Latest News

Monday, March 6, 2017

အီရတ်ကို စတာလင်ပေါင် ၁၀ ဘီလီယံထုတ်ချေးရန် ဗြိတိန် သဘောတူ

အီရတ်ကို စတာလင်ပေါင် ၁၀ ဘီလီယံထုတ်ချေးရန် ဗြိတိန် သဘောတူ

ဗြိတိန်အစိုးရက အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းတွေအတွက် အီရတ်နိုင်ငံကို စတာလင်ပေါင် ၁၀ ဘီလီယံ ထုတ်ချေးပေးဖို့ သဘောတူလိုက်တယ်လို့ အီရတ် ယာယီဘဏ္ဍာရေးဝန်ကြီး အဗ္ဗဒူ ရာဇတ် အယ်လ် အက်စာက မတ် ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီချေးငွေကို ၁၀ နှစ်တာ ကာလအတွင်း စီမံကိန်းအလိုက် ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။

အဲဒီချေးငွေနဲ့လည်ပတ်မယ့် စီမံကိန်းတွေကို ဗြိတိန်ကုမ္ပဏီတွေပဲ စာချုပ်ချုပ်ဆို လုပ်ပိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ မြို့တော် ဘဂ္ဂဒက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး အက်စာက ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အီရတ်နယ်မြေ ၃ ပုံ ၁ ပုံလောက်ကို သိမ်းပိုက်ထားတဲ့ အိုင်အက်စ်တွေကို အမေရိကန်ဦးဆောင်ပြီး တိုက်ထုတ်ရာမှာလည်း ဗြိတိန်ဟာ အဓိက မဟာမိတ်အဖြစ် ပါဝင်ခဲ့ပါတယ်။

အီရတ်ဟာ ဒီချေးငွေနဲ့ အိုင်အက်စ်ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ပြန်လည် တည်ဆောက်နိုင်လိမ့်မယ်လို့ အီရတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်က အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ကို အမေရိကန်က ဦးဆောင်ဖြုတ်ချခဲ့ပြီးနောက်မှာ တိုင်းပြည်ဟာ လျှပ်စစ်လုံလောက်စွာမရရှိခြင်း၊ ရေမလုံလောက်ခြင်းတို့အပြင် ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း လုံလောက်စွာ မရှိခြင်းတို့ကို ကြုံတွေ့နေပါတယ်။

ခုချိန်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေကပဲ အိုင်အက်စ်တွေကို သူတို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မိုဆူးလ်မြို့မှာ ဝန်းရံထားပြီဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အီရတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး(ဝဲ) နှင့် အီရတ် ယာယီဘဏ္ဍာရေးဝန်ကြီး။ (ဓာတ်ပုံ - ရိုက်တာ)

DVB

No comments:

Post a Comment