Latest News

Tuesday, March 7, 2017

ကာစီနိုက မိန်းကလေး ၈၀ ကျော်ကိုဖမ်းဆီးတာမဟုတ်လို့ တအာင်းတပ်ဖွဲ့ရှင်းလင်း

ကာစီနိုက မိန်းကလေး ၈၀ ကျော်ကိုဖမ်းဆီးတာမဟုတ်လို့ တအာင်းတပ်ဖွဲ့ရှင်းလင်း



လောက်ကိုင်မြို့ပေါ်က ကာစီနိုလောင်းကစားရုံမှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာမဟုတ်ဘဲ တရုတ်နိုင်ငံ နန်းဆန်မြို့ကို ပို့ဆောင်ပေးတာလို့  တအာင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကိုးကန့် ကာစီနိုဝိုင်းက ကောင်မလေးတွေ ခေါ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က အဲဒီမိန်းကလေးတွေကို တခုခုလုပ်မှာဆိုးလို့ တရုတ်ပြည်ဘက်ရှိ နန်းဆန်မြို့ကို ပို့ပေးလိုက်ကြတာပါ” လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။


လောက်ကိုင်ဒေသမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်ပြည်ဘက်ရှိ တစ်ကီလိုမီတာ အကွာအဝေးမှာ လက်နက်ကြီးတလုံး ကျရောက်ခဲ့ပေမယ့်  ထိခိုက်ဒဏ်ရာရရှိမှုမရှိသေးဘူးလို့  ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။
မတ်လ ၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ဒေသဦးစီး ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ပိုင်ဆိုင်တဲ့ ပယ်စိမ်းလောင်းကစားရုံမှာ ကား ၁၅ စီး မီးလောင်ပျက်စီးခဲ့ပြီး လူ တစ်ဦး သေဆုံးခဲ့ပါတယ်။


မြန်မာတပ်မတော်က မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို အမြစ်ပြုတ်ချေမှုန်းဖို့ ရည်ရွယ်နေလို့ ပြန်လည်တိုက်ခိုက်တာဖြစ်တယ်လို့ လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
လောက်ကိုင်မြို့မှာ MNDAA လက်နက်ကိုင်အဖွဲ့တဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦး၊ အရပ်သား ငါးဦး၊ ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး သေဆုံးကာ လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source : DVB

No comments:

Post a Comment