က ထုလုပ်ခဲ့သည့် ပုဂံခေတ် ကျောက်ဆစ်လက် ရာများကို အစဉ်အဆက် ထိန်းသိမ်းခဲ့သဖြင့် ယနေ့တိုင် ကောင်းစွာ မြင်တွေ့လေ့လာ နိုင်ကြပေသည်။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များစွာ စုစည်းတည်ရှိနေသည့် ပုဂံသည် မည် သည့်အချိန်ရောက်ရောက် ကြည့်၍မဝ၊ ပြ၍မကုန်နိုင်အောင် အနုလက်ရာများ အမြောက်အများတည်ရှိနေပေရာ ကျောက်အဆောက်အအုံများ အပါအဝင် ယဉ် ကျေးမှု အမွေအနှစ်များ အားလုံးကို သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်သာ ဖြစ်ပါပေသည်။ ။

ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)
ပုဂံသုတေသနလမ်းညွှန်(ဦးဗိုကေ)

No comments:

Post a Comment