Latest News

Friday, March 10, 2017

သူရဦးရွှေမန်းနှင့် ဒီဗွီဘီ သီးသန့် တွေ့ဆုံမေးမြန်းခန်း (ဒုတိယပိုင်း)

သူရဦးရွှေမန်းနှင့် ဒီဗွီဘီ သီးသန့် တွေ့ဆုံမေးမြန်းခန်း   (ဒုတိယပိုင်း)

“ဥပဒေအထက် လူတယောက်၊ အဖွဲ့အစည်းတခု ရှိနေသရွေ့ တရားဥပဒေ မစိုးမိုးနိုင်ဘူး” -  ဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကော်မရှင်  ဥက္ကဋ္ဌ သူရဦးရွှေမန်းကို  ဒီဗွီဘီက နေပြည်တော်မှာ သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဥက္ကဋ္ဌကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာဆိုလည်း ကျနော်တို့ စောင့်ကြည့်ပါတယ်။ လူသတ်ဝါဒ ကျဆုံးဖို့၊ တရားဥပဒေစိုးမိုးရေး ထွန်းကားဖို့ ဆိုပြီး တစိုက်မတ်မတ်ရေးတာ တွေ့ရပါတယ်။ ခု လက်ရှိအခြေအနေမှာရော တရားဥပဒေစိုးမိုးမှု အခြေအနေ အားရစရာလို့ ယူဆလို့ရလားခင်ဗျ။

“အမှန်ကတော့ ကျနော့်ကိုတောင် လာမမေးဘဲနဲ့ ပြည်သူတွေအားလုံး သိပြီးသားကိစ္စပါ။ ဒါပေမယ့် ကျနော့်ကို မေးတဲ့အတွက် ကျနော် ဖြေပါမယ်။ အားရစရာ မကောင်းပါဘူး။ စိတ်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်မှု လျော့ရဲတဲ့ကာလအတွက် အထိခိုက်ခံရဆုံးကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေဘက်က ကျနော် စိတ်မကောင်းဘူး။ ပြည်သူ့ဘက်က နာတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဥက္ကဋ္ဌကြီးဆိုတာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စကားနဲ့ တော်တော်များများ မှတ်မိခဲ့ကြတယ်ပေါ့နော်။ အခုဆိုရင် တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုပေမယ့် တရားဥပဒေကို အပေါ်နည်းနည်းတင်လိုက်ရင် အထက်အောက် ကစားလို့ရတာမျိုးတွေ ဖြစ်နေတော့လေ ဥက္ကဋ္ဌကြီးကိုယ်တိုင်ရော တခုခု ဘာများ အခြေအနေပိုကောင်းလာအောင် ဘာတွေလုပ်ဖို့ မှန်းထားတာများ ရှိလဲဗျ။

“ဟုတ်ပါတယ်။ ကျနော် မှတ်မိသလောက် ပြောရရင် ၂၀၀၄ ခုနှစ် အောက်တိုဘာလောက်က မည်သူမှ တရားဥပဒေအထက်မှာ မရှိရ၊ ကျနော် အင်္ဂလိပ်လိုတောင် ညှပ်ပြောခဲ့ပါတယ်။ No one is above the law ။ ကျနော်လည်း မှတ်မိပါတယ်။ ပြည်သူတွေကလည်း ဒီစကားပေါ် မူတည်ပြီးတော့ ဟိုတုန်းက အခြေအနေနဲ့ ကိုက်ညီတယ်လို့ ယူဆခဲ့တဲ့အတွက် ကျနော့်ကို ဝိုင်းပြီး အသိအမှတ်ပြုသလို ပြည်သူတွေရဲ့ စိတ်ထဲမှာလည်း ဒီစကား စွဲသွားပါတယ်။ ကျနော်လည်း ဒါ အမြဲစွဲနေပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေအထက်မှာ လူတယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့တဖွဲ့ပဲဖြစ်ဖြစ် ရှိနေသရွေ့တော့ တရားဥပဒေ မစိုးမိုးနိုင်ဘူး။ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးအောင် လုပ်ဖို့အတွက်ဆိုရင် တရားဥပဒေအထက်မှာ လူတယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့တဖွဲ့ဖြစ်ဖြစ်၊ အဖွဲ့များစွာ ရှိနေခြင်းဟာ တရားဥပဒေစိုးမိုးမှုကို မဖြစ်ထွန်းစေနိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

အခု ဥပဒေအထက်မှာ အများကြီးရှိတယ်လို့ ခံစားရလား။

“ဒီနေ့ ဖြစ်ပေါ်နေတဲ့ အနေအထားကြည့်ပြီးတော့ အဲဒီလို ခံစားရတယ်လို့ပဲ ပြောရမှာပေါ့။ ဘယ်ဘက်က ခံစားရလဲဆိုရင် ပြည်သူ့ဘက်က။”

အခုလောလောဆယ်မှာလေ ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုအများ သိအောင် ဥက္ကဋ္ဌကြီးတို့ ကော်မရှင်ဘက်က ဥပဒေကို နားလည်ရင်လည်း သမ္မတအထက်လည်း နေလို့ရတယ်။ ဥပဒေကို နားမလည်ရင်လည်း သေးသေးမွှားမွှားလေးနဲ့ ထောင်တန်းကျနိုင်တာ ဖြစ်နိုင်တယ်။ ဥပဒေကို အရပ်သား နားလည်အောင် ဥက္ကဋ္ဌကြီးတို့ ကော်မရှင်ဘက်က လုပ်ဖို့ကိုင်ဖို့ မှန်းထားတာများ ရှိလား။

“အဲဒီဟာက ကျနော်တို့ ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးထားပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများကို အသိပညာပေးဖို့နဲ့ တရားဥပဒေစိုးမိုးရေးမှာ ပြည်သူများ ပါဝင်ဖို့ ကျနော်တို့ကော်မရှင်ကို တာဝန်ပေးထားပါတယ်။ ဒီတာဝန်ဟာ နောက်မှ ထပ်တိုးတာဝန်ပါ။ ဒါပေမယ့် ဒီတာဝန်ကို ကျနော်တို့ ကျေပွန်အောင် ဆောင်ရွက်ချင်တယ်။ တရားဥပဒေဆိုတာ ဘာလဲဆိုတာ ပြည်သူတွေ သိရှိနိုင်ဖို့အတွက် ကျနော်တို့ ပညာပေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် အခြားကိစ္စတွေလည်း ကြိုးစားဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် သတင်းမီဒီယာကောင်စီနဲ့လည်း ကျနော်တို့ တွေ့ဆုံပြီးပါပြီ။ သတင်းမီဒီယာကောင်စီအနေနဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြည်သူများကို ထဲထဲဝင်ဝင် အသိပညာပေးဖို့၊ ပြီးတဲ့အခါမှာ ရုပ်ရှင်နဲ့ ဂီတအစည်းအရုံးများနဲ့လည်း တွေ့ဆုံပြီးပါပြီ။ သူတို့ရဲ့သြဇာတွေက ပိုကြီးတဲ့အတွက် သူတို့တွေလည်း ပါဝင်ဖို့ ကျနော်တို့ ဒီလို ညှိနှိုင်း ဆောင်ရွက်ပြီးပါပြီ။ ပြီးတဲ့အခါမှာ ရုပ်သံ၊ ရုပ်သံဆိုတဲ့နေရာမှာ ဒီဗွီဘီ အပါအဝင်ပေါ့လေ။ ဒီကိစ္စမျိုးတွေမှာ ပါဝင်ဖို့။ နောက်ပြီးတော့ နိုင်ငံပိုင်သတင်းမီဒီယာ၊ သတင်းစာတွေမှာလည်း ပါဝင်ဖို့။ သတင်းမီဒီယာအပြင် သတင်းစာများကြားထဲက ဆောင်းပါးတွေ ရေးသားပေးပို့နေတာလည်း ရှိပါတယ်။”

“တရားဥပဒေစိုးမိုးဖို့ဆိုရင် တရားဥပဒေကို ပြည်သူအားလုံး နားလည်တာ အကောင်းဆုံးပါ။ သို့ရာတွင် ပြည်သူအများ နားလည်ဖို့ဆိုတာ တော်တော်ခက်တယ်။ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေတခုကို အောက်ခြေက ပြည်သူများ မပြောနဲ့၊ အထက်ပိုင်းမှာရှိကြတဲ့ ပြည်သူများပင်လျှင် နားလည်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီဟာတွေ နားလည်အောင် ကျနော်တို့ လုပ်ပေးဖို့က ဥပဒေပညာရှင်တွေ၊ သတင်းမီဒီယာအပိုင်းတွေရော၊ ကျန်တဲ့ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်း အားလုံး ပါဝင်ဖို့ လိုတယ်။ သူ့နေရာနဲ့သူ ပါဝင်မယ်ဆိုရင် ပြည်သူဆီ ရောက်သွားလိမ့်မယ်။ ဒီဥပဒေက ဒီလို ဆိုလိုတယ်။ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို လုပ်ရင်တော့ အပြစ်ဖြစ်မယ်။ မလုပ်ဘူးဆိုရင်တော့ အပြစ်မဖြစ်ဘူး။ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အစား။ အဲဒါတွေ မသိတဲ့အတွက် ကျနော်တို့နိုင်ငံ ဒုက္ခရောက်နေရတာ။ ပြည်သူတွေက တရားဥပဒေအကြောင်းကို ဂဃနဏ နားလည်နိုင်မှု မရှိတဲ့အတွက် တရားဥပဒေစိုးမိုးမှု အားနည်းတယ်ဆိုတဲ့အပိုင်းလည်း ပြောရမယ်ထင်ပါတယ်။”

အခုတလောမှာ ကောလာဟလထွက်နေတာပေါ့နော်။ ဥက္ကဋ္ဌကြီး သမ္မတရာထူး ဆိုပြီးတော့ ပြောဆိုကြတာ ရှိတယ်။ အဲဒါ ဘာများ မှတ်ချက်ပေးချင်ပါလဲ။

“ကောလာဟလက ကောလာဟလပဲ ဖြစ်မှာပေါ့”

ဥက္ကဋ္ဌကြီးတို့ ကော်မရှင်အနေနဲ့ ပြည်သူလူထုအားလုံးကို  နောက်ဆုံး ဖြည့်စွက်ပြောချင်တာများ ရှိလား။

“ဒီလုပ်ငန်းတာဝန်တွေ ထမ်းဆောင်တဲ့နေရာမှာ အားရမှု၊ ကျေနပ်မှုရှိပါလား ဆိုတာ မေးခွန်းရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ကော်မရှင်ရဲ့သက်တမ်း ၁ နှစ်ကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာလေးတွေ နည်းနည်းလေး ပြောပါတယ်။ ကျနော်တို့နိုင်ငံမှာ တည်ဆဲဥပဒေ ဘယ်လောက်ရှိတယ်ဆိုတာ ကော်မရှင်ဖွဲ့တဲ့အချိန်မှာ ဂဃနဏ ပြောနိုင်တဲ့အနေအထား မရှိဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာ တည်ဆဲဥပဒေ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့ လေ့လာဆန်းစစ် ဖော်ထုတ်ပြီးတဲ့အခါမှာ တည်ဆဲဥပဒေက ဘယ်လောက်၊ အဲဒီတည်ဆဲဥပဒေတွေက ဘယ်ဝန်ကြီးဌာနတွေက ကိုင်တွယ်ကျင့်သုံးသလဲ၊ ဘယ်အဖွဲ့အစည်းက ကိုင်တွယ်ကျင့်သုံးသလဲ။ ကျနော်တို့ ဆန်းစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အစမှာ ၃၉၈ ခု။ ဒီလို ဖော်ထုတ်ပြီးတဲ့နေရာမှာ စကားလေးပြောတော့ လွယ်တာပေါ့နော်။ ဘာလုပ်ရလဲဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ရှေ့နေချုပ်ရုံး၊ တရားလွှတ်တော်ချုပ် စုစည်းပြီးတဲ့အခါမှာ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဥပဒေတွေကို ကိုင်တွယ်ကျင့်သုံးရတယ်ဆိုတာကို စိစစ်နိုင်ခဲ့တယ်။ အဲဒီစိစစ်ချက်တွေကိုပဲ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကို တင်၊ နိုင်ငံတော်ပြန်တမ်းမှာ ထည့်။ သတင်းစာထဲမှာ ထည့်ပြီး ကျနော်တို့ ကြေညာပြီးပါပြီ။ တချို့ဆိုရင် မိမိတို့ ကိုင်တွယ်   ကျင့်သုံးနေရတဲ့ ဥပဒေတွေကို သက်ဆိုင်ရာဌာနတွေက ဂဃနဏ မသိတာလည်း ရှိတယ်။ ပြည်သူ မပြောနဲ့၊ သူ့ဌာနက ဘယ်ဥပဒေတွေကို ကိုင်တွယ်ကျင့်သုံးနေတယ်ဆိုတာ မသိဘူး။ ဒီ့ထက်ဆိုးတာ ဒီဥပဒေထဲမှာ ဘယ်လို ပြဋ္ဌာန်းထားလဲ၊ ရည်ရွယ်ချက်က ဘာလဲ။ သူတို့အဖွဲ့အစည်းများရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာ ကျနော်တို့ဆီမှာ မရှိဘူး။ ဆိုတော့ ဥပဒေကို စိတ်ဝင်စားတာတို့၊ နားလည်တာတို့ မရှိတဲ့အတွက် ဥပဒေကို လေးစား လိုက်နာတာမျိုးဆိုတဲ့ဟာ အလှမ်းနည်းနည်းဝေးသွားတယ်။ ဒါကြောင့်မို့လို့ အဲဒီလိုကိစ္စတွေကို ကျနော်တို့ကော်မရှင်က ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

“ကျနော်တို့နိုင်ငံမှာ တချို့ဥပဒေတွေဟာ နိုင်ငံနဲ့အဝန်း အာဏာမတည်ပါဘူး ဆိုပြီးတော့ ဒီလို တင်ပြတာတွေ ရှိပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းပြည်နယ်အတွင်းမှာပဲ တမြို့နဲ့ တမြို့ မတူဘူးလို့ ဖြစ်နေတယ်။ ဒီလို တင်ပြတယ်။ တင်ပြတဲ့လူတွေက ဘယ်သူတွေလဲဆိုတော့ ဥပဒေပညာရှင်တွေပဲ။ တခြား ပြည်နယ်၊ တိုင်းတွေမှာဆိုရင် ဒါတွေက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာကတည်းက ကြုံတွေ့ခဲ့တဲ့ကိစ္စ။ ဖြေရှင်းဖို့ ကျနော် ကြိုးစားတယ်။ အခြေအနေမပေးဘူး။ ဒီတပတ် လွှတ်တော်သက်တမ်းမှာ ကျနော် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာတယ်။ အဲဒါကို ကျနော်တို့ ဝိုင်းဝန်းအဖြေရှာတဲ့အခါမှာနောက်ဆုံး  တနိုင်ငံလုံးမှာ အာဏာမတည်တဲ့ ဥပဒေပေါင်းက ၁၀၀ ကျော်ရှိတယ်လို့ စာရင်းထွက်တယ်။ ကျနော်တို့ ပြန်စိစစ်တယ်။ ၈၀ ကျော် ကျန်တယ်။ ပြန်စိစစ်တယ်။ ၁၆ ခု ကျန်တယ်။ ပြန်စိစစ်တယ်။ နောက်ဆုံး အကုန်လုံးဟာ တနိုင်လုံးမှာ အာဏာတည်သွားတယ်။ ဒီကိစ္စဟာ ၁၉၈၃ ခုနှစ်ကစပြီးတော့ လိပ်ခဲတည်းလည်း ဖြစ်ခဲ့တဲ့ကိစ္စ။ ကျနော်တို့ ဒီနှစ်အတွင်းမှာ အဲဒါကို ဆောင်ရွက်မယ်။ အဲဒီလိုပြောတဲ့အတွက် ကျနော်ရဲ့ စွမ်းဆောင်မှုလို့ မယူဆပါနဲ့။ ကော်မရှင်မှာ ရှိကြတဲ့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ သူတို့ရဲ့ ဦးဆောင်မှုအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က အားလုံး ပူးပေါင်းဆောင်ရွက်ကြလို့ အဲဒီလို ဖြစ်သွားတာ။ ဒါလည်း လူတွေမသိတဲ့ အကြီးမားဆုံး အောင်မြင်မှုတခု ဖြစ်ပါတယ်။”

“အဲဒီလိုပဲ ကျနော်တို့ကိုယ်၌က ဥပဒေအသစ်ရေးဆွဲဖို့၊ ပြင်ဆင်ဖို့၊   ပယ်ဖျက်ဖို့၊ အသစ်ရေး၊ အဟောင်းရုပ်ကိစ္စနဲ့ပတ်သက်လို့ အားလုံး ၂၀၀ ရှိပါတယ်။ အချိန်ပေးရတယ်ဆိုရတဲ့နေရာမှာ ဒီရေက လူကို မစောင့်ဘူး။ ဒီရေနဲ့ နာရီဟာ လူကို မစောင့်ဘူး ဆိုတဲ့အတိုင်းပဲ ကျနော်တို့က ဒီလုပ်ငန်းတွေ လုပ်မယ်ဆိုရင် အချိန်တခု ကျနော်တို့ ကန့်သတ်ထားပါတယ်။ အဲဒီကန့်သတ်တဲ့အချိန်မှာ အဲဒီ ၂၀၀ သော ဥပဒေများကို ဘယ်လအပြီး ဥပဒေကြမ်းအဖြစ် ရေးဆွဲဆောင်ရွက်မယ်ဆိုပြီးတော့ ကျနော်တို့ ဒီလို လုပ်ထားတယ်။ ဒါကြောင့်မို့လို့ ဒီဟာသည်လည်း ကျနော်တို့ဘက်က ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို တင်နိုင်ဖို့အတွက် ၆ လအတွင်း စီမံထားပါတယ်။  ဒီနေ့ဆိုရင်လည်း ဥပဒေနဲ့ပတ်သက်လို့ အဖွဲ့လိုက် အဖွဲ့လိုက် ခွဲပြီးတော့ သူ့ကဏ္ဍနဲ့သူ ဥပဒေများအတွက် ဆွေးနွေးနေတယ်၊ အကြံပြုနေတယ်။”

ခုနနောက်ဆက်တွဲလေးနည်းနည်းမေးချင်လို့ ကောလာဟလဆိုတာ တချို့မှန်တဲ့ ကောလာဟလတွေ ရှိတယ်။ ဒီကောလာဟလ မှန်နိုင်ချေရှိတယ်လို့ ထင်ကြေးပေးနိုင်စရာတွေလည်းရှိတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီး ဘယ်လို မှတ်ချက်ချင်လဲ ဒီကောလာဟလ မှန်နိုင်ချေနဲ့ပတ်သက်လို့။

“အဲဒီတော့ အချိန် စောင့်ကြည့်ပေါ့။ အဲဒီအခါကျရင် ဒါကောလဟာလဟေ့ ဒါတော့ ကောလဟာလဆိုပေမယ့် မှန်တယ်ဆိုရင် အဲဒီကျရင်တော့ အဖြေပေါ်မှာပေါ့ဗျာ ”

စိတ်ရှည်လက်ရှည်ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 DVB

No comments:

Post a Comment