အပြစ်တင်တယ်ဆိုတာ လွယ်ပါတယ်
လူငယ်တွေ စာမဖတ်ဘူးလို့ ဝေဖန်တာတွေမြင်ရတိုင်း ကိုယ် မဲ့ပြုံးပြုံးမိတယ်။ ကိုယ့်တစ်ယောက်တည်းအမြင်က လူငယ်တွေက စာမဖတ်ချင်တာမဟုတ်ဘူး။ စာဖတ်ဖို့အခက်အခဲတွေရှိတယ်။ ဒါကို လူကြီးတွေက လက်ခံနားလည်ဖို့လိုတယ်။
ဒီအကြောင်းကို တွေးမိတိုင်းပြောတယ်။ Anti-Reading မှာ အဲဒီအကြောင်းကို ပါးပါးလေးပုတ်တယ်။ အကုန်လုံးက နာမည်တွေနောက် လိုက်သွားတယ်။ ဒီ content မှာ ကျနော် ကြိုးစားပြီး ပြောကြည့်ဦးမယ်။ မှန်၊ မမှန်ဆိုတာ စဉ်းစားကြည့် ကြတာပေါ့။
လူငယ်တွေ စာမဖတ်ဖြစ်ရတဲ့ လူငယ်တွေဘက်ခြမ်းက အခက်အခဲကြီးကြီးမားမား နှစ်ခုရှိတယ်။ ပထမတစ်ခုက စာမချစ်တတ်အောင် ပျိုးထောင်ခံခဲ့ရတာ။ လူငယ်တွေထဲမှာ ရှားရှားပါးပါး စာဖတ်ဝါသနာပါတာ အများစုက မိဘအမွေတွေပါတယ်။ ကျန်တဲ့မိဘတွေက စာဖတ်တာမကြိုက်ကြတာများတယ်။ ( အံမယ် မိဘတွေက အပျော်ဖတ် အချစ်ဝတ္တုတွေဆို တားတာများတယ်။ ဂျင်းစာပေဆိုတာ ကြိုသိတာနေမှာ။)
စာဆို ကျောင်းစာမှတစ်ပါး ပေးမဖတ်ချင်ကြဘူး။ ရုပ်ရှင်ကြည့်တာက နည်းနည်းခွင့်ပြုကြသေးတယ်။ကျောင်းစာ အဆင့်ကျပဟေ့ဆို နင်က ကျောင်းစာမဖတ်ဘဲ အပြင်စာချည်းပဲဖတ်သကိုး ဆူချင်ကြသေးတာ။ အဲဒီစိတ်အခံကြီးနဲ့ ဆယ်နှစ်လောက်နေလာတဲ့လူငယ်တွေက စာဖတ်ဖို့ကြောက်လာတာ ဘာဆန်းတုံး။
အခု စာဖတ်ဝါသနာမပါတဲ့လူငယ်တွေမေးကြည့်။ ကိုးဆယ်%က ကိုယ်ပြောသလိုဖြစ်ခဲ့တာ။ ပြီးတော့ စာအုပ်ဝယ်ဖို့ ပိုက်ဆံမရှိတာ။ ကျနော်တို့ လူငယ်တစ်ယောက်က တစ်လလေးသိန်းလောက်ရတယ်ထား။ အိမ်ကို တစ်သိန်းလောက်တော့ ပြန်ပေးရလေ့ရှိတယ်။ ကျန်တဲ့ပိုက်ဆံမှာ နိုက်အောက် အစားအသောက် အသုံးအဆောင် ဖုန်းဘေကို နှစ်သိန်းဖိုးလောက်တော့ သုံးတာချည်းပဲ။ အဲဒီကနေမှ တစ်သိန်းလောက်စုမိတာများတယ်။ ဒါတောင်မှ အသုံးကျစ်မှ။ အဲဒီတော့ မြင်သမျှစာအုပ် ဝယ်နိုင်ရေးထက် အရေးကြီးတာတွေ လုပ်ရကော။
ရှင်းရှင်းပြောရင် လက်တွေ့အဆင်ပြေရေးကို ဦးစားပေးကြတာပဲ။ လက်ထဲနှစ်ထောင်နှစ်ရာရှိရင် နှစ်ထောင်ဖိုးစာအုပ်ဝယ်ပြီး ဘတ်စ်ကားစီးတာ ဂုဏ်ယူစရာမဟုတ်ဘူး။ နှစ်ထောင်ဖိုးတက္ကစီစီးတာက လက်တွေ့အသုံးဝင်တာ။ အဲဒီလိုပဲ လက်ထဲတစ်သောင်းရှိရင် ဘီယာသောက်ပစ်တာက လူငယ်တစ်ယောက်အနေနဲ့ ပျော်ရွှင်မှုကေရာ စိတ်ကျေနပ်မှုရော ဖိအားလျော့မှုရော ရစေတယ်။ ဆိုရှယ်အတွက်လည်းကောင်းတယ်။
ဒီလူငယ်တွေ လက်ထဲပိုက်ဆံရှိလာရင် ပိုဝယ်လာနိုင်မယ်။ ဒါကို လူကြီးတွေက သိဖို့ ဖြည့်ဆည်းပေးဖို့လိုတယ်။ ခက်တာက စာကြည့်တိုက် လိုင်စင်တောင် တစ်ချိန်တုန်းက ခက်ခဲလို့ စာကြည့်တိုက်တောင် ခိုးဖွင့်ရတဲ့ နိုင်ငံက ကြီးကြီးကျယ်ကျယ် စာဖတ်ရှိန်မြှင့်တင်ရေးဆိုပြီး လာရောင်းနေတော့ ဟဟပဲရမယ် ပြောရမယ်။ အရွယ်ရောက်လာမှ စာဖတ်ရှိန်မြှင့်တင်ဖို့ လူငယ်တွေကပဲ စာမဖတ်လို့ သောက်သုံးမကျဘူး စွတ်စွဲတာက လက်ချောင်းရိုက်ချိုးပြီးခါမှ မြဲအောင်မဆုတ်နိုင်ဘူး ပြောနေတာနဲ့ အတူတူပဲရယ်။
နောက်ဆုံးတစ်ခုက shock နည်းနည်းရှိတယ်။ စာအုပ်ရောင်းပုံ မှားနေတယ်။ မြန်မာပလာဇာက အင်းဝစာအုပ်ဆိုင်လို လုပ်နိုင်ရမှာ။ ဒီနေ့ရော ဟိုနေ့ကရော Myanmar Book Plaza ရောက်တယ်။ နည်းတဲ့နေရာမဟုတ်ဘူး ရထားတာ။ ဒါပေမဲ့ တကယ့်ကိုမှ လူက ချောက်တီးချောက်ချက်။ ပြီးတော့ စာအုပ်တွေက တစ်ဆိုင်နဲ့တစ်ဆိုင်ထပ်။ theme က ဘာလုပ်ချင်မှန်း နားမလည်။ နည်းနည်း ရှင်းထုတ်လိုက်စေချင်တယ်။အင်းဝဆိုင်တောင် ကျဉ်းကျဉ်းလေးနဲ့ Compact ဖြစ်တယ် ခံစားရတယ်။ Book Plaza ကတော့ ဘာလုပ်ပြချင်မှန်း ခုထိနားမလည်သေးဘူး။
လူငယ်တွေကို ဆွဲဆောင်ချင်ရင် Check-in နေရာကောင်းကောင်းဖြစ်အောင် လုပ်ရမယ်။ ပေါ်ပင်ပဲဖြစ်ဖြစ် နောက်ဆုံးမှာ စာဖတ်ဖြစ်တာကောင်းတယ်။ ဒါမှမဟုတ်လည်း ခွဲထွက်ချင်လည်း တိတိကျကျလုပ်ရမယ်။ ပြီးတော့ စာအုပ်ဈေးတန်း။ ဘယ်လို နေပူကြီးထဲမှာ စာအုပ်လာရောင်းခိုင်းနေတာလဲ။ အခုထိနားမလည်ဘူး။ ပြီးတော့ တစ်ဘလောက်ကျော်မှာက ပန်းဆိုးတန်း။ ဒီအကြံ စဉ်းစားသူတွေ ဒါတွေ ထည့်တွက်သင့်တယ်။ အဲဒီတော့ ပြောချင်တာက စာရေးစားတာက စီးပွားရေးမဟုတ်ရင်တောင် စာအုပ်ရောင်းတာက စီးပွားရေးဗျ။ ကျနော်တို့ ဘယ်လောက်မုန်းမုန်း စီးပွားရေးသမားတွေ ကိန်းဂဏန်းတွေနဲ့ သေသည်အထိ ပတ်သက်နေရဦးမှာပဲ။ စာရေးဆရာတွေအကြောင်းကတော့ မဒီဘိတ်ချင်လို့ မထည့်ထားပါကြောင်း။
(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏ အတွေးအမြင်လက်ရာ တစ်ခုဖြစ်သည်။)
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment