Latest News

Friday, March 24, 2017

စက်သုံးဆီ လုပ်ငန်း အပါအ၀င် ယခင် ခွင့်မပြုခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ပြည်ပ စီးပွားရေး လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့် ပြုမည်

စက်သုံးဆီ လုပ်ငန်း အပါအ၀င် ယခင် ခွင့်မပြုခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ပြည်ပ စီးပွားရေး လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့် ပြုမည်

ပြည်ပ ရင်းနှီးမြှုပ်နှံမှု နှေးကွေးခြင်းနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသည် ရေနံနှင့် ဓာတ်ငွေ့ ဖြန့်ဖြူးမှုရော အာမခံ လုပ်ငန်း အပါအ၀င် ပြည်ပမှ တိုက်ရိုက် ရင်းနှီးမှုများ အပေါ်  ကန့်သတ်မှုများအား ဖြေလျှော့ ပေးတော့မည် ဖြစ်သည်။

''ရေနံနဲ့ ဓာတ်ငွေ့ လက်လီ ဖြန့်ဖြူးရေးမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ကျွန်တော်တို့ ခွင့်ပြုမယ် ဖြစ်ပါတယ်။ အာမခံ ၀န်ဆောင်မှုတွေမှာ ပိုပြီး လွတ်လွတ် လပ်လပ် ရှိဖို့၊ အသေးစား ငွေကြေး ၀န်ဆောင်မှု များကို ပံ့ပိုးပေးဖို့ နိုင်ငံတကာ ကုမ္ပဏီများအား ခွင့်ပြုပေးရန် ကျွန်တော်တို့ စီစဉ် ထားပါတယ်'' ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်းက လွန်ခဲ့သော အပတ်တွင် ပြောကြားခဲ့သည်။

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦး က မတ်လ ၃၁ တွင် ကုန်ဆုံးသော ၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပြည်ပ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဘီလီယံကျော် ရရှိခဲ့သည် ဟု ပြောကြားသည်။ သို့သော် ယင်းငွေကြေး ပမာဏသည် ယခင် ဘဏ္ဍာနှစ်က စံချိန်တင် ၀င်ရောက် ခဲ့သည့် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့နည်းလျက် ရှိသည်။

MIC သည် ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၂၀၀ ကျော်နှင့် မတ် ၁၈ တွင် ရန်ကုန်မြို့ ဟိုတယ်တခု၌ အစည်းအဝေး တရပ် ကျင်းပခဲ့သည်။ MIC ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကျော်ဝင်း က ရေရှည်နှင့် တည်တံ့ ဖွံ့ဖြိုးမှု အပေါ် အခြေခံပြီး ရင်းနှီး မြှုပ်နှံကြရန် ပြည်ပ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်းအား တိုက်တွန်းသည်။ ပြီးခဲ့သည့် နှစ်က ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြင်ဆင်ချက်ကို ရည်ညွှန်းလျက် ၀န်ကြီးက နိုင်ငံခြား ကုမ္ပဏီ များသည် ရိုးရှင်း၊ လွယ်ကူ၊ လျင်မြန်သော လုပ်ထုံး လုပ်နည်းများ အရ မြန်မာနိုင်ငံတွင် ရင်းနှီး မြှပ်နှံရန် အခွင့်အရေးများ ရရှိကြမည် ဟု ပြောသည်။ ဆက်လက်ပြီး ၎င်းက အစိုးရသည် ရင်းနှီး မြှုပ်နှံသူများ အပေါ်  မလိုလား အပ်သော အကန့်အသတ် များနှင့် အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။

ဦးကျော်ဝင်းက ပြည်ပ ရင်းနှီးမြှုပ်နှံသူ များသည် အခြေခံ အဆောက်အအုံ၊ ကုန်တိုက်လုပ်ငန်းများ၊ ထောက်ပံ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး အပါအ၀င် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အတွက် ယခင်က ခွင့်မပြုခဲ့သည့် ကဏ္ဍသစ်များ၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အရေး ရရှိမည် ဟုလည်း ပြောကြားသည်။

အစိုးရသည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအား အကာအကွယ် ပေးရေးကို အာမခံချက် ပေးရန် ဖြေလျှော့မှု ပိုမို လုပ်ဆောင် နေစဉ် ၀န်ကြီး ဦးကျော်ဝင်းက ရေရှည် အစီအစဉ် များဖြင့် ရင်းနှီး မြှုပ်နှံကြရန် ပြည်ပ ရင်းနှီး မြှုပ်နှံသူများအား တိုက်တွန်းခဲ့သည်။

''ကျွန်တော်တို့ရဲ့ ဥပဒေသစ်အရ မြေငှားရမ်းမှုကို နှစ် (၇၀) အထိ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံ သူများ အနေနဲ့ တာဝန်သိသိ၊ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု နည်းလမ်းများ အရ မြန်မာနိုင်ငံမှာ ရေရှည် ရင်းနှီး မြှုပ်နှံကြဖို့ စဉ်းစားစေချင်ပါတယ်'' ဟု ဦးကျော်ဝင်း က ပြောကြားသည်။

S.M
Ref: (Kyodo News)
News Watch

No comments:

Post a Comment