Latest News

Monday, March 27, 2017

အိမ်ဖော်ကို အငတ်ထားမှုနဲ့ စင်ကာပူ လင်မယား ထောင်ချခံရ

အိမ်ဖော်ကို အငတ်ထားမှုနဲ့ စင်ကာပူ လင်မယား ထောင်ချခံရ

ဖိလစ်ပိုင် အိမ်အကူ အလုပ်သမကို အစာရေစာ ဝလင်အောင် မကျွေးမှုနဲ့  စင်ကာပူ နိုင်ငံသား အိမ်ရှင် အမျိုးသားနဲ့ အမျိုးသမီးကို ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။  ဒီအမှုဟာ မြို့ပြနိုင်ငံတခုလုံးကို တုန်လှုပ်ခဲ့စေတဲ့ အမှုပါ။

အိမ်ဖော် အမျိုးသမီးဟာ သူတို့ လင်မယားဆီမှာ အလုပ်လုပ်နေတုန်း မူလ ကိုယ်အလေးချိန် ရဲ့ ၄၀ ရာခိုင်နှုန်း (၂၀ ကီလိုဂရမ် / ၄၄ ပေါင်) ပိန်ကျ သွားခဲ့ပါတယ်။  သူ့ကို ပေါင်မုန့်နဲ့ အသင့်စား ခေါက်ဆွဲခြောက်ပဲ ကျွေးတယ်လို့ ဆိုပါတယ်။

တရားရုံး ဆုံးဖြတ်ချက်အရ အခု ဆိုရင် အလုပ်ရှင် လင်မယားမှာ အမျိုးသား ဖြစ်သူ Lim Choon Hong  က ထောင်ဒဏ် ၃ လ နဲ့ ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၁၀,၀၀၀ ပြစ်ဒဏ် ပေးခံရပြီး ဇနီးဖြစ်သူ Chong Sui Foon  က ထောင်ဒဏ် ၃ ပတ် ကျခံရတော့မှာ ဖြစ်ပါတယ်။

ဒီ ပြစ်ဒဏ်က သိပ်နည်းလွန်းတယ်လို့ စင်ကာပူ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဝေဖန်နေကြပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်အကူ အဖော် အလုပ်အတွက် မြန်မာ အပါအဝင် ဒေသတွင်းနဲ့ အိမ်နီးနားချင်း နိုင်ငံတွေက အလုပ်သမားတွေကို ခေါ်ယူလေ့ရှိပြီး နှိပ်စက်ညှဉ်းပန်းမှုတွေလည်း မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။

အခုနောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒီအမှုမှာတော့ ဖိလစ်ပိုင် အမျိုးသမီး Thelma Oyasan Gawidan ဟာ ၁၅ လ ကြာ ဆာလောင်မွတ်သိပ် နေခဲ့ရတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ကိုယ်အလေးချိန်လည်း ၄၉ ကီလိုဂရမ်ကနေ ၂၉ ကီလိုဂရမ် အထိ ကျဆင်းသွားခဲ့ပါတယ်။

တနေ့ကို နှစ်ကြိမ်ပဲ အစာအနည်းငယ်ကျွေးခဲ့ပြီး အစာပိုကျွေးဖို့ တောင်းဆိုမှုတွေ အားလုံးဟာလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပစ္စည်းသိမ်းဆည်းရာ စတိုခန်းထဲမှာ အိပ်စက်ရပြီး တပတ်မှာ တကြိမ်၊ နှစ်ကြိမ်သာ ရေချိုးခွင့် ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ဆိုးရွားတဲ့ အနေအထားမှာ နေထိုင်နေရပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကို အိမ်ရှင်က သိမ်းထားခဲ့လို့ အစောပိုင်းမှာ ပြင်ပ အကူအညီ မယူနိုင်ခဲ့ပါဘူး။  ၂၀၁၄ ခုနှစ် ဧပြီ မှာတော့ အဲဒီ အိမ်ကနေ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေ ကို ကူညီနေတဲ့ လူမှုကူညီရေး အဖွဲ့ တခုဆီကနေ အကူအညီ ရယူနိုင်ခဲ့ပါတယ်။

စင်ကာပူဟာ အိမ်ဖော် အလုပ်သမားတွေ အတွက် စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ပြဋ္ဌာန်းထားပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒါတွေဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် မပေးနိုင်ဘူးလို့ ထောက်ပြကြပါတယ်။

BBC

No comments:

Post a Comment