Latest News

Tuesday, March 7, 2017

ကျိုင်းတုံတခွင် ခရီးနှင်ခြင်း

ကျိုင်းတုံတခွင် ခရီးနှင်ခြင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရွာငယ်လေးတခုဖြစ်သော ဝမ်ပန်ကို ကျမတို့ ဖြတ်လာသည့် အချိန်တွင်အရောင် တောက်တောက် စကတ်များ ဝတ်ထားသည့် မိန်းကလေးများက တောင်စောင်းပေါ်တွင် ခုန်ပေါက်ပြေးတက် နေကြသည်ကို တွေ့ရသည်။ သူတို့နောက် ပေအနည်းငယ် အကွာတွင် အမျိုးသားများက ဝက်ထီးတကောင်ကို မောင်း၍ လိုက်လာကြသည်။

“သူမသွားချင်ဘူး၊ သူသေလိမ့်မယ် ဆိုတာ သိနေတယ်” ဟု ကိုစိုင်းဝင်းက ပြောသည်။

ဘာတွေ ဖြစ်လာမည်ကို စောင့်ကြည့်ရန် အတွက် ရှမ်းလူမျိုး လမ်းပြ ကိုစိုင်းဝင်းနှင့် ကျမ၏ ခြေကျင်ခရီးကြမ်း လမ်းကြောင်းကို ပြန်လည် စီစဉ်လိုက်သည်။ နာရီ အနည်းငယ်ခန့် ကြာသည့်အခါ ကျမတို့ တောင်ပေါ်ရှိ စမ်းချောင်း ဘေးတွင် ထိုင်ရင်း “အခါ” ရွာသားတွေ စားသောက်ပွဲ ပြင်ဆင်နေပုံကို ထိုင်ကြည့်နေခဲ့ကြသည်။ သူတို့က ဝက်သားကို ကင်သည်။ ပေါင်းသည်။ ဆန်နှင့်ရော၍ ဆန်ပြုတ် ပြုတ်သည်။ ကင်ထားသည့် ဝက်၏ အရေပြားက သွေးရောင်လို နီလာသည်။ သက်ကြီးရွယ်အို အမျိုးသားများက ဝိုင်းပတ်စုရုံးလာကြပြီး အမျိုးသား တယောက်က ဆန်အရက်ကို မြှောက်ကာ ဆုတောင်းမင်္ဂလာပြု၍ သောက်လိုက်ပြီး ရိုးရာဟင်းခွက်များထဲမှ အနည်းငယ် နှိုက်စားကြ သည်။

ဒီနေ့တွင် ဘာကြောင့် ဘိုးဘွားများအား ဂါရဝ ပြုခြင်း၊ တောစောင့်နတ်များကို ပူဇော်ပသခြင်းများ ပြုလုပ်ကြသလဲ ဆိုတာ ကိုတော့ မသိပါ။ “အခါ” ရွာသားများသည် မကောင်းသော နတ်များက လူတို့ကို နှောင့်ယှက် ဖျက်ဆီးသော အခါ ၎င်းတို့၏ ဘိုးဘေးများက ကျန်းမာရေး၊ ပစ္စည်းဥစ္စာများနှင့် သီးနှံအထွက်ကောင်းစေရန် စောင့်ရှောက်ကြသည် ဟု ယုံကြည်ကြသည်။ ယခုလို အခမ်းအနားများကို တနှစ်လျှင် ၉ ကြိမ်မှ ၁၂ ကြိမ်အထိ ပြုလုပ်ကြသည်ဟု သိရပြီး တချို့ကလည်း ယဇ်ပူဇော်ခြင်းကို တပတ်တကြိမ် ပြုလုပ်လေ့ ရှိသည်ဟု ပြောကြသည်။

ကျမတို့ကို လာထိုင်ရန် ဖိတ်ခေါ်ခဲ့ကြသည့် အတွက် ကမ္ဘာလှည့် ခရီးသည်များ တွေ့မြင်ချင်ကြမည် ဖြစ်သော်လည်း တွေ့ရလေ့ မရှိသည့် တောင်ပေါ် နေတိုင်းရင်းသား လူမျိုးစုများ၏ သီးသန့်ဆန်သော ပွဲတော်ကို မြင်တွေ့ခွင့် ရခဲ့ပါ သည်။ ကျမ အဲဒီမှာ တပတ်လောက် နေခဲ့စဉ် အတွင်း ကမ္ဘာလှည့် ခရီးသည် ၅ ဦးခန့်သာ (ဘတ်စ်ကား တစီးလုံး အပြည့် ရှိနေသည့် တရုတ်လူမျိုး ဧည့်သည်များနှင့်အတူ) မြင်တွေ့ခဲ့ရပါသည်။

ကျိုင်းတုံမြို့(ယခင်က လန်နာနိုင်ငံဖြစ်ခဲ့စဉ်က Kengtung နှင့် Chiang Tung စသည့် အမည်များဖြင့် မြို့တော်ဖြစ်ခဲ့) သည်။ ယခင်က ဝေးလံသည့် ကင်းစခန်းမြို့တခု ဖြစ်ခဲ့ပုံရသော်လည်း နောက်ပိုင်းတွင် ခရီးသွား အများအပြား လာရောက် လည်ပတ် ကြမည့် နေရာတခု ဖြစ်လာနိုင်သော အလားအလာများ ရှိနေသည်။ လက်ရှိ ရောက်ရှိလာနေ သည့် ခရီးသွားများက အထောက်အကူ ဖြစ်မလာနိုင်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း ရှိနေဆဲဖြစ်သည့် အတိတ်ကာလက အမှတ်တရများ အတွက် ကျမ သိချင်မိပါသည်။

ဖွံ့ဖြိုးတိုးတက်မှုက မည်သို့ဖြစ်လာ မည်နည်း။ တိုင်းရင်းသားများ အတွက်နှင့် ရေရှည်အတွက် ဖြစ်လာနိုင် မည်လား။ သို့မဟုတ် ဆင်းရဲသားများနှင့် ပို၍ ဝေးလံသောရွာများက လျစ်လျူရှု ထားခြင်း ခံရထားသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ကမ္ဘာလှည့် ခရီးသွားများ အတွက် ထားရှိသည့် ရွာတချို့လို “လူသားတိရစ္ဆာန်ရုံများ” ဟု ဝေဖန်ကဲ့ရဲ့မှု များတွင် လမ်းဆုံးသွားမည် လား။

ကျိုင်းတုံတွင် နေခဲ့စဉ်အတွင်း ချက် (Czech) နိုင်ငံသား တယောက်နှင့်သာ ဘက်စ်ကားဂိတ်တွင် ကျမ စကားပြောခဲ့ရ သည်။ ရွှေတြိဂံနယ်မြေ၏ မြို့တော်ဟု သိကြသည့် တာချီလိတ်မှ ဈေးဝယ်ပြီး ပြန်လာသူများနှင့် ပြည့်နေသည့် လေအေးစက်မပါသော အဝေးပြေးကားကို ၅ နာရီကြာ စီးပြီးနောက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သူက ရွက်ဖျင် တဲပါသော ကျောပိုးအိတ်ကို လွယ်ထားသည်။ သက်ဆိုင်ရာက ညဘက်ခြေကျင် ခရီးသွားခြင်းကို တားမြစ်ထား သော်လည်း သူက တောထဲတွင် စခန်းချ နေခဲ့သည် ဟု ပြောသည်။ သို့သော်လည်း ထိုနေ့ည အတွက် ဈေးသက်သာသော တည်းခိုခန်းတခုတွင် တည်းချင်သည် ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အခြားနေရာများ ကဲ့သို့ပင် ကျိုင်းတုံတွင် အမှန်တကယ် ဈေးသက်သာသော တည်းခိုခန်းများ မရှိပါ။ တရုတ် မိသားစုပိုင်သော Law Yee Chain ဟိုတယ်တွင် တည်းခိုခဲ့စဉ်က တညကို အမေရိကန်ဒေါ်လာ ၃၀ ပေးရသည်။ ခင်းထားသည့် ကောဇောဟောင်းကြီးက ဘာမှမလုပ်ဘဲ ထားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိလိမ့်မည် ထင်သည်။ သို့သော် ဝန်ထမ်းများ ကတော့ ဆက်ဆံရေး ကောင်းမွန်ကြပါသည်။ အခန်းများကလည်း ကျယ်ဝန်းပြီး ပန်းရောင် သုတ်ထားသည့် နံရံပေါ်တွင် ချိတ်ဆွဲထားသည့် မြင်းရိုင်းများနှင့် ကောင်းကင် တမန်များပုံ ပါဝင်သည့် အရောင်မှိန်နေသော ပိုစတာများကလည်း ကြည့်လို့ကောင်းပါသည်။

တနေ့တာ အတွင်းတွင် လုပ်နိုင်သည့်အရာက များများစားစား မရှိသော်လည်း မြို့လယ်ကို ဗဟိုပြု၍ အရပ်မျက်နှာ အသီးသီးသို့ မော်တော်ဆိုင်ကယ် တလှည့် ခြေကျင် တလှည့်ဖြင့် သွားရောက်နိုင်ပါသည်။ အင်၊ အခါ၊ အခူ၊ ခွန်နှင့် လဝ ကျေးရွာများကို လည်ပတ်နိုင်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းသော တောင်ကြား ရှုခင်းများ၊ စပါးစိုက်ခင်းများနှင့် ဗြိတိသျှခေတ်က တောင်ပေါ်စခန်း ဖြစ်သော လွယ်မွေမြို့တို့ကို တွေ့မြင်နိုင်ပါသည်။

ဒါတွေ အားလုံးကို လေ့လာဖို့ ၄ ရက်လောက် ဆိုလျှင် လုံလောက်ပါသည်။ မြို့ထဲကို လျှောက်ကြည့်ရန် အချိန် အနည်းငယ်ပင် ပိုပါလိမ့်မည်။ မြို့ပြင်မှ ဝင်္ကပါကဲ့သို့ လမ်းငယ်လေးများ အတိုင်း သွားမည် ဆိုလျှင် Mountain bike အမျိုးအစား စက်ဘီးက အဆင်အပြေဆုံး ဖြစ်ပါလိမ့်မည်။ သို့သော် စက်ဘီးငှားသည့် လုပ်ငန်း မရှိသေး သဖြင့် ကိုယ်ပိုင် စက်ဘီး ယူသွားရန် လိုအပ်ပါလိမ့်မည်။

တောင်တက်ခရီး သွားမည် ဆိုလျှင် လူဦးရေနည်းသည့် အဖွဲ့ငယ်များအတွက် အတွေ့အကြုံရှိသည့် ဧည့်လမ်းညွှန် တဦးကို တရက်လျှင် ၈၀ဝဝဝ ကျပ်ခန့် ပေးရနိုင်ပါသည်။ ကိုစိုင်းဝင်း၏ Win Trekking ကတော့ အလွန်ကောင်းမွန် ပါသည်။ လုပ်ငန်း အတွေ့အကြုံ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး ဒေသခံ ဘာသာစကား ကျွမ်းကျင်ကာ တောင်ပေါ် လူမျိုးစုများ၏ ယဉ်ကျေးမှုများကိုလည်း ကောင်းစွာ နားလည်သူ တယောက် ဖြစ်ပါသည်။ ကိုစိုင်းဝင်းနှင့် အတူ သွားသည့် အခါ နေရာတိုင်းတွင် ကျမတို့ကို လက်ဖက်ရည်သောက်ရန်နှင့် စကားပြောကြရန် ဖိတ်ခေါ်သူများ တွေ့ခဲ့ရပါသည်။ အင်ကျေးရွာ တရွာတွင် ရွာသူကြီးအိမ်၌ ကျမတို့ အနားယူပြီး နေ့လယ်စာ ချက်စားခဲ့ကြသည်။

ကိုစိုင်းဝင်းနှင့် သူ၏အလုပ်သင် ဧည့်လမ်းညွှန်များက စားသောက်ရန် အတွက် ဟင်းချို၊ အသုပ်များနှင့် ကြက်ဥကြော်တို့ကို ပြင်ဆင်ကြသည်။ ကျမက ရွာလူကြီး၊ သူ၏ ဇနီးတို့နှင့် အတူ ထိုင်နေခဲ့ပါသည်။ ရွာလူကြီး ဇနီး၏ ညာဘက် မျက်လုံး အောက်ရှိ အရေပြားမှာ အနက်ရောင်ဖြစ်ကာ ပူဖောင်းများ ကဲ့သို့ ဖောင်းနေပြီး နီရဲနေသော မျက်လုံး အတွင်းမှ ထွက်လာသော အရည်များကို တစ်သျှုးဖြင့် သုတ်နေပါသည်။

ကျိုင်းတုံမှ ခွဲစိတ်ကု ဆရာဝန်တယောက်က သူ၏ရောဂါကို ခွဲစိတ်ကုသ ပေးခဲ့ပြီး ဖြစ်သော်လည်း မပျောက်သဖြင့် နောက်တကြိမ် ခွဲစိတ်ကုသရန် ဆန္ဒမရှိတော့ကြောင်း ကိုစိုင်းဝင်းက တဆင့် ပြောပြပါသည်။ သူက လက်မှု ပစ္စည်းများ ထည့်ထားသည့် ဘူးငယ်လေးတခု ယူလာပြ၍ ကျမက ခေါင်းစည်း ပုဝါတထည် ဝယ်ယူ အားပေးလိုက်ပြီး နောက် ထပ်လည်း ရောင်းကောင်းပါစေဟု ဆုတောင်းပေးခဲ့သည်။

ကျမ တည်းခိုနေသည့် ရက်သတ္တတပတ် အတွင်း တွေ့မြင်ခဲ့ရသည့် သက်ကြီးရွယ်အို အမျိုးသမီးကြီးများ အနက် ရွာသူကြီး၏ ဇနီးလည်း တဦးအပါအဝင် ဖြစ်ပါသည်။ “အခါ” ရွာသားများ၏ စားသောက်ပွဲတွင် ကျမ၏ ပတ်ဝန်းကျင်၌ ကလေးငယ်များနှင့် မိန်းမငယ်လေးများကို သာတွေ့ရသည်။ အသက် ၄၀ ကျော်အရွယ်ဟု ယူဆရသူ အနည်းငယ်သာ ရှိသည်။ တချို့ အမျိုးသမီးများက ၎င်းတို့တွင် ကလေး ၈ ယောက်မှ ၁၅ ယောက်အထိ ရှိနေခြင်းနှင့် ပတ်သက်၍ အနည်းငယ် ကြွားဝါကြပြီး သူတို့၏ ယဉ်ကျေးသော မေးခွန်းများကို ကျမက ပြန်ဖြေသည့် အခါ သဘောကျကာ နောက်ပြောင်ကြသည်။ ကျမကို “တယောက်တည်းလား” ဟု တချို့က မေးကြသည်။ “မင်းရဲ့မိသားစုတွေရော ဘယ်မှာလဲ” ဟု ဆိုလိုခြင်း ဖြစ်သည်။

“အခါ” အမျိုးသမီး ဖောင်ဒေးရှင်း၏ စစ်တမ်း တခုတွင် ကျေးလက်ပြည်သူများ၏ ပျမ်းမျှသက်တမ်းမှာ ၄၃ နှစ်သာ ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးခြင်း၊ အာဟာရ မပြည့်ဝခြင်း၊ ပင်ပန်းဆင်းရဲစွာ နေထိုင် အသက်မွေးရခြင်းနှင့် ခေတ်နှင့် ညီသော အခွင့်အလမ်းများ နည်းပါးခြင်း တို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုဖော်ပြချက်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွက် မှန်ကန်နေပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှ စ၍ ကူမင်တန်များ၏ သိမ်းပိုက်မှုနှင့် ကွန်မြူနစ်ပါတီ သိမ်းပိုက်ထားစဉ် အပါအဝင် အချိန်ကာလ များစွာကို ဖြတ်သန်းခဲ့ရ သော်လည်း အခါရွာများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးရသည့် ရွာများအဖြစ်သာ ဆက်လက် ကျန်ရှိနေပါသေးသည်။

စားသောက်ပွဲ အတွက် အများစုက အမဲလိုက် နေခဲ့ကြသည် ဟု သိထားရသော်လည်း အမျိုးသား အရေအတွက် နည်းသည်ကို ကျမ သတိထားမိသည်။ နောက်ပိုင်းတွင် ခေါင်းငိုက်စိုက်ချရင်း လက်ဗလာဖြင့် ချုံပုတ်များထဲမှ ပြန်ထွက် လာသည်ကို တွေ့ရသည်။

“အခါ” လူမျိုး တယောက်မျှ မဲနယ်ရောင် ရိုးရာဝတ်စုံ မဝတ်သည်ကိုလည်း ကျမ သတိပြုမိသည်။ အမျိုးသမီးများ ကလည်း ပုတီးစေ့များ၊ ငွေပြားများဖြင့် ဆင်ယင်ထားသည့် ခေါင်းပေါင်း ပေါင်းထားသူ တယောက်မျှ မတွေ့ရပါ။ အားလုံးက ကျိုင်းတုံဈေးတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် ဈေးချိုပြီး အသုံးဝင်သော အဝတ်အထည်များ ဖြစ်သည့် တီရှပ်များ၊ အမျိုးသမီးများက ချည်လုံချည်များ၊ အမျိုးသားများက ဘောင်းဘီရှည်များ ဝတ်ဆင် ထားကြသည်။

ထို့ကြောင့်ပင်လျှင် အမှတ်တမဲ့ နေလေ့ရှိသော နိုင်ငံခြားသား ခရီးသွားများက အွန်းလိုင်းမှ ခရီးသွားဖိုရမ်များတွင် “အခါ” လူမျိုးများ၏ ရိုးရာမှာ ခေတ်မီခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်ပြီး အစစ်အမှန် မဟုတ် စသည်ဖြင့် ပြောဆိုနေကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ရှမ်းပြည်နယ်ရှေ့ပိုင်းတွင် ဖွံ့ဖြိုး တိုးတက်လာသော ခရီးသွားလုပ်ငန်း၏ အလားအလာက ဝင်ရောက် လာသော နိုင်ငံခြား ခရီးသည်များ၊ ခရီးသွားလုပ်ငန်းများနှင့် ကျေးလက်ပြည်သူများ ကိုယ်တိုင်၏ အမူအကျင့်များ၊ မျှော်လင့်ချက်များ ပေါ်တွင် မူတည်နေပါသည်။

လမ်းညွှန်

တာချီလိတ်မှ ဘတ်စ်ကားများသည် နံနက် ၈ နာရီတချိန်နှင့် နေ့ခင်းတချိန် ထွက်ပါသည်။ လက်မှတ် ဈေးနှုန်းမှာ ၁ သောင်း ကျပ် ဖြစ်ပါသည်။

တာချီလိတ် (သို့) ဟဲဟိုးနှင့် ကျိုင်းတုံသို့ ပျံသန်းသည့် လေကြောင်းလိုင်း အနည်းငယ်ရှိပြီး ခရီးစဉ်တကြောင်း အတွက် ဒေါ်လာ ၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။ လေယာဉ် အချိန်ဇယား အတွက် Air KBZ နှင့် ပြည်တွင်း လေကြောင်းလိုင်း များတွင် စုံစမ်းနိုင်ပါသည်။ လက်ရှိတွင် နိုင်ငံခြားသားများအား ကျိုင်းတုံ ဧရိယာကို ကျော်လွန်၍ သွားခွင့် မပြုထားပါ။

အစားအသောက်

ကျိုင်းတုံမှ အစားအသောက်များသည် မြန်မာ နိုင်ငံတွင် သာမန်အဆင့် မကပါ။ နံနက်စာ အတွက် မြို့လယ် မနက်ဈေး တွင် ဂျုံခေါက်ဆွဲ (သို့) ဖက်ထုပ် ပြုတ်၊ ဘိန်းမုန့်၊ ပလာတာနှင့် တခြား အစားအစားများလည်း ရှိပါသည်။ နေ့လယ်စာနှင့် ညစာအတွက် Lod Htin Lu စားသောက်ဆိုင်တွင် တရုတ်အစား အစာများ ရနိုင်ပါသည်။ နောင်တုံကန် အရှေ့ကမ်းရှိ Don’t Forget စားသောက်ဆိုင်တွင် လတ်ဆတ်သော သစ်သီးဖျော်ရည်နှင့် ရေခဲမုန့်များ ရနိုင်ပါသည်။

ညအိပ်ညနေ

မြို့လယ်ရှိပြီး သန့်ရှင်း၍ ဈေးသက်သာသော အခန်းများတွင် တည်းခိုလိုပါက Law Yee Chain ဟိုတယ်နှင့် Sam Yweat ဟိုတယ်တို့ ရှိပါသည်။ ခရီးသွား ရာသီပေါ် မူတည်၍ တညလျှင် ဒေါ်လာ ၂၀ မှ ၅၀ အထိ ပေးရသည်။ Sam Yweat တည်းခိုခန်းသည် တညလျှင် ၁၅ ဒေါ်လာသာ ကျပြီး မြို့ပြင် လေဆိပ်လမ်းပေါ်တွင် တည်ရှိသည်။ The Princess ဟိုတယ်၏ တညတည်းခိုခမှာ ဒေါ်လာ ၄၀ ဖြစ်သည်။

The Irrawaddy - Burmese Edition

No comments:

Post a Comment