Latest News

Wednesday, March 15, 2017

ဒီချုပ်အစိုးရလက်ထက်တွင် ၁၁ လအတွင်း ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ငါးဘီလီယံခန့်ရှိ

ဒီချုပ်အစိုးရလက်ထက်တွင် ၁၁ လအတွင်း ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ငါးဘီလီယံခန့်ရှိ



ဒီချုပ်အစိုးရလက်ထက် ၁၁ လအတွင်း ကုန်သွယ်ရေးကဏ္ဍတွင် လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ ဧပြီမှ ၂၀၁၇ ဖေဖော် ဝါရီလကုန်အထိ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး သွင်းကုန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးတွင် လိုငွေပြနေမှုသည် နှစ်စဉ်ကဲ့သို့ ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌လည်း လိုငွေပမာဏများခဲ့ကြောင်း  စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

ကုန်သွယ်မှု လိုငွေပမာဏသည် ယခင်အစိုးရသက်တမ်း နောက်ဆုံးနှစ် ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ရှိခဲ့သည်။

‘‘လိုငွေပမာဏများတာက နိုင်ငံ့စီးပွားရေးအတွက် အကျပ်အတည်း ဖြစ်စေနိုင်တာကို အစိုးရအနေနဲ့ သတိကြီးစွာထားပြီး ကိုင်တွယ်သင့်တယ်’’ဟု ၎င်းက သတိပေးသည်။ ကုန်သွယ်မှုလိုငွေမြင့်တက်ရခြင်းသည် မြန်မာနိုင်ငံမှ အဓိက ပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့ဈေးနှုန်းကျဆင်းခြင်းကြောင့် ဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ မြန်မာနိုင် ငံပြည်ပပို့ကုန်ဝင်ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်သည် သဘာဝဓာတ်ငွေ့ပြည်ပသို့တင်ပို့မှုမှ ရရှိ ခြင်းဖြစ်သည်။ ယခု ၂၀၁၆- ၁၇ ဘဏ္ဍာနှစ် ၁၁ လခန့်တွင် သဘာဝဓတ်ငွေ့ ပြည်ပတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် လျော့နည်းကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ခြင်း မရှိသေးချိန်တွင် အဓိက ပို့ကုန်တန်ဖိုးကျဆင်းခြင်း၊ သွင်းကုန် ပမာဏ လျှော့ချမှုမရှိခြင်းတို့ကြောင့် လိုငွေပမာဏ ဆက်လက် မြင့်တက်နေရခြင်းဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

ကုန်သွယ်မှုလိုငွေမြင့်တက် နေခြင်းသည် တိုင်းပြည်စီးပွားရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင် ပြီး ပြည်တွင်းလှည့်လည်သုံးစွဲနေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုထပ်မံဖြစ်ပွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။

‘‘ကျပ်ငွေတန်ဖိုးကျရင် ဒီမှာ ကုန်ဈေးနှုန်းက ထပ်တက်ဦးမယ့် အခြေအနေမျိုးဖြစ်နေတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရသည် ပို့ကုန်ကဏ္ဍတွင် ကြုံတွေ့နေရသည့် ကုန်သွယ်ရေးလိုငွေမြင့်မားမှုကို လျှော့ချရန် စီးပွားကူးသန်းဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အစပိုင်းတွင် ရည်မှန်းချက်များ ချမှတ်ခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေကို ဒေါ်လာတစ်ဘီလီယံ လျှော့ချနိုင်ရန် စီးပွားကူးသန်းဝန်ကြီးဌာနက ရည်မှန်းထားသည်။

‘‘တကယ် မလုပ်နိုင်ဘဲ လူကြားကောင်းရုံဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။ ကုန်သွယ်မှု လိုငွေသည် နိုင်ငံခြားငွေတန်ဖိုးနှင့် တိုက်ရိုက်ချိတ်ဆက်နေခြင်းကြောင့် စီးပွား ရေးတည်ငြိမ်မှုအတွက် စိုးရိမ်စရာ ဖြစ်နေသော်လည်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အဝင်များလာမည်ဆိုပါ က ထိန်းနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဝင်များပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဆိုပါ က ကုန်သွယ်မှုလိုငွေ များခြင်း ကြောင့် ငွေကြေးတန်ဖိုး မတည်ငြိမ်မှုကို သက်သာစေမည်ဟု ၎င်း တို့က ပြောသည်။

7Day News Journal

No comments:

Post a Comment