လမ်းတံတားများကို ၁၅ နှစ်အတွင်း အာဆီယံအဆင့်မီ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော
မြန်မာနိုင်ငံအနှံ့အပြားက လမ်းတံတားတွေကို ဆယ့်ငါးနှစ်အတွင်း အာဆီယံအဆင့်မီ ဖြစ်အောင် ဆောင်ရွက်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မတ်လ ၂၅ ရက်နေ့က ကျင်းပတဲ့ ပန်ဇင်းချောင်း တံတားဖွင့်ပွဲ အခမ်းအနားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာတနိုင်ငံလုံးက လမ်း ကီလိုမီတာ ၄ သောင်းကျော်နဲ့ တံတားတွေကို အာဆီယံအဆင့်မီ ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုလိုက်တာပါ။
“ကျနော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားတဲ့ လမ်း ကီလိုမီတာပေါင်း ၄ သောင်း ၂ ထောင်ကျော် ရှိပါတယ်။ အဲဒီ ၄ သောင်း၂ ထောင်ကို ကျနော်တို့ ဆယ့်ငါးနှစ်အတွင်းမှာ အာဆီယံအဆင့် အနည်းဆုံး ၁၈ ပေ၊ ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ရရှိဖို့ ရည်မှန်းချက် ထားပါတယ်။ ဒါ့အပြင် တံတားအနေနဲ့ ၂၄ ပေအကျယ်၊ နှစ်လမ်းသွား ကွန်ကရစ်တံတား ဖြစ်ဖြစ်၊ သံဘောင်တံတားအဖြစ် ရောက်ရှိအောင် တည်ဆောက်သွားပါမယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်သူ့အိမ်ရာဖော်ဆောင်ရေးစီမံကိန်းတွေကို မြို့ပေါင်း ၃၃၀ ကျော်မှာ အကွက်ချတည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အိမ်ခန်းပေါင်း ၁ သန်းကို ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
“ဒီလိုလုပ်တဲ့အခါမှာ ဘယ်လို Strategy နဲ့ လုပ်မလဲဆိုတော့ နိုင်ငံတော်ဘတ်ဂျက်လည်း ပါမယ်။ Public PrivatePartnership လို့ခေါ်တဲ့ လုပ်ငန်းတွေနဲ့လည်း အကောင်အထည်ဖော်ပါမယ်။ မိတ်ဖက်နိုင်ငံတကာအကူအညီ development partner ဖြစ်တဲ့ World Bank, JAICA, ADB စတဲ့ အဖွဲ့အစည်းတွေနဲ့တကွ အလှူရှင်နိုင်ငံများရဲ့ အကူအညီ ချေးငွေတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းမှာ ၂ဝ၁၆ မေလကစပြီး၂၁၈၁ မိုင်နဲ့ ပေ ၁၈ဝ အထက် တံတားကြီး ၄၉ စင်းကို တည်ဆောက်ထိန်းသိမ်းထားပြီး ၂ဝ၁၆-၂ဝ၁၇မှာတော့ တံတား ၂၃ စင်းကို တည်ဆောက်နေတယ်လို့ သိရပါတယ်။ အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်ထဲမှာ ပထမဆုံး ဖွင့်လှစ်တဲ့ ပေ၉၆ဝ ရှည်ပြီး ၂၄ ပေကျယ်တဲ့ ပန်ဇင်းချောင်း သံကူကွန်ကရစ်တံတားကို ၂ဝ၁၅ခုနှစ် ဧပြီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၇ မတ်လ ၂၅ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာပါ။ ပြည်ထောင်စုအစိုးရရဲ့ ရန်ပုံငွေ ကျပ်သန်း ၄ ထောင်ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုအောင်
DVB
Monday, March 27, 2017
လမ်းတံတားများကို ၁၅ နှစ်အတွင်း အာဆီယံအဆင့်မီ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော
လမ်းတံတားများကို ၁၅ နှစ်အတွင်း အာဆီယံအဆင့်မီ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော
Reviewed by Ar Ti
on
3:40 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment