Latest News

Monday, March 6, 2017

အီရတ်ကလွဲ၍ မွတ်စလင်ခြောက်နိုင်ငံအပေါ် ခရီးသွားမှု ပိတ်ပင်တဲ့ အမိန့်သစ် ထရမ့်လက်မှတ်ထိုး

အီရတ်ကလွဲ၍ မွတ်စလင်ခြောက်နိုင်ငံအပေါ် ခရီးသွားမှု ပိတ်ပင်တဲ့ အမိန့်သစ် ထရမ့်လက်မှတ်ထိုး

ဝါရှင်တန်၊ မတ် ၇ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မွတ်စလင်ခြောက်နိုင်ငံက ဒုက္ခသည်များနဲ့ ခရီးသွားများကို ပိတ်ပင်တဲ့ အမိန့်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ခုအမိန့်သစ်မှာ အီရတ်နိုင်ငံကို ခြွင်းချန်ထားလိုက်သလို အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရသူများလည်း ပါဝင်ခြင်း မရှိပါဘူး။

ပထမတစ်ခေါက် ခရီးသွားပိတ်ပင်မှုကို တရားရုံးတွေက ဆန့်ကျင်တာကြောင့် ထရမ့်ဟာ ဒုက္ခသည်ဝင်ရောက်ခွင့် ရက် ၁၂၀ ဆိုင်းငံ့ခြင်းနဲ့ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ယီမင်နဲ့ ဆူဒန်နိုင်ငံတွေက ခရီးသွားများအတွက် ဗီဇာသစ်များ ဆိုင်းငံ့ထားခြင်း အမိန့်သစ်ကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

မတ် ၆ ရက်က တံခါးပိတ်အစည်းအဝေးအပြီးမှာ ခုအမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးလိုက်တာဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ထရမ့်အနေနဲ့ တွစ်တာပေါ်   ရေးသားပေါက်ကွဲမှုများနဲ့ ၎င်းရဲ့ လက်ထောက်တွေ ရုရှနဲ့ ချိတ်ဆက်ပတ်သက်မှုတွေနဲ့ အမှုပွေနေရတာလည်းဖြစ်ပါတယ်။

ခုအမိန့်သစ်ဟာ မတ် ၁၆ ရက်မှာ အသက်ဝင်မှာဖြစ်ပြီး တရားရုံးနဲ့ ထိပ်တိုက်တွေ့နေရတာကို ဖြေရှင်းဖို့ ကြိုးစားတာလည်းဖြစ်ပါတယ်။

“ခရီးသွားပိတ်ပင်မိန့်ရဲ့ အခြေခံသဘောတရားကတော့ ပြောင်းလဲမှု မရှိ အတူတူပင်ဖြစ်ပါတယ်။”လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က အမျိုးသားလုံခြုံရေးခိုင်မာအားကောင်းရန်အတွက် “အခရာကျတဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်”ဖြစ်ကြောင်း ခုအမိန့်သစ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Mizzima

No comments:

Post a Comment